မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးအမှုမှ ကွင်းဆက်သံသယရှိသူ ၁ ဦးအား ဇူလိုင် ၉ ရက်နေ့ နံနက် ၂ နာရီ ခန့်က သွားရောက်ဖမ်းဆီးစဉ် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ဖမ်းဆီးရာတွင် ပါဝင်သည့် တပ်မတော်သား ၁ ဦး ဒဏ်ရာရရှိပြီးနောက် ဆေးရုံတွင် ကုသစဉ် သေဆုံးခဲ့ကြောင်း ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက်နေ့က တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ မလွှဲတောင် ပူးပေါင်း စစ်ဆေး ရေးဂိတ်တွင် မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံ ကိုကိုအောင်၏ ရဲထံထွက်ဆိုချက်အရ ကွင်းဆက်သံ သယရှိသူ ဝမ်ချိုင်း(ခ) အချိုင်ဆိုသူကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးစဉ် ပြန်လည်ခုခံကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။။
ဒုရဲမှူးဝင်းမြင့်က “မလွှဲတောင်၊ ကလိန်အောင်ရဲစခန်းက မူးယစ်အမှုနဲ့ ပြေးနေတာ၊ အဲဒီမှာမိတဲ့ တရားခံရဲ့ ဖော်ထုတ်ချက် အရ ကွင်းဆက်တရားခံပေါ့၊ သွားရှာတဲ့အချိန်မှာ ပစ်ခတ်မှုဖြစ်တာပေါ့၊ ခုထိတော့ မမိသေးဘူး ပြေးနေတုန်းပဲ။ ဆုံးသွား တာက တပ်မတော်ဘက်ကပါ” ဟု ရှင်းပြသည်။
သေဆုံးသွားသည့် တပ်မတော်သားနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ရဲတပ်ဖွဲ့မှ ဖြေကြားခြင်း မရှိသေးပါ။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ထွက်ပြေးနေသည့် ဝမ်ချိုင်း (ခ) အချိုင်ဆိုသူအား ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လူသတ်မှု ကျူးလွန်ရန် အားထုတ်ခြင်း ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားသော်လည်း လူသေဆုံးသွားသဖြင့် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားကြောင်း ရေးမြို့မရဲစခန်းက သိရသည်။
ဝမ်ချိုင်း (ခ) အချိုင်ဆိုသူသည် ယခင်ကလည်း မူးယစ်ဆေးမှု၊ လက်နက်မှုများဖြင့် အရေးယူခံရဖူးသူဖြစ်ကြောင်း သတင်း များ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပါ။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်မိုးက “သူက အရင်က လက်နက်မှုလည်း ရှိတယ်လို့တော့ ပြောသံကြားတယ်။ မလွှဲတောင်ဂိတ်မှာ ၇ ရက်နေ့က မိတဲ့သူကိုတော့ ကလိန်အောင် ရဲစခန်းက အမှုဖွင့် အရေးယူတာပါ။ သူက ပထမက အထုပ်ကို ကားနဲ့ထည့်ပေးဖို့ သွားပို့တယ်၊ ကားက ၇ ရက်နေ့ကျမှ ထွက်တယ်။ အထုပ်ကို ကားနဲ့ အပ်ထားပြီး လူမလိုက်ဘဲ ပို့ခိုင်းပြီးနောက်မှ မြိတ်မှာသွားယူမှာပေါ့၊ အဲဒီလိုသွားတဲ့အခါမှာ မလွှဲတောင်ဂိတ်မှာ အဖမ်း ခံရတာ။ ဘယ်ကပစ္စည်းရလည်းဆိုတာ ထုတ်ဖော်ရင်း ကွင်းဆက်ကို ထပ်ဖမ်းတာ”ဟု ပြောသည်။
ရေးမြို့နယ်၌ နေထိုင်သည့် ကိုကိုအောင်ဆိုသူအား ၎င်းစီးလာသည့် ဆိုင်ကယ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးပြား ၃၁၂ နှင့်အတူ ဇူလိုင် ၇ ရက်နေ့က မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ပြီး ကွင်းဆက်များ ဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဇူလိုင် ၈ ရက်နေ့တွင် ကိုကိုအောင်က ရေးမြို့မှ မြိတ်မြို့သို့ ခရီးသည်တင်ယာဉ် လိုင်းဖြင့် ထည့်ပေးလိုက်သည့် ပစ္စည်းထုပ် အား ဖွင့်ဖောက်စစ်ဆေးရာတွင် စိတ်ကြွမူးယစ်ဆေးပြား ၆၀၀၀၀ ပြားကိုလည်း ထပ်မံဖမ်းမိခဲ့ကြောင်း မူး/ယစ်ရဲတပ်ဖွဲ့ ထံက သိရသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိထားသည့် ကိုကိုအောင် ဆိုသူအား ကလိန်အောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
You may also like these stories:
ပဲခူးရိုးမ သစ်ခိုးထုတ်မှုများ ဘယ်သူတွေပါဝင် ပတ်သက်နေသလဲ
ဦးသံဒိုင်ကို အဂတိမှုဖြင့် အရေးယူရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တင်မည်
ရသေ့တောင် မိုင်းထိလူနာ ဒဏ်ရာပြင်းထန်၍ သေဆုံး