ရွှေတူးဖော်ရေးကုမ္ပဏီထံမှ ကျပ်သိန်း ၇၀ ယူူမှုဖြင့် ရာဇသတ်ကြီး ပုဒ်မ ၁၆၅ အရ အရေးယူခဲ့သည့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့်သာ အရေးယူပေးရန် မန္တလေးတိုင်း ဥပဒေချုပ်ရုံးမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးထံသို့ ထပ်မံ တင်သွင်းမည်ဟု သိရသည်။
ဦးသံဒိုင်ကို ယမန်နှစ် ဧပြီလက အဂတိ လိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်မှ ပုဒ်မ ၅၆ အရ တရားစွဲခဲ့သော်လည်း မန္တလေးတိုင်း တရားရုံးက ရုံးချိန်းပေါင်း ၅၁ ကြိမ် စစ်ဆေးပြီး၊ အဂတိမှုမမြောက်ဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၆၅ ဖြင့်သာ အမှုတမှုလျှင် ထောင် ၆ လစီ ကျခံစေရန် ၂၀၂၀၊ ဇွန်လ ၄ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်၊ ယခုအခါ ဦးသံဒိုင်မှာ ချုပ်ရက်ထုတ်နှုတ်ခံစာခွင့် ပေးသဖြင့် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်အတွင်းက မန္တလေးတိုင်း ဥပဒေချုပ်ရုံးမှ ယင်းအမှုကို အဂတိ လိုက်စားမှု တိုက် ဖျက်ရေးဥပဒေဖြင့်သာ အရေးယူပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးထံတင်ပြခဲ့ပြီး ဖြစ်သလို ယခုအခါ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးသို့ပါ တင်သွင်းရန် စီစဉ်လာခြင်းဖြစ်သည်။
မန္တလေးတိုင်းဥပဒေချုပ်ရုံး အရာရှိ ဦးတင့်မြင်ဦးက “အဂတိနဲ့ ပြစ်ဒဏ်ချပေးဖို့ ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ရှေ့နေချုပ်ရုံးကို အမှုတွဲ ပေးပို့ထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ တင်သွင်းမယ်ဆိုတဲ့အကြောင်းပြန်ချက်လည်း ရပြီးပါပြီ” ဟု ဧရာဝတီကို ပြောသည်။
ဦးသံဒိုင်အမှုနှင့်ပတ်သက်၍ အမိန့်ချပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်မှုတက်ရန် မန္တလေး တိုင်းဥပဒေ ချုပ်ရုံးက ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ တင်ပြခဲ့ပြီးဖြစ်ရာ ထိုမှတဆင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပေးပို့ကာ အမှုကြားနာမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဂတိနဲ့ စွဲထားတဲ့ အမှုဖြစ်တဲ့အတွက် အဂတိနဲ့ပဲ ပြစ်ဒဏ်ချပေးဖို့ တိုင်းဥပဒေချုပ်ရုံးရဲ့ တာဝန်အရ ကိုယ့်မိခင် ဌာနဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပြင်ဆင်မှုထပ်တက်ခြင်းဖြစ်ပါတယ်။ ကျန်တာကတော့ ပြည်ထောင်စု အဆင့်ဌာနအချင်းချင်းဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု တိုင်းဥပဒေ အရာရှိ ဦးတင်မြင့်ဦးက ရှင်းပြသည်။
ဦးသံဒိုင်အား ယခင်ကစွဲချက်တင်ထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် နိုင်ငံရေး ရာထူးလက်ရှိ ဖြစ်သူမှ အပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ (သို့မဟုတ်) လုပ်ပိုင်ခွင့် အာဏာ ရှိစဉ်က မည်သူမဆို အဂတိ လိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ် ထက် မပိုသောထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
