COVID 19 ကာလ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် အစိုးရ ဝယ်ယူထားသော နိုင်ငံတော် အရန်ဆန်ကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ လူတန်းစားများသို့ သက်သာသော ဈေးနှုန်းနှင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ အဆိုအရ ရောင်းချမည့် ဆန်မှာ ဆန်လုံးရှည် ဧည့်မထဖြစ်ပြီး ဈေးနှုန်းမှာ ဆန် ၁ ပြည်လျှင် အမြင့်ဆုံး ကျပ် ၁၁၀၀ မှ အနိမ့်ဆုံး ကျပ် ၁၀၀၀ အထိ သတ်မှတ်၍ မကြာမီ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က “ဆန်ရဲ့ သဘာဝအရက ၃ လလောက်အထိပဲ လှောင်လို့ ရတယ်။ ၃ လ ကျော်သွားမယ်ဆိုရင် အလေးချိန် လျော့နည်းမှုတွေ ဆုံး ရှုံးမှုတွေ ဖြစ်လာတယ်။ အခုက သိုလှောင်ထားတာ နှစ်လလောက် ဖြစ်လာဖြစ်ဆိုတော့ ထုတ်ပြီး ဆန်တွေ ပြန်လဲလှယ် တာ ဖြစ်တယ်” ဟု ပြောပြသည်။
ပြီးခဲ့သည့် ဧပြီလကုန်နှင့် မေလဆန်းပိုင်းတွင် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် တောင်သူ လယ်သမားများ စပေါ်ချိန် ဝင်ငွေ မကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဝယ်ယူထားသော အရန်ဆန်လုံးရှည် ဧည့်မထ အမျိုးအစား ဆန်တန်ချိန် ၅ သောင်းထဲမှ တန်ချိန် အချို့ကို ရောင်းချပေးခြင်း ဖြစ်သည်။
နိုင်ငံတော် အရန်ဆန်များကို ထုတ်ရောင်းရန်အတွက် အမျိုးသား အဆင့် ဗဟို ကော်မတီကို တင်ပြခဲ့ပြီး ကော်မတီ၏ ခွင့်ပြုချက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို မျှတစွာ ရောင်းချမည် ဖြစ်ကြောင်း ဦးခင်မောင်လွင်က ဆိုသည်။
ဆက်လက်၍ ၎င်းက “ပထမတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာပဲ သိုလှောင်ထားတဲ့ နေရာတွေမှာ သက်သာတဲ့ ဈေးနဲ့ ဆန်တပြည် ကျပ် ၁၀၀၀ နဲ့ ရောင်းမယ်ဆိုပြီး တင်ပြတဲ့အပေါ်မှာ အမျိုးသားအဆင့် ဗဟိုကော်မတီက တိုင်းနဲ့ ပြည် နယ် အကုန်လုံးမှာ မျှတစွာ ရောင်းဖို့ စီစဉ်နိုင်ရင် ပိုကောင်းတယ် ဆိုတာကြောင့် လက်ရှိမှာတော့ ထပ်ပြီး ပြည်နယ်နဲ့ တိုင်း တွေမှာ ရောင်းချဖို့ စီစဉ်နေတာ” ဟု ဆက်လက်ရှင်းပြသည်။
ထို့ကြောင့် လက်လီဆန် အရာင်းဆိုင်များမှတဆင့် လူတန်းစားမရွေး ဝယ်ယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ်နှင့် စီစဉ် ဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကလည်း ဆန်အရောင်း လက်လီဆိုင်များမှတဆင့် စက်မှုဇုန်များရှိ အလုပ်သမား အရေ အတွက်များသော စက်ရုံ အလုပ်သမား မိသားစုများသို့ နိုင်ငံတော် အရန်ဆန် ရောင်းချနိုင်ရန်အတွက် သက်သာသည့် ဈေးနှုန်းနှင့် ရောင်းချပေးမည် ဖြစ်ကြောင်း ဇူလိုင်လ ၇ ရက်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက “အရန်ဆန်တွေကို လက်လီဆိုင်တွေကို ရောင်းဖို့ အစည်းဝေးလုပ်နေတုန်း။ ဘယ်တော့ ရောင်းမလဲဆိုတာ အချိန်တော့ မပြောသေးဘူး။ ထုတ်ရောင်းဆန်တန်ချိန် ကတော့ ဝန်ကြီးဌာနက ဝယ်ထားတဲ့အချို့ကို ရောင်းမှာပါ။ ပမာဏကိုလည်း ပြောလို့မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ထုတ်ရောင်းခြင်းက ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် အထောက်အကူပြုကြောင်း ၎င်းက ပြောသည်။
စက်ရုံ၊ အလုပ်ရုံ အလုပ်သမား မိသားစုများအတွက် စက်မှုဇုန် ကော်မတီများက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ ဆက် သွယ်လာပါက ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
တဆင့် ပြန်လည် ရောင်းချပေးမည့် လက်လီဆိုင်များအနေနှင့် ဆန် ၁၀၈ ပေါင် တအိတ်၊ ကျပ် ၂၂၈၀၀ နှင့် တကြိမ်လျှင် ဆန်အိတ်ရေ စုစုပေါင်း၂၀၀ အထိ အများဆုံး ဝယ်ယူ၍ ပြန်လည် ရောင်းချနိုင်မည် ဖြစ်ပြီး ရောင်းချမှုအား စနစ်တကျ ဖြစ် စေရန် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ စားသုံးသူရေးရာ ဦးစီးဌာနများက စစ်ဆေးကြီးကြပ်သွားမည် ဖြစ် ကြောင်း သိရသည်။
ဘုရင့်နောင်ရှိ အိုကေ ဆန်ပွဲရုံမှ ပိုင်ရှင် မမော်က “နိုင်ငံတော်က ရောင်းပေးတဲ့ ဆန်က ပြည်ပပို့တဲ့ ၂၅ မှတ်တန်ဆိုတော့ အရည်အသွေးတော့ ကောင်းပါတယ်။ သူက ရောင်းတော့ ရောင်းရပေမယ့် အရမ်း ရောင်းရတဲ့အထဲမှာတော့ မပါဘူး။ ရန်ကုန်က လူတွေက ဆန်ချော စားကြတာများတော့ နယ်ကလူတွေအတွက် ပိုရောင်းရမယ်။ ဈေးကတော့ ၂၀၀၊ ၃၀၀ လောက်တော့ ကွာမှာပေါ့။ အခြေခံလူတန်းစားတွေ သက်သက်သာသာ စားသုံးရမှာ ဖြစ်တဲ့အတွက် ကောင်းပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဧည့်မထ အုပ်စုဝင် ဆန် ၁ အိတ်လျှင် ကျပ် ၂ သောင်းခွဲမှ ၂ သောင်း ၇ ထောင်အထိ ဈေးနှုန်းအသီးသီး ရှိကြောင်း ဘုရင့်နောင် ဈေးကွက်က သိရသည်။
လက်ရှိတွင်လည်း နိုင်ငံတော် အရန်ဆန်အနေနှင့် ပြည်ပတင်ပို့သည့် ဆန်ကုမ္ပဏီများထံက ၅ ရာခိုင်နှုန်းကို ဝန်ကြီးဌာန က ဝယ်ယူလျက် ရှိနေသည်။
ပြည်တွင်း၌ ဇွန်လအတွင်း ဧည့်မထအမျိုးအစား ဆန် ၅ မှတ်တန် ၁ အိတ်လျှင် ကျပ် ၂၃၅၀၀၊ ၂၅ မှတ်တန် ဆန် ၁ အိတ် လျှင် ၂၁၅၀၀ မှ ၂၂၀၀၀ ထိ ပေါက်ဈေး ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
ဆက်စပ်ဖတ်ရှုရန်
ပြည်ပသို့ ဆန်တင်ပို့မှု ကန့်သတ်ချက်များ ဖြေလျှော့ပေး
တိုင်းနှင့် ပြည်နယ်များသို့ အရေးပေါ် အရန်ရိက္ခာ ဖြန့်ဝေရန် စီစဉ်
Covid-19 ကြောင့် ကုန်ဈေးနှုန်း ရိုက်ခတ်မှုမရှိစေရန် အစိုးရက အရန်ဆန်နှင့် ဆီ ဝယ်ထားမည်