ရွေးကောက်ပွဲကျင်းပသည့်ရက်တွင် မဲရုံများ၏ ပိတ်ချိန်မှာ ညနေ ၄ နာရီ ဖြစ်သော်လည်း ထိုအချိန်မတိုင်မီ မဲပေးသူဦးရေ ကုန်သွားပါက မဲစတင်ရေတွက်သည့်စနစ်ကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အဖွဲ့ဝင် ဦးသက်ထွန်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအသီးသီးရှိ မဲရလာဒ်များအား ရွေးကောက်ပွဲနေ့ရက်၏ ညနေ ၄ နာရီ မတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်းမပြုရန်နှင့် ညနေ ၄ နာရီမတိုင်ခင် မဲရလာဒ်များအား ပေါက်ကြားစေခြင်း မရှိစေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ရန် အစီအစဉ်ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၏ မေးခွန်းနှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
UEC အဖွဲ့ဝင် ဦးသက်ထွန်းက “ဆန္ဒမဲပေးခြင်းပြီးပြတ်လျှင် ပြီးပြတ်ခြင်း သက်ဆိုင်တဲ့ ပုဂ္ဂိုလ်များနဲ့ အများပြည်သူများ ရှေ့မှောက်မှာ ဆန္ဒမဲရေတွက်ခြင်းဟာ ဥပဒေပြဌာန်းချက်နဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒါအပြင် ရွေးကောက်ပွဲရဲ့ စံတရပ်ဖြစ်တဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းကိုလည်း ဖော်ဆောင်ရာရောက်မှာ ဖြစ်ပါတယ်” ဟုပြောသည်။
ပြည်သူလွှတ်တော် ရွေးကောက်ပွဲ ဥပေဒ ၄၈ (ခ)တွင် သက်ဆိုင်ရာ မဲရုံအလိုက် ဆန္ဒမဲပေးခြင်း ပြီးပြတ်လျှင်ပြီးပြတ်ခြင်း မဲရုံမှူးကိုယ်တိုင်ဖြစ်စေ ယင်းကတာဝန်ပေးအပ်သော မဲရုံအဖွဲ့ဝင်ကဖြစ်စေ မဲရုံတွင်ပင် မဲရုံကိုယ်စားလှယ်များ မဲရုံ အဖွဲ့ဝင်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည်ဟု ပြဋ္ဌာန်းထားရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ထိုပြဋ္ဌာန်း ဥပဒေများ အတိုင်းသာ ဆောင်ရွက်မည်ဟု ဆိုသည်။
သက်ဆိုင်ရာမဲရုံများသို့ လာရောက်မဲပေးသည့်အခြေအနေ၊ မဲပေးခွင့်ရှိသူ လူဦးရေ အရေအတွက်များပေါ် မူတည်ကာ ညနေ ၄ နာရီထက်စော၍ မဲရုံပိတ်ပြီး မဲရေတွက်ခြင်း၊ သတ်မှတ်ချိန် ညနေ ၄ နာရီတိတိတွင် မဲရုံပိတ်ကာ မဲရေတွက် ခြင်းနှင့် အချို့သော မဲရုံများမှာ ညနေ ၄ နာရီကျော်စေကာမူ ထိုမဲရုံပရဝဏ်အတွင်း ရောက်ရှိနေပြီး မဲမပေးရသေးသူများ မဲပေးခြင်း ကိစ္စပြီးပြတ်မှသာ မဲရုံပိတ်၍ မဲရေတွက်ခြင်းများလုပ်ရမည်ဟု သိရသည်။
ဦးသက်ထွန်းက “မဲရုံပိတ်ပြီး မဲရေတွက်ခြင်းများကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မဲရုံတရုံနဲ့တရုံ ပိတ်ချိန် တူညီမှုမရှိနိုင်သလို မဲရေတွက်မှုအချိန်ဟာလည်း တူညီမှု ရှိနိုင်မှာမဟုတ်ပါဘူး”ဟု ပြောသည်။
မဲရုံများပိတ်လိုက်ပြီးနောက် ရေတွက် ရရှိလာသည့် ဆန္ဒမဲအရေအတွက်များကို သတ်မှတ်ထားသည့်အတိုင်း ပုံစာ၊ စာရင်းများ ပြုစုကာ မဲရုံမှူးထံတွင်ထားခြင်း၊ မဲရုံတွင်ကပ်ထားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကာ မိတ္တူတစောင်ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပေးပို့သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ပြည်သူလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ၄၁ (က) တွင် မဲရုံများကို နံနက်၆ နာရီမှ ၄ နာရီအထိ ဖွင့်လှစ်ထားရမည် ဖြစ်သော်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပြီးပါက မဲရုံများကို ညနေ ၄ နာရီထက်စော၍ ပိတ်နိုင်သည်ဟု ဖော်ပြထားသည်။
ယနေ့လွှတ်တော်တွင် မေးခွန်းမေးခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ဝင်းကမူ ချင်းပြည်နယ်အတွင်းရှိ မဲရုံတချို့မှာ လူဦးရေ ၅၀ နှင့် ၁၀၀ ကြားသာရှိပြီး မနက် ၆ နာရီမဲရုံဖွင့်ချိန်မှ စတင်မဲပေးပါက နာရီပိုင်းအတွင်း မဲပေးခြင်းပြီးစီးပြီးနောက် မဲများ စတင်ရေတွက်ရာ မနက် ၁၀ နာရီခန့်မှာပင် မဲရလဒ်များ ထွက်ပေါ်ပြီး ဖြစ်ကြောင်း ပြောဆိုသည်။
ထိုသို့ မဲရလဒ်များမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာပြီး မြို့ပေါ်ရပ်ကွက်များနှင့် လူဦးရေများသော မဲရုံများတွင် မဲမပေးရသေးဘဲ စောင့်ဆိုင်းနေသူများက အဆိုပါသတင်းအချက်အလက်များကို ရရှိပါက မူလရည်မှန်း ဆုံးဖြတ် ထားသော