ပဲခူးရိုးမအတွင်းမှ သစ်ခိုးထုတ်မှုများတွင် သက်ဆိုင်ရာ ဝန်ထမ်းများ အဂတိလိုက်စားမှုများ ရှိနိုင်ပြီး သစ်ခိုး ထုတ်နေ မှုများကိုလည်း ထိန်းချုပ်ရန် ခက်ခဲနေကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ သစ်တောဝန်ကြီး ဒေါက်တာစောညိုဝင်းက ဧရာဝတီသို့ ပြောသည်။
ဝန်ကြီး ဒေါက်တာ စောညိုဝင်းက “တကယ် တောထဲမှာ သစ်ခိုးခုတ်တဲ့သူတွေက ရတာ ဘယ်လောက်မှ မဟုတ်ဘူး။ သူတို့ နောက်က စီးပွားရေး လုပ်ငန်းရှင်တွေက ဒါတွေကို လုပ်နေတာ။ နောက်ပြီး ဒါတွေက ရန်ကုန်တင် သုံးနေတာ မဟုတ်ဘူး။ နိုင်ငံခြား ပို့နေတာ။ အဲဒီတော့ ဒီခိုးသစ်တွေ ဘယ်ကို ခိုးထွက်နေတာလဲ ရှင်းနေတာ။ ရန်ကုန်ကနေ ကွန်တိန် နာ အလိုက် ပို့နေတာ သဘာဝမကျဘူး။ သက်ဆိုင်ရာ ဝန်ထမ်းများ၏ အဂတိ လိုက်စားမှုများကလည်း ရှိနေနိုင်တယ်” ဟု ထောက်ပြသည်။
လက်ရှိတွင် သစ်ခိုးထုတ်မှုများကို အစိုးရအဖွဲ့က ရဲတပ်ဖွဲ့ အပါအဝင် အဖွဲ့ ၈ ဖွဲ့ခန့်နှင့် ထိန်းချုပ်ရန် လုပ်ဆောင် နေသော် လည်း ခက်ခဲနေကြောင်း၊ အချို့ သစ်ခိုးထုတ်သည့် ကားများ သွားရာလမ်းသည် မြို့အဝင်အထွက် တိုးဂိတ်များကို မဖြတ် သန်းဘဲ သွားနိုင်သည့် မြို့တချို့ရှိကြောင်း၊ သတင်းရသည့်အပေါ် မူတည်ကာ ဝန်ကြီး ကိုယ်တိုင် နေ့ညမရွေး လိုက်လံ ဖမ်းဆီးမှုများ လုပ်သော်လည်း တားဆီးကာကွယ်ရေးတွင် အပြည့်အဝ အကောင်အထည်ရန် အခက်အခဲ များစွာ ရှိနေသေးသည်ဟု ၎င်းက ရှင်းပြသည်။
ထို့အပြင် လက်ရှိ အစိုးရလက်ထက်တွင် ပြင်ဆင်လိုက်သည့် သစ်တောဥပဒေတွင် ၁ တန်အောက် ဥပဒေမဲ့ တွေ့ရှိသည့် သစ်များကို ဒေသခံသုံးအဆင့် ပြဋ္ဌာန်းထားကာ ဖမ်းမိလျှင် ဒဏ်ကြေးငွေ ၂ ဆဖြင့်သာ ပြစ်ဒဏ်ပေးပြီး လူနှင့် ယာဉ်များကို အရေးယူမှု မရှိခြင်းကလည်း အားနည်းချက်တခု ဖြစ်စေသည်ဟု ဒေါက်တာ စောညိုဝင်းက ပြောသည်။
တရားရုံးများတွင် စီရင်သည့်အခါတွင်လည်း ပထမအကြိမ် မြို့နယ်တခုတွင် ဖမ်းမိသည့်ကားနှင့် ယာဉ်မောင်းတို့ကိုပင် နောက်တမြို့နယ်တွင် ထပ်မံမိလျှင် ပြစ်ဒဏ်စီရင်သည့်အခါ တရားသူကြီး၏ ဆင်ခြင်တုံတရားနှင့် ဒဏ်ငွေဖြင့်သာ လွှတ်ပေးလိုက်သည့် ဖြစ်ရပ်တချို့ကိုလည်း တွေ့နေရသည်ဟု သူက ဆက်ပြောသည်။
