သတင်း

နိုင်ငံတကာ လေကြောင်းလိုင်းများ အောက်တိုဘာ၌ ပြန်ဆင်းခွင့်ပြုဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာ လေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ ဆင်းသက်ခွင့်ကို လာမည့် အောက်တိုဘာလခန့်မှသာ ပြန်လည် စတင် နိုင်ဖွယ် ရှိကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်က ပြုလုပ်သည့် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၀) အစည်း အဝေးတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲခြင်းနှင့် လေဆိပ်များ ပြန်လည် ဖွင့်လှစ်ခြင်းကို ယခုနှစ် တတိယ ၃ လပတ် နောက်ပိုင်းမှသာ မျှော်လင့်နိုင်ကြောင်း ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

ခရီးသွားလာရေး လုပ်ငန်းများအတွက် ပြန်လည် စတင် ဖွင့်လှစ်ခြင်းအဆင့်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက အာဆီ ယံနိုင်ငံများ၊ အာရှနိုင်ငံများသို့ ခရီးသွားလုပ်ငန်းဆိုင်ရာ ကြေညာခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး၊ တိုက်ရိုက် လေကြောင်း ရှိသည့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့်လည်း အပြန်အလှန် ခရီးသွားလာရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက် (Travel Bubble) လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် COVID 19 ကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအို တို့ကို တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါ COVID 19 ကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်ခွင့်ကို မတ်လ ၃၁ ရက်ကမှ စတင် ပိတ်ထားခဲ့ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လက်ရှိ ကြေညာထားချက်အရ ဇူလိုင်လ ၃၁ ရက်အထိ ပိတ်ထားလျက် ရှိသည်။

ယင်းသို့ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ခွင့် မပြုသေးသည့်အပေါ် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ဝေဖန် ပြောဆိုကြသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) ၏ အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းက “အောက်တိုဘာလ လောက်အထိဆိုရင် လေကြောင်းလိုင်းတွေရော၊ လေဆိပ် ကုမ္ပဏီရော ခရီးသွားလုပ်ငန်းတွေရော အကုန်ယိုင်လဲ ပြိုကွဲ သွားနိုင်တဲ့ အနေအထား ရှိသွားမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လေကြောင်းလိုင်း လုပ်ငန်းများသည် နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတကာ တွင် လုပ်ဆောင်နေပြီ ဖြစ်သော လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်ကြရမည်ဖြစ်ပြီး အခြား နိုင်ငံများ ပြန်လည် ဖွင့်လှစ်နေချိန်တွင် မိမိ တနိုင်ငံတည်း ပိတ်ထား၍ မရကြောင်း ၎င်းက ပြောဆိုသည်။

၎င်းက “ကိုယ့်တနိုင်ငံတည်း ပိတ်ထားလို့လည်း မရဘူးလေ။ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး လုပ်ရမှာဖြစ်တဲ့အတွက် ဒုသမ္မတ ရဲ့အခုလို မှတ်ချက်က အချိန်စောပြီး ပြောလိုက်တယ်လို့ မြင်တယ်” ဟု ဆိုသည်။

ဒေသတွင်း နိုင်ငံတချို့သည် ၎င်းတို့ နိုင်ငံသို့ လာရောက်မည့်သူများကို ကျန်းမားရေးဆိုင်ရာ ထောက်ခံချက်များ တောင်းခံ ခြင်း၊ ကျန်းမာရေး အာမခံများ ထားရှိစေခြင်း၊ လေဆိပ်များတွင် COVID 19 ရောဂါပိုး စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းများ ထားရှိခြင်း အစရှိသည့် လုပ်ဆောင်ချက်များဖြင့် လေဆိပ်များကို ပြန်လည် ဖွင့်လှစ်ထားခြင်းနှင့် ခရီးသွားများ လက်ခံမည့် အစီအစဉ်များကိုလည်း လုပ်ဆောင်လျက် ရှိသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ဗီယက်နမ်နိုင်ငံမှ ဦးဆောင်၍ အွန်လိုင်းမှ ပြုလုပ်သော ၃၆ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေး နွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများတွင် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ကိုဗစ်အလွန်တွင် အာဆီယံနိုင်ငံများ အနေဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်ဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း Bangkok Post သတင်း တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ COVID 19 အမြစ်ပြတ်သွားဖို့ကို ကျနော် တို့ စောင့်နေလို့ မရတော့ဘူးလို့ ထင်တယ်။ အမြစ်ပြတ်သွားမှဆိုရင် ကျနော်တို့ ခရီးသွားလုပ်ငန်းတွေက လုပ်စားဖို့ကို မရှိတော့ ဖြစ်သွားလိမ့်မယ်။ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့ ကမ္ဘောဒီးယား တို့ဆိုရင် လာမယ့်ဧည့်သည်ကို တားဆီး တာမျိုး မဟုတ်တော့ဘဲနဲ့ လာမည့် ဧည့်သည်ကို လိုအပ်တဲ့ ထိန်းချုပ်မှု လုပ်မယ်ဆိုတဲ့ ပုံစံမျိုးပဲကို နိုင်ငံတွေက အကုန် သွားနေကြပြီ” ဟု ပြောဆိုသည်။

လက်ရှိ အချိန်၌ပင် ခရီးသွား လုပ်ငန်းများသည် ရပ်တည်နိုင်ရန် ခက်ခဲစွာ ရပ်တည်နေရပြီး ယခုလို နှစ်ကုန်ပိုင်းခန့်မှသာ လေကြောင်းလိုင်းများ ပြန်လည် ဖွင့်လှစ်သွားမည် ဆိုပါက ခရီးသွား လုပ်ငန်း အများစုများ ပိတ်သိမ်းသွားရဖွယ် ရှိကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲခြင်းနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများကို မေးမြန်းရာတွင် ဆက်သွယ်၍ မရပေ။

လတ်တလောတွင် မြန်မာနိုင်ငံ အနေဖြင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ကျန်းမာရေး လုပ်ငန်းဆိုင်ရာ လေယာဉ်များနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထောက်ခံချက်ပေးထားသော အထူးလေယာဉ်များ ကို ဆင်းသက်ခွင့်ပြုထားခြင်း အပြင် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ပြန်လည် ပြေးဆွဲခွင့် ပေးထားလျက် ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် COVID 19 ရောဂါကြောင့် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများတွင် ပိတ်မိနေသော မြန် မာ နိုင်ငံသားများကို ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံများကို ဆုံရပ်နိုင်ငံများအဖြစ် သတ်မှတ်ပြီး ကူညီကယ် ဆယ်ရေး ခရီးစဉ်များဖြင့် ပြန်လည် ခေါ်ယူပေးလျက် ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၈ ရက် နောက်ဆုံး ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ ၃၁၆ ဦး ရှိပြီး ပြန်လည် ပျောက်ကင်းသက်သာသူ ၂၅၀ ဦးအထိ ရှိကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

ထိုင်းမှာ နိုင်ငံတကာလေကြောင်းလိုင်းများ စတင် ပျံသန်းတော့မည်

အထိနာ ပြည်တွင်းခရီးသွားလုပ်ငန်း ရုန်းထရန် ကြိုးစားနေရ

နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲခွင့် ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်

Did you find apk for android? You can find new Free Android Games and apps.
Loading