ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ တဖက်နိုင်ငံမှတဆင့် တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင် ၂၃ ဦးကို လဝက ဥပဒေဖြင့် တရား စွဲဆိုခဲ့ပြီး မောင်တောမြို့နယ်တရားရုံးနှင့် ဘူးသီးတောင်မြို့နယ်တရားရုံးတို့က ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ ထောင်ဒဏ် ၆ လ စီ အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းပေးပို့ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများအနက် ပထမအသုတ် အနေဖြင့် မွတ်စလင် ၄၄ ဦးအား ယခုလ အစကပင် တရားမဝင် ဝင်ရောက်မှု လဝက ဥပဒေ ပုဒ်မ ၁၃ ( ၁ )၊ အားပေး ကူညီမှု ၁၃ ( ၅ ) တို့ဖြင့် အသီးသီး အမှုဖွင့်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ထိုလူများအနက် ထောင်ဒဏ် ချမှတ် လိုက်သည့် ၂၃ ဦးမှာ တရားမဝင် ၁၉ ဦးနှင့် အားပေး ကူညီသူ ၄ ဦးတို့ ဖြစ်ကြောင်း မောင်တောခရိုင်လဝကရုံးမှ ဒုညွန်ကြား ရေးမှူး ဦးထိန်လင်းက ပြောသည်။
ဒုညွန်ကြားရေးမှူး ဦးထိန်လင်းက “ ကျနော်တို့က ဖမ်းထားတာတော့ မဟုတ်ဘူးဗျ။ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက လူစာရင်း တွေပေးပြီး တရားစွဲဖို့ ညွန်ကြားလာတဲ့အတွက် ကျနော်တို့က စိစစ်ပြီး အရေးယူတာ။ အခုကတော့ တရားမဝင် ဝင်ရောက်မှုနဲ့ ၁၉ ဦးနဲ့ အားပေးကူညီမှုနဲ့ ၄ ဦးကို တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်တာရှိတယ်။”ဟု ဧရာဝတီသို့ ပြောသည်။
ပထမအသုတ်အနေဖြင့် ၄၄ဦးကို တရားစွဲရာတွင် ၁၂နှစ်အောက်နှင့် ၁၈နှစ်အောက် ကလေးများ ပါနေသည့်အတွက် ကလေးသူငယ်ဥပဒေဖြင့် တရားစွဲခဲ့ပြီး အာမခံပေးခြင်းများလည်း ရှိကြောင်း၊ တချို့အား မိဘအုပ်ထိန်းသူများ လက်သို့ ပြန်လည်လွှဲပေးခဲ့ကြောင်း၊ တချို့မှာ Quarantine ဝင်နေသူများလည်း ပါဝင်နေသည့်အတွက် အသေးစိတ် ပြန်လည် စိစစ် နေကြောင်း သူက ဆက်လက်ရှင်းပြသည်။
ယင်း ၄၄ ဦးထဲတွင် ကိုဗစ်ပိုးတွေ့ရှိသူများလည်း ပါဝင်နေသဖြင့် ဆေးကုသမှု ခံယူနေရသကဲ့သို့ ယင်းတို့အနက် လူ ၃ ဦးမှာ လက်ရှိ ဆေးစစ်ချက်များ အရ ရောဂါပိုး မတွေ့ရတော့သော်လည်း Quarantine ဝင်ခိုင်းထားဆဲဖြစ်ကြောင်း သိရသည်။
တဖက်နိုင်ငံ နယ်စပ်မှ တရားမဝင် ဝင်လာသူများအား တရားစွဲဆိုသည့် လဝက ဥပဒေ ပုဒ်မ ၁၃ ( ၁ ) ၊ ၁၃ ( ၅ ) တို့မှာ ပြစ်မှုထင်ရှားပါက ထောင် ဒဏ် ၆ လမှ ၇ နှစ်အထိ ချမှတ်နိုင်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါအတွက် အများပြည်သူများ စိုးရိမ်နေကြရာ မောင်တောနယ်စပ် တံခါးများ လုံခြုံမှု မရှိသည့်အပေါ် ဒေသခံ လူထုကြားတွင် ဝေဖန်မှု မြင့်တက်လျှက် ရှိရာ နယ်စပ်လုံခြုံရေး တိုးမြှင့် ချထားပေးရန် ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ကော်မတီမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ စာထုတ်ပြန်ထားကြောင်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
လက်ရှိအချိန်တွင် တဖက်နိုင်ငံမှ တရားမဝင် ရောက်ရှိသူများကို ဥပဒေနှင့်အညီ ကိုင်တွယ်ကာ အရေးယူမှုများ လုပ်ဆောင်နေသည့်အတွက် ယခုရက်ပိုင်းတွင် နယ်စပ်မှ ထပ်မံ တရားမဝင် ရောက်ရှိသူ မရှိကြောင်းလည်း ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆက်လက်ပြောကြားသည်။
တဖက်နိုင်ငံမှ မောင်တောခရိုင်အတွင်းသို့ တရားမဝင် ရောက်ရှိလာသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး ရမိခြင်း မဟုတ်ဘဲ ကျေးရွာသားများ သတင်းပို့ပြီး လာရောက် အပ်နှံမှသာ သက်ဆိုင်ရာဌာနဆိုင်ရာများက သိရှိခြင်း ဖြစ်သည်ဟု ဘူးသီးတောင်မြို့ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ထောက်ပြ ဝေဖန်သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ နယ်စပ်ကနေ ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက်ဖြစ်နေတယ်။ ကျနော်တို့ ပြောပေါင်းလည်း များနေပြီ။ အစိုးရက ဒီလိုပဲ လက်ခံနေမယ်ဆိုရင်လည်း လက်ခံပါ။ ပြီးရင်တော့ သူတို့ကို ရခိုင်ပြည်နယ်တခုတည်းမှာ မထားဘဲ လွတ်လပ်စွာ သွားခွင့်ပြုလိုက်ပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မောင်တော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် တဖက်နိုင်ငံ ရောက်ရှိသွား သူများ အနေဖြင့် မိမိဆန္ဒ အလျောက် ပြန်လည်ဝင်ရောက်ခဲ့လာရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများထံ တရားဝင် သတင်းပို့ပြီး လျှောက်လွှာများ တင်ကာ စိစစ် လက်ခံမှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက် သက်ဆိုင်ရာဌာနဆိုင်ရာများက ဒေသအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ၊ အကြမ်းဖက် ဖြစ်စဉ် ကြောင့် တဖက်နိုင်ငံသို့ ရောက်ရှိသွားခြင်း ဟုတ်၊ မဟုတ်၊ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့မှု ရှိ၊ မရှိ စသည့် အချက်အလက်များကို စိစစ်ပြီး ပြန်လက်ခံခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉ ရောဂါပိုး စတင်တွေ့ရှိသည့် အချိန်ကစပြီး မောင်တော်နယ်စပ်ကို ပိတ်ကာ ပြန်လည်လက်ခံရေး လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားသည့်အတွက် ယခုပြန်လည် ဝင်ရောက်လာသူများမှာ တရားမဝင် ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း ဒေသအာဏာပိုင်များက ပြောဆိုထားသည်။
မောင်တောအရေးခင်းကြောင်း တဖက်နိုင်ငံသို့ ရောက်ရှိသွားများသူများ အနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တဦးတယောက်မှ ပြန်လည် ဝင်ရောက်လာမှုမရှိသေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိ ဆန္ဒအလျှောက် တရားဝင် သတင်းပို့ကာ ပြန်လည်ဝင်ရောက်လာသူ ၆၀၀ ကျော်ရှိကြောင်းလည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တရားမဝင် ဝင်လာသူများမှ ပိုးတွေ့သူ ပါ၍ မောင်တောဒေသခံတချို့ ဆန္ဒပြ
ရခိုင် မြောက်ပိုင်းမှ မြောင်းမြသို့ တရားမဝင် ဝင်လာသည့် မွတ်စလင်များ ဖမ်းမိ
မြောင်းမြသို့ အထောက်ထားမဲ့ မွတ်စလင်များ ခေါ်ဆောင်လာသူ ၈ ဦးကို ဖမ်းဆီး စစ်ဆေး
မြန်မာ – ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်ဂိတ်များမှ လူဝင်ထွက်ခွင့် ယာယီ ရပ်ဆိုင်း