ဒေါက်တာစောညိုဝင်းက “နောက်ပြီး ဖမ်းတဲ့အခါ ကားပေါ်က ဆင်းပြီး ကားလမ်းဘေး သေးပေါက်တယ်လုပ်လိုက်။ ကျနော်တို့က မင်းတို့ ဒီကားက မဟုတ်လားဆိုပြီး သွားဖမ်းလို့မရဘူး။ နောက်တခုက လိုင်စင်ရှိတဲ့ကားတွေကို ပိုင်ရှင် တွေ က သူတို့မသိဘူး၊ ငှားလိုက်တာ ဘာညာဆို ကျနော်တို့ ပြန်လွှတ်ပေးရတယ်။ အဲဒီတော့ ကျနော်တို့မှာ တရားဥပဒေနဲ့ ပတ် သက်ပြီး အရည်အသွေး ပြည့်မီအောင်လုပ်ဖို့လိုတယ်။ သစ်ခိုးထုတ်တဲ့ ချိန်းဆောလို စက်လွှတွေကို တရားမဝင် လက်နက် ဥပဒေအဖြစ် ကန့်သတ်နိုင်ဖို့လိုတယ်။ အဲဒီတော့မှ ဘယ်သူမှ တင်မရောင်းတော့မှာ” ဟု ဆိုသည်။
သတင်းအရ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် သွားရောက်ဖမ်းဆီးရာတွင်လည်း သတင်းပေါက်ကြားမှုများ ရှိသဖြင့် ပိုင်ရှင်မဲ့သစ်များသာ ဖမ်းမိမှုများ ရှိနေကြောင်း သိရသည်။
နတ်တလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်က “သစ်ခိုးထုတ်တဲ့သူတွေနဲ့ ဝန်ထမ်း တချို့က ပူးပေါင်းနေတော့ လွှတ်တော်ကိုယ်စားလှယ်တွေတောင် ဒေသခံ သစ်ခိုးထုတ်သူတွေနဲ့ ရန်တိုက် ပေးတဲ့ သဘော တွေ တွေ့ကြုံနေရတယ်။ သစ်ခိုးထုတ်တာတွေ တားဆီးရေးကို ကျနော်တို့က ဌာနဆိုင်ရာတွေကို ပြောနေတာပဲဗျာ။ နည်း အမျိုးမျိုးနဲ့ ထွက်နေတယ်။ နွေဆိုရင် ရိုးပေါ်က သစ်တွေကို ဆိုင်ကယ်နဲ့ ဆွဲချနေတာ တွေ့နေရ တာ။ ပဲခူးရိုးမက ထွက်လာတဲ့လမ်းက အများကြီးမဟုတ်ပါဘူးဗျာ။ စနစ်တကျ လုပ်မယ်ဆို ရတာပဲ။ ပြောပြန်လည်း ဝန်ထမ်းမလုံလောက်လို့ ဆိုတာနဲ့ပဲ” ဟု ပြောပြသည်။
ပဲခူးရိုးမအတွင်းမှ သစ်များကို ယခုလဆန်းမှစတင်ပြီး ပဲခူးတိုင်း၊ နတ်တလင်း၊ ပေါင်းတည်နှင့် ဇီးကုန်းမြို့ စသည့် ပြည်-ရန်ကုန် အဝေးပြေးကားလမ်းကြောင်းများကို ဖြတ်သန်းကာ တရက်လျှင် တန် ၂ဝ ခန့် ရန်ကုန်အထိ ခိုးယူ ထုတ်ယူနေ ကြောင်း ဒေသခံတချို့က ပြောကြသည်။
ယခင်က ပဲခူးရိုးမသစ်များကို ခိုးထုတ်နေသည့် မြို့ကျောင်း၊ ဒိုက်ဦး စသည့် လမ်းကြောင်းများကို အာဏာပိုင်များက အပြည့်အဝ ပိတ်ဆို့ ဖမ်းဆီးနိုင်လာသည့်အတွက် ယခုနောက်ပိုင်း လမ်းကြောင်းပြောင်းလဲ ထွက်ရှိလာခြင်းဖြစ်ကြောင်း ဇီးကုန်းမြို့ခံ ကိုနိုင်လင်းက ပြောသည်။
ကိုနိုင်လင်းက “ဟိုးအရင်ထဲက ဒီကလည်း ထွက်တယ်။ ဒီလထဲလောက် များများစားစား မထွက်ခဲ့ဘူး။ ကျနော်မှတ်ထား သလောက် ဒီလဆန်းကစပြီး တနေ့ကို ပရိုဘောက်ကားလေး၊ ဆူပါကာစတန်ကား စသဖြင့် အဲဒီဟာနဲ့ တရက်ကို အစီး ၃ဝ ကျော် ၄ဝ လောက်ထွက် နေတာ တွေ့ရတယ်။ တိုးဂိတ်တွေမှာ ရဲတွေလည်း ရှိနေတာပဲ။ ဘယ်လို စိမ့်ထွက်လဲ ဆိုတာတော့ မပြောတတ်ဘူး” ဟု ဆိုသည်။
