သတင်း

ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရန် အရေးပါသော အချက် ၃ ချက် ချန်လှပ်ခံရဟုဆို

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များတွင် လေ့လာသူများအတွက် အရေးပါသည့် အချက် ၃ ချက် ချန်လှပ်ခံထားရကြောင်း နိုင်ငံရေးနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ အချို့က ဝေဖန်ပြောဆိုသည်။

ဇူလိုင်လ ၇ ရက် ရက်စွဲဖြင့် ကြေညာလိုက်သည့် UEC ၏ ကြေညာချက်တွင် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်း ၊ အမိန့် ညွှန်ကြားချက်များကို စောင့်ကြည့် လေ့လာနိုင်ခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းကို စောင့်ကြည့်လေ့ လာနိုင်ခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း တို့ကို စောင့်ကြည့်လေ့လာနိုင်ခြင်း စသည့် အချက် ၃ ချက် မပါဝင်ပေ။

မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ မဲစာရင်းပြုစုခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ် ခြင်း၊ ရုပ်သိမ်းခြင်း ကြေညာခြင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ခန့်ထားခြင်း၊ ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်း အတည်ပြု ကြေညာခြင်း စသည့်တို့ကို လေ့လာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး လုပ်ငန်းများ၊ ကြိုတင် ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ် စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်များ လေ့လာခြင်း တို့ကိုလည်း ပြုလုပ်နိုင်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံရေး လေ့လာသူနှင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကမူ ဥက္ကဋ္ဌ အဖြစ် ဦးလှသိန်း တာဝန်ယူထားသော UEC ၏ ထုတ်ပြန်ချက်တွင် ယခင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တာဝန်ယူစဉ်က ကြေညာခဲ့သော ထုတ် ပြန်ချက်၌ ပါဝင်သည့် အချက် ၃ ချက် ချန်လှပ်ခံထားရသည်ဟု ဝေဖန်နေကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ကလည်း စောင့်ကြည့် လေ့လာသူများအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွင် အရေးပါသော အချက် ၃ ချက် မပါဝင်တော့ခြင်းသည် ပွင့်လင်းမြင်သာမှုအတွက် ခြေတလှမ်း နောက်ဆုတ်သွားခြင်း ဖြစ်ကြောင်း ပြော သည်။

ယခင်က စောင့်ကြည့်လေ့လာသူများအတွက် ကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများကို ရွေးကောက်ပွဲ ကော်မရှင်နှင့် စောင့် ကြည့် လေ့လာသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ အတူတကွ ရေးဆွဲ အတည်ပြုခြင်း ဖြစ်သော်လည်း ယခုမူ အပြန်အ လှန် ဆွေးနွေးမှုများပင် မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) က ထုတ်ပြန်ထားသော ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ နှိုင်းယှဉ်ချက်

စိုင်းရဲကျော်စွာမြင့် က “လုပ်ငန်းစဉ်ပိုင်းဆိုင်ရာကို အစကတည်းက ကျနော်တို့ အတူတူ ရေးဆွဲရတာကိုး။ အခု အပြန်အလှန် ပြင်ဆင်တဲ့ လုပ် ငန်းစဉ်မှာ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတာ မရှိဘူး။ ဆိုတော့ လုပ်ငန်းစဉ်ပိုင်းမှာလည်း နောက် ဆုတ်သွားတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

ထို့ကြောင့် အကျိုးဆက်အနေနှင့် ပွင့်လင်းမြင်သာမှုတွင် ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို စောင့်ကြည့်လေ့လာ ခွင့်ရရန် မလွယ်တော့ဟု ဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကို လေ့လာသူများဟု ကော်မရှင်က သုံးနှုန်း ထုတ်ပြန်သည့် အပေါ်လည်း ဝေဖန်လိုက်သည်။

