ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲကာလအတွင်း အရပ်သား ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်မှုနှင့် ပတ်သက်ပြီး တပ်မတော်မှ ကျူးလွန်သူများကို အရေးယူပေးရန် ရှမ်းလူမှုအဖွဲ့အစည်း ၃၆ ဖွဲ့က ယနေ့ ကြေညာချက်ထုတ်၍ တောင်းဆိုလိုက်သည်။
ရှမ်းလူအခွင့်အရေးအဖွဲ့၊ ရှမ်းတောင်သူလယ်သမားများ ကွန်ရက်၊ ရှမ်းလူငယ်အဖွဲ့နှင့် ရှမ်းစစ်ဘေးရှောင် ဒုက္ခသည် အဖွဲ့ များ ပါဝင်သော စုစုပေါင်း ၃၆ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလင်းက “ကျောက်မဲဖြစ်စဉ်မှာ သူတို့ လုပ်တာ မှားတယ်။ အရေးယူပေးရမယ်။ အရေးယူရင်လည်း စစ်တပ်ခုံရုံးကနေ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ လူသိရှင်ကြား အများရှေ့ အရပ် ဘက် တရားခွင်မှာ အရေးယူပေးစေချင်တယ်။ အဲဒီလို ဖြစ်စေချင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
အရပ်သားများ သေဆုံး၊ ထိခိုက်မှု ဖြစ်ခဲ့သည့် ဖြစ်စဉ်မှာ ဇွန် ၂၉ ရက်က ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ တိုက်ပွဲ ဖြစ်ပွားစဉ် ဟဲကွီကျေးရွာအုပ်စု၊ ပန်ကန်ကျေးရွာဘက်သို့ တပ်မတော် စစ်ကြောင်းများ ချီတက် လာရာ လမ်းတွင် အသက် ၅၆ နှစ်အရွယ် ဦးစိုင်းမောင်ကို လမ်းပြအဖြစ် ဖမ်းခေါ်ခဲ့ပြီး ရိုက်နှက်နှိပ်စက်ခဲ့သည်ဟု သိရသည်။
ပန်ကန်ကျေးရွာအရောက်တွင် အရပ်သားများနေထိုင်သည့် နေအိမ်ကို ပစ်ခတ်သဖြင့် အသက် ၅၅ နှစ်အရွယ် ဒေါ်နန်းပါဆိုင်မှာ တင်ပါးတွင် ကျည်ထိ ဒဏ်ရာ ရရှိခဲ့ပြီး ကြောက်လန့်၍ စာသင်ကျောင်တွင် ပုန်းနေသည့် အသက် ၆၀ ကျော် ဦးစိုင်းဆုမှာ ကျည်ထိမှန် သေဆုံးခဲ့ရာ ကျူးလွန်ခဲ့သည့် တပ်မတော်ကို မြန်မာအစိုးရက အရေးယူပေးပါဟုလည်း ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။
ထိုဖြစ်စဉ်များတွင် ကျူးလွန်ခဲ့သူများမှာ တပ်မတော်၏ ခလရ ၂၃ ၊ ၂၂ နှင့် ၁၄၇ တို့ ဖြစ်သည်ဟု ရှမ်းလူမှု အဖွဲ့အစည်း ၃၆ ဖွဲ့၏ ထုတ်ပြန်ချက်တွင် အတိအလင်း ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် အရပ်သားများ ထိခိုက်မှု သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော်က လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့သည့် အရပ်သားများက ပြောဆိုထားကြသည်။
ဦးစိုင်းလင်းက “စစ်တပ်က လုပ်ချင်တိုင်း လုပ်နေတာကို လက်ရှိအစိုးရက ဘာတခုမှ လူထုဘက်ကနေ မပြောဘဲ မျက်နှာလွဲခဲပစ် မသိသလို နေတာက တိုင်းရင်းသားတွေ ဆန္ဒပြတော့ စစ်တပ်က တရားစွဲတော့ လုံးဝ မတရားဘူး။ လက်ရှိ NLD အစိုးရက စစ်တပ်ကိုဘဲ မျက်နှာချိုသွေးနေတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
အစိုးရအနေနှင့်လည်း နှုတ်ဆိတ်မနေဘဲ အရပ်သားများ ထိခိုက်နစ်နာသည့် အပေါ် ရပ်တည်ပေးရန် တောင်းဆို ပါသည်ဟု ဦးစိုင်းလင်းက ဆိုသည်။
ထု့ိပြင် ကျောက်မဲ မြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးကလည်း လက်လွယ်စပယ်ပစ်ခတ်မှုကြောင့် သေဆုံး ထိခိုက် ရသည့် အရပ်သားများကိစ္စကို စုံစမ်းစစ်ဆေးပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဇူလိုင် ၁ ရက်နေ့ကလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကိုလည်း စာပို့ကာ တိုင်ကြားထားသည်ဟု သိရသည်။
ဧရာဝတီမှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဆက်သွယ်မေးမြန်းရာ တိုင်စာကို လက်ခံ ရရှိထားပြီး စတင် စုံစမ်းစစ်ဆေးရန် ဆောင်ရွက်နေပြီဟု ပြောပြီး စုံစမ်းစစ်ဆေးသည့် ကာလ မည်မျှကြာနိုင်သည် ဆိုသည်နှင့် လက်ရှိဆောင်ရွက်နေဆဲအခြေအနေ တို့ကို မေးမြန်းရာ ကော်မရှင်က ဖြေဆိုခြင်း မရှိပါ။
ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက “ကျနော်တို့ဖြစ်စေချင်တာက ပြည်သူတွေ ရဲ့စိတ်ဓာတ်နဲ့ တသားတည်း၊ လိုအပ်နေတဲ့ ပွင့်လင်းမြင်သာမှုကို ကျနော်တို့ လိုချင်တယ်။ ဖြစ်စဉ်အမှန်ကို ပေါ်ပေါက် အောင် လုပ်ဆောင်ဖို့ လိုပါမယ်။ အမှုမှန် ပေါ်ပေါက်ရင်လည်း အရေးယူမှု အပိုင်း၊ တကယ်ဖြစ်တဲ့ ကိစ္စကို တကယ် အရေးယူဖို့ လိုတယ်လို့ ကျနော်တို့မြင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ လုပ်ဆောင်မှု တစုံတရာ မတွေ့ရသေးသော်လည်း တပ်မတော်ဘက်မှ ဇူလိုင် ၁၂ ရက်တွင် ကျောက်မဲမြို့နယ်ရှိ လွှတ်တော်အမတ်များကို ဆက်သွယ်လာပြီး အရပ်သားများ ထိခိုက်သွားသည့်ဖြစ်စဉ်ကို စုံစမ်းမည်ဖြစ်ကြောင်း ပြောလာသည်ဟု သိရသည်။
ဦးစိုင်းထွန်းဝင်းက “တပ်မတော်က သူတို့ အောက်ခြေထိ ကော်မတီဖွဲ့ပြီး စုံစမ်းဖို့ ညွှန်ကြားထားတယ်လို့ ကျနော်တို့ သိရ တယ်။ မနေ့ကတော့ ထွေအုပ်က အကြောင်းကြားလာတာရှိတယ်။ ကျောက်မဲကို ဒီနေ့ ရောက်လာမယ်။ သူတို့ စစ်ဆေး မေးမြန်းရမယ့် သူတွေ ရှိရင် စစ်ဆေးမယ်လို့ သိရတယ်”ဟု ပြောသည်။
တပ်မတော်ဘက်မှ အရပ်သားများ၊ မျက်မြင်သက်သေများကို ခေါ်ယူစစ်ဆေးမည် ဆိုပါက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လာရောက်ကြားနာမည်ဟု ပြောထားကြောင်း၊ ယနေ့အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘက်မှ တစုံတရာ ဆက်သွယ်လာခြင်း မရှိသေးသည့် အပြင် တပ်မတော်ဘက်မှ လာစစ်ဆေးသည်ဆိုသည့် အဖွဲ့မှာလည်း မည်သည့် အဆင့်၊ မည်သူမှ ဦးဆောင်ပြီး လာသည်ကို မသိရှိရသေးကြောင်း ဦးစိုင်းထွန်းဝင်းက ရှင်းပြသည်။
ဇူလိုင် ၁၀ ရက်ကလည်း ရာနှင့်ချီသည့် ကျောက်မဲ ဒေသခံများ စုဝေးပြီး တပ်မတော်က လမ်းပြအဖြစ်ခေါ်ဆောင်ပြီး ရိုက်နှက်ခံမှု ပြုလုပ်ခဲ့သည့်အပေါ် “ အပြစ်မဲ့ ပြည်သူများကို သတ်သည့် တပ်မတော်ကို အလိုမရှိ” ဟူသည့် ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့် ရေးသား ထားသည့် ဆိုင်းဘုတ်များ ကိုင်ကာ တရားမျှတမှု ရရှိရေး ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြသည်။
ထိုဆန္ဒပြပွဲကို ခွင့်ပြုချက် မရယူဘဲ ပြုလုပ်သည်ဟုဆိုကာ ဦးဆောင်သူ ဟဲကွီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းသန်းမောင်၊ ဦးဇောတိက နှင့် ဦးအာလိယ တို့ကို အမှုဖွင့်အရေးယူမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကျောက်မဲမြို့နယ်တွင် ဆန္ဒပြသူများ ကို တရားစွဲသည်မှာ ဆန္ဒပြသည့် အကြောင်းအရာအပေါ်တွင် စွဲဆိုခြင်း မဟုတ်ဘဲ ကိုဗစ်-၁၉ ကာလတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် စုဝေးခွင့် ဥပဒေ အတိုင်း ခွင့်ပြုချက် မတင်ဘဲ လူစုဝေးသဖြင့် အမှုဖွင့်ရခြင်း ဖြစ်ကြောင်း၊ ကျောက်မဲ ဖြစ်စဉ် ကို လွှတ်တော် ကိုယ်စားလှယ် ၄ ဦးက တိုင်ကြားထားသည်ကိုလည်း သိရှိကြောင်း ပြောသည်။
၎င်းက “တိုင်ကြားမှုတွေနဲ့ ပတ်သက်လာရင် သူတို့ရဲ့ လမ်းကြောင်းအတိုင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ကနေ ပြန်လာလိမ့်မယ်။ မည်သည့် တိုင်ကြားမှု မဆို တပ်မတော်အနေနဲ့ လျစ်လျူရှုတာ မရှိဘူး။ စစ်စည်းကမ်းဆိုင်ရာ အရပဲ လုပ်ထုံးလုပ်နည်းတွေကို လုပ်တယ်။ မှန်တယ်ဆိုရင် လုပ်သင့်တဲ့ သက်သေခံချက်တွေ ယူတယ်။ လုပ်သင့် တယ်ဆိုရင် လုပ်သင့်တဲ့ တရားစီရင်မှု အတိုင်းပဲ လုပ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ၃ ဦးကို တရားစွဲဆိုထားသည့် အခြေအနေ၊ မည်သည့် ပုဒ်မများဖြင့် အမှုဖွင့် ထားသည်တို့ကို မေးမြန်းရန် ကျောက်မဲမြို့နယ်၊ ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာ ဆက်သွယ်မေးမြန်း၍ မရပါ။
ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်ပွားပြီး အရပ်သားများ ပစ်ခတ်၊ ရိုက်နှက်ခံရသည့် အချိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အပစ်ရပ်ဆိုင်းကြောင်း ကြေငြာထားသည့် ကာလလည်း ဖြစ်သည်။
တပ်မတော်သည် ကိုဗစ်-၁၉ ရောဂါကို ကုသရေး၊ ကာကွယ်ရေး၊ ထိန်းချုပ်ရေးများ ထိထိရောက်ရောက် လုပ်နိုင်ရန် အတွက်ဟု ဆိုကာ မေ ၁၀ ရက်မှ သြဂုတ် ၃၀ ရက်အထိ အပစ်ရပ်ဆိုင်းပေးကြောင်း ကြေငြာထားသည်။
ထို့ပြင် တပ်မတော်နှင့် RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးထားကြပြီး နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သည်။
ဆက်စပ်လင့်
တပ်မတော်နှင့် RCSS ပဋိပက္ခ အကြား အရပ်သား တဦး သေနတ်မှန်သေဆုံး
ပြည်သူတွေက ငြိမ်းချမ်းရေးရဖို့ အရမ်းတောင့်တနေတယ်
ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲ ပြန်ဖြစ်