သတင်း

မြောင်းမြထောင်ထဲသို့ မူးယစ်ဆေး သယ်ဆောင်သူ ထောင်ဝန်ထမ်း အဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့ရှိ အကျဉ်းထောင် အတွင်းသို့ မူးယစ်ဆေးဝါး သယ်ဆောင်ရန် ကြိုးပမ်းသည့် မြောင်း မြ အကျဉ်းထောင် ဝန်ထမ်းတဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၆ ရက် ညနေပိုင်းတွင် သက်သေခံ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိသည်။

မြောင်းမြ အကျဉ်းထောင်မှ အကျဉ်းဦးစီး တပ်သား အဆင့်ရှိသူ အောင်ပိုင်ဖြိုး (အသက် ၂၀ နှစ်) မှာ အကျဉ်းထောင် အ တွင်းသို့ တာဝန် ထမ်းဆောင်ရန် ဝင်ရောက်လာစဉ် ၎င်းစီးနင်းလာသည့် ကတ္တီပါ ဖိနပ်အား အကျဉ်းထောင် တာဝန်ရှိသူ များက မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ ဖိနပ်အတွင်း လျှို့ဝှက် သယ်ဆောင်လာသည့် WY စိတ်ကြွရူးသွပ်ဆေးပြား ၂၄၄ ပြား နှင့် Ice ဟု ယူဆရသည့် ပုံဆောင်ခဲ ၁ ခဲတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“ထောင်ဝန်ထမ်း အောင်ပိုင်ဖြိုးက ည ဘက် ဂျူတီတာဝန် ထမ်းဆောင်ဖို့ ထောင်ထဲကို ဝင်လာတဲ့အချိန်မှာ ထောင်ဘူးဝမှာ အကျဉ်းထောင် တာဝန်ရှိသူတွေက စစ်ဆေးလိုက်တော့ သူစီးလာတဲ့ ဖိနပ်ရဲ့ကတ္တီပါစအောက်မှာ ပလပ်စတစ် ပိုက်ထဲထည့်ပြီး ဖွက်ယူလာတဲ့ မူးယစ်ဆေး ဝါးတွေကို စစ်ဆေး တွေ့ရှိရပါတယ်။ ဒါကြောင့် အကျဉ်းထောင် တာဝန်ရှိသူတွေက ရဲတပ်ဖွဲ့ထံ အကြောင်းကြားတဲ့အတွက် ထောင်ဝန်ထမ်း အောင်ပိုင်ဖြိုးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ထောင်ဝန်ထမ်း အောင်ပိုင်ဖြိုးထံမှ မြောင်းမြ အကျဉ်းထောင်ထဲသို့ ပို့ဆောင်မည့် ကာလတန်ဖိုး ၇၃၂၀၀၀ ကျပ် တန်ကြေး ရှိ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၄၄ ပြားနှင့် အဖြူရောင် Ice ပုံဆောင်ခဲ ၀ ဒသမ ၁ ဂရမ်တို့ကို ရဲတပ်ဖွဲ့က သိမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများ ဖွက်၍ သယ်ဆောင်လာသည့် ကတ္တီပါဖိနပ် (ဓာတ်ပုံ -ဧရာဝတီ)

မြောင်းမြမြို့မ ရဲစခန်းမှ ထောင်ဝန်ထမ်း အောင်ပိုင်ဖြိုးအား စစ်ဆေးခဲ့ရာ အဆိုပါ မူးယစ်ဆေးဝါးများကို မြောင်းမြ မြို့ အမှတ် ၁၀ ရပ်ကွက် သူဌေးကုန်း ရပ်နေ ထောင်ဝန်ထမ်းဟောင်း သန့်ဇင်အောင် (၂၅ နှစ်) မှ မူးယစ်ဆေးသယ်ခငွေ ၁ သိန်းကျပ် ပေး၍ ပြစ်ဒဏ် ကျခံနေရသူ အကျဉ်းသား တင်ကိုကို (၃၅ နှစ်) ထံ ပေးပို့ခိုင်းခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ် ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က အကျဉ်းထောင် ဝန်ထမ်းဟောင်း သန့်ဇင်အောင်ကို ကွင်းဆက် တရားခံအဖြစ် ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်း၏ နေအိမ်မှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားကိုလည်း ထပ်မံ သိမ်းဆည်းရမိ ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံကသိရသည်။