သို့သော် ဦးသံဒိုင်အား ပြစ်ဒဏ်ချမှတ်လိုက်သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၆၅မှာ ပြည်သူ့ ဝန်ထမ်းဖြစ်သူ တဦးဦးက (က) မိမိဆောင်ရွက်သော၊ ဆောင်ရွက်အံ့ဖြစ်သောအမှုအခင်းကိစ္စနှင့် ဖြစ်စေ၊ လုပ်ငန်းနှင့်ဖြစ်စေ သက်ဆိုင်သူဖြစ်ခဲ့ကြောင်း (သို့) ဖြစ်ကြောင်း (သို့) ဖြစ်တန်ရာကြောင်း မိမိသိသောသူ ထံမှဖြစ်စေ (ခ) မိမိရာထူး ဆိုင်ရာအလုပ်ဝတ္တရားနှင့် အဆက်အသွယ်ရှိသောသူထံမှ ဖြစ်စေ(ဂ) အဆိုပါ သက်ဆိုင်ရာပုဂ္ဂိုလ်၌ အကျိုးလိုလား ခြင်းရှိကြောင်း (သို့) ထိုပုဂ္ဂိုလ်နှင့်ဆွေမျိုးတော်စပ်ကြောင်း မိမိသိသောသူထံမှ ဖြစ်စေ အဖိုးစားနားမပေးဘဲ (သို့) မလုံလောက်သောဟု မိမိသိသော အဖိုးစားနားကို ပေးလျက် မိမိအတွက်ဖြစ်စေ၊ သူတပါးအတွက်ဖြစ်စေ အဖိုးတန် ပစ္စည်းကို လက်ခံလျှင် (သို့) ရယူလျှင် (သို့) လက်ခံရန် သဘောတူလျှင် (သို့) ရယူရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက“ဦးသံဒိုင်ကေ့စ်က ပြစ်ဒဏ်တိုးမြှင့်ဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို ပြင်ဆင်ဖို့တက်တယ်။ တက်သင့်တယ်။ မတက်ရင် ဥပဒေချုပ်ရုံးရဲ့ လုပ်ပိုင်ခွင့်ဝတ္ထရားကို မေးခွန်းထုတ်စရာ ဖြစ်လာမယ်။ ဒီလို တင်လာတဲ့အမှုတွဲတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်ခံပြီး ကြားနာ တာမျိုး၊ ပယ်လိုက်တာမျိုးလဲ ရှိတယ်။ ဆရာအတွေ့အကြုံအရ ဒီလို ရှေ့နေချုပ်ရုံးဘက်က တင်လာတဲ့ အမှုတွဲ တွေရဲ့ ၁၀၀ မှာ ၉၀ ကိုလက်ခံသလို ၇၀ ရာခိုင်နှုန်း ကလည်း နိုင်သွား ကြတာများပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဦးသံဒိုင်အမှုတွင် ချမှတ်သည့် ပြစ်ဒဏ်မှာ သက်ညှာလွန်းသည့်အတွက် ပြည်ထောင်စု အဆင့်သို့ ပြင်ဆင်ချက် တက်ခြင်းမှာ မှန်ကန်သကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အထူးဥပဒေတရပ်ဖြင့် စွဲဆိုထားသည့် အမှုကို ရာဇသတ်ကြီးပုဒ်မသို့ ပြောင်း၍ အပြစ်ပေးနိုင်အောင် တရားရေးတွင် မည်သည့်ချို့ယွင်းချက်များ ရှိနေသလဲဟု မေးခွန်းထုတ်ကာ ပြန်လည် တိုက်ဖျက်ဖို့ လိုကြောင်း ရှေ့နေဦးသိန်းသန်းဦးက ဇွန်လ ၁၂ ရက်နေ့က ဧရာဝတီသို့ ပြောဆိုထားပြီးဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက် ၌ ဇမ္ဗူသီရိ မြို့နယ် ရွှေကြာပင် ရပ်ကွက်ရှိ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသံဒိုင်မှ နေ၍ ၎င်းပိုင် မြေကွက်အတွက် မြေဖို့ခြင်း၊ မြေညှိခြင်း ကုန်ကျစရိတ် ၃၂သိန် ၇သောင်း ၂ထောင် ကျပ်ကို ကုမ္ပဏီ အား ပေးချေခိုင်းရာ ဦးသံဒိုင်၏ Bank Account သို့ ငွေပေးသွင်း ပေးခဲ့ရကြောင်း ဖော်ပြထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနနှင့် ကုမ္ပဏီတို့ ကြား အငြင်းပွားမှု ဖြစ်ပေါ်ချိန် တွင် ယင်းငွေကို ဦးသံဒိုင်မှ ကုမ္ပဏီသို့ ပြန်လည် ပေးအပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို အရေးယူပေးရန် ကုမ္ပဏီမှ နေ၍ ကော်မရှင်သို့ တိုင်ကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရာထူး တာဝန်ကို အလွဲသုံးစား ပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြား အကျိုးခံစား ခွင့်များ ရယူခဲ့ ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့၍ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦသံဒိုင်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နှင့် ဇမ္ဗူသီရိမြို့မ ရဲစခန်းတွင် ဧပြီ ၁ ရက်က အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် –
အဂတိဖြင့် ထောင်၁ နှစ် ချခံရသည့် သတ္တုတွင်း ညွှန်မှူးအမှု ပြန်သုံးသပ်ရန် တင်ပြမည်
ကျပ်သိန်း ၇၀ ကျော် လာဘ်ယူ၍ သတ္တုတွင်း လုပ်ငန်း ဦးဆောင် ညွှန်မှူး ဖမ်းဆီးခံရ