ထိုသို့ ခိုးထုတ်ရာတွင် အဝေးပြေး ကားလမ်းမကိုပင် အသုံးပြုကာ စစ်ဆေးရေးဂိတ်များ၊ တိုးဂိတ်များကို ဖြတ်သန်းကာ ရန်ကုန်အထိ တင်ပို့နေခြင်းဖြစ်ကြောင်း၊ မည်သို့ ဖြတ်သန်းသည်ကိုတော့ ဒေသခံများ က အာဏာပိုင်များထံ သတင်း မပို့ရဲကြောင်း၊ အခန့်မသင့်လျှင် သစ်ခိုးထုတ်သူများက ဒေသခံများကို အသက်အန္တရာယ်ပင် ရှာနိုင်သည့် အနေအထားမျိုး ရှိနေကြောင်း သူက ဆက်ပြောသည်။
ယခုနောက်ပိုင်း ပဲခူးရိုးမမှ ထွက်ရှိလာသော ခိုးသစ်များသည် ယခင်ကလို ပဲခူးတိုင်းကမှတဆင့် ရန်ကုန်နှင့် တခြားမြို့ကို ဖြန့်ချိသည့် စနစ်မဟုတ်တော့ကြောင်း၊ ရိုးမအတွင်း သစ်ခိုးထုတ်သူများကို အဓိက နောက်ကွယ်က စက်ကြီးများနှင့် လိုအပ်သည့် အထောက်အပံ့များကို ကူညီပံ့ပိုးပေးနေသည်က ရန်ကုန်တိုင်းအတွင်းရှိ သစ်လုပ်ငန်းရှင်တချို့ဟု ကြားမိ ကြောင်း ပဲခူးမြို့ပေါ်ရှိ သစ်လုပ်ငန်းရှင်ဖြစ်သူ ကိုအောင်က ပြောသည်။
ကိုအောင်က “ကျနော်တို့ကိုယ်တိုင်က အဖမ်းအဆီးမိတဲ့သစ်ကို လေလံတင်တဲ့ နည်းလမ်းကိုပဲ အခု အသုံးပြုနေရတယ်။ ဒေသတွင်းသုံးအတွက် ဖမ်းမိတဲ့ သစ်တွေကို ကွင်းကောက်မှာကအစ သူတို့ စုပုံထားတဲ့နေရာအထိ လေလံသွား ဆွဲရတယ်။ အဲဒီသစ်တွေကိုပဲ ကျနော်တို့ ဒေသတွင်းသုံးအဖြစ် အရောင်းအဝယ် လုပ်နေရတယ်” ဟု ဆိုသည်။
လက်ရှိတွင် နိုင်ငံဧရိယာ၏ ၃ဝ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအဖြစ် သတ်မှတ်နိုင်သလို သဘာဝ ထိန်းသိမ်းရေး နယ်မြေများကို နိုင်ငံဧရိယာ၏ ၁ဝ ရာခိုင်နှုန်းအထိ တိုးချဲ့ရန် စီမံထားကြောင်း၊ ၂ဝ၁၉ ခုနှစ်အတွင်း တရားမဝင်သစ် ၄၉၇၈၂ ဒဿမ ၃၅ တန်၊ တရာခံ ၄၅၃ ဦး၊ ယာဉ်နှင့် ယန္တရား ၂၇၁၁ စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဇွန်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောဝန်ကြီးဌာနက တာဝန်ရှိသူများက ပြောကြားထားသည်။
ဆက်စပ်လင့်
မန္တလေးတိုင်း သစ်တောအရာရှိနှစ်ဦး အဂတိဖြင့် အမှုဖွင့်ခံရ
သစ်မှောင်ခိုလုပ်ငန်းက မူးယစ်ဆေးဝါးပြီးရင် အမြတ်အစွန်း အများဆုံး
တရားမဝင် ချိန်းဆော ကိုင်ဆောင်သူများကို စစ်ကိုင်းတိုင်းအစိုးရ အရေးယူမည်
သစ်ခိုးခုတ်သည့် တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို တသက်တကျွန်း ချ