မြောင်းမြမြို့ခံ ဦးရွှေမှိုင်းက“အကျဉ်းထောင်ဆိုတာ လုံခြုံရေး အထပ်ထပ်ရှိတဲ့ နေရာပါ။ ဒီလိုနေရာမျိုးကို မူးယစ်ဆေးဝါး သွင်းဖို့ လုပ်တယ်ဆိုတော့ ထောင်အပြင်ဘက် မြောင်းမြမြို့ထဲမှာ မူးယစ်ဆေးဝါးတွေ ဘယ်လောက်ပေါများနေသလဲ ဆို တာ စဉ်စားသာ ကြည့်ပေတော့။ ထောင်ဆိုတာ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးတဲ့နေရာပါ။ ပြစ်မှုကျူးလွန်သူတွေ လုံလုံခြုံခြုံနဲ့ မူးယစ်ဆေးသုံးတဲ့နေရာ မဖြစ်သင့်ပါဘူး။ ဒီလို ဖြစ်စဉ်တွေကို နိုင်ငံတော်က စနစ်တကျ တားဆီးကြပ်မတ်ဖို့ အရမ်းလိုအပ်နေပါပြီ”ဟု ပြောသည်။

မြောင်းမြထောင်ထဲသို့ မူးယစ်ဆေး ခိုးသွင်းရန် ကြိုးပမ်းသူ ထောင်ဝန်ထမ်း အောင်ပိုင်ဖြိုး၊ မူးယစ်ဆေး ပို့ဆောင်ခိုင်းသူ သန့်ဇင်အောင်နှင့် မြောင်းမြထောင် အတွင်းမှ အကျဉ်းသား တင်ကိုကို တို့အား မြောင်းမြမြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၉ (က)၊ ပုဒ်မ ၂၁ တို့ဖြင့် အမှုဖွင့် စစ် ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် မြောင်မြအကျဉ်းထောင်မှ ဒုလက်ထောက် ကြီးကြပ်ရေးမှူး ဦးမောင်စန်း မှ ထောင်ကျ အကျဉ်းသား စိုးနိုင်အတွက် သယ်ယူလာသည့် ထောင်ဝင်စာထုပ်ထဲမှ WY စိတ်ကြွရူးသွပ် ဆေးပြား၂၂၇၆ ပြား ဖမ်းဆီးရမိခဲ့သည့်အတွက် ထောင်ဝန်ထမ်း ဦးမောင်စန်းနှင့် အကျဉ်းသား စိုးနိုင်တို့အား မူးယစ်ဆေးဝါးဥပဒေဖြင့် အရေးယူခဲ့သည်။

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ မြောင်းမြအကျဉ်းထောင်၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ထောင်ဝင်စာ ပါဆယ်ထုပ်မှ တဆင့် ထောင်အတွင်းသို့ မူးယစ်ဆေးဝါးသွင်းရန် ကြိုးပမ်းမှု ၄ မှု ဖမ်းဆီးရမိခဲ့ပြီး အကျဉ်းထောင် အတွင်း ထောင်ဒဏ်ကျနေသည့်အကျဉ်းသားထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၁ မှု၊ စုစုပေါင်း မူးယစ်မှု ၅ မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

You may also like these stories:

AA နှင့် ဆက်စပ်သူ ၆ ဦးအား အကြမ်းဖက် ဥပဒေနှင့် စွဲချက်အမိန့်ချ

မန်စီမြို့နယ် ၅ လောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ ၃ ဦး KIA ဖမ်းဆီး စစ်ဆေး

၁၂ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သူအား ဖမ်းဆီး

Did you find apk for android? You can find new Free Android Games and apps.
Loading