၎င်းက “စောင့်ကြည့် လေ့လာသူ ဆိုတာကို သူ လက်မခံဘူး။ သူတို့က စောင့်ကြည့်လေ့လာစရာ မလိုဘူးဆိုတဲ့ သဘောပေါ့။ သဘောကတော့ဗျာ အဲဒီဟာက ရွေးကောက်ပွဲ သမာသမတ် ကျဖို့အတွက် ရွေးကောက်ပွဲ အယူအဆမှာ ကြီးမားတဲ့ နောက်ပြန်ဆုတ်မှုပဲ” ဟု ဆိုသည်။

အရေးပါသော အချက် ၃ ချက် မပါတော့သည့် ကိစ္စအပေါ် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ဝေဖန်ထားပြီး အဆိုပါ အချက် ၃ ချက်သည် လွတ်လပ်မျှတသော ရွေးကောက်ပွဲ ဖြစ်ရန် အရေးပါသော အချက်များ ဖြစ်နေသဖြင့် ထောက်ပြရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးရဲထွဋ် က “အဓိက ကတော့ ရွေးကောက်ပွဲ ဖြစ်စဉ်ကြီး တခုလုံးကို အစကနေ အဆုံးအထိ ကြည့်ရမယ့်အစား သူတို့ ပြချင်တဲ့ အစိတ် အပိုင်းလေးကိုပဲ ကွက်ပြီးပြတဲ့ သဘောဖြစ်သွားတာပေါ့။ အဲဒီလို ဖြစ်သွားတဲ့အတွက် အမှန်ကတော့ ၂၀၂၀ ရွေးကောက် ပွဲဟာ၂၀၁၅ ထက် ပိုပြီးတော့မှ ပွင့်လင်းမြင်သာပြီး လွတ်လပ် တရားမျှတအောင် လုပ်ရမယ့်အစား ပိုပြီးတော့ အားနည်း သွားအောင် လုပ်သလို ဖြစ်တာပေါ့” ဟု သုံးသပ်သည်။

ဦးလှသိန်း ဦးဆောင်သော ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဦးတင်အေး ကော်မရှင် ထုတ်ပြန်စဉ်က မပါဝင်သော ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းများ လေ့လာနိုင်သည် ဆိုသည့် အချက်ကို ထပ်တိုးထားသည်ဟုလည်း ဦးရဲထွဋ်က ပြောပြသည်။

“သူပြောတဲ့ စေ့စပ်ညှိနှိုင်းရေး ဆိုတာ ကျနော့် အနေနဲ့ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း နားမလည်ဘူး ဖြစ်နေတာပေါ့။ သူက ယေဘုယျ ပြောထားတော့ တော်တော် ခက်တာပေါ့။ စေ့စပ်ညှိနှိုင်းဆိုတာ ဘယ်လိုဟာကို ပြောတာလဲ။ ပါတီချင်း ညှိတဲ့ ဟာကို ပြောတာလား။ ပါတီနဲ့ UEC နဲ့ ညှိတဲ့ဟာကို ပြောတာလား မရှင်းဘူး” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် လေ့လာသူများအတွက် အရေးပါသော အချက် ၃ ချက်ကို မည်သည့် အကြောင်းကြောင့် ချန်လှပ်ထားရသည်ကို မေးမြန်းရန် UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ထံ ဧရာဝတီ က ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပေ။

UEC ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကမူ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်မှု ရှိစေခြင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ် တထပ်တည်း ကျစေခြင်း ဆိုသည့် စံနှုန်း ၅ ချက်နှင့် အညီ ကျင်းပသွားမည်ဟု ပြောဆိုထားသည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ဆက်စပ်ဖတ်ရှုရန်

ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းကျစေမည်ဟု UEC ဥက္ကဋ္ဌပြော

မည်သည့်ပါတီ မဆို ဗိုလ်ချုပ်ပုံ သုံး၍ မဲဆွယ်ခွင့် ရှိဟု NLD ပြော

တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော

၂၀၂၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ကျင်းပမည်

Did you find apk for android? You can find new Free Android Games and apps.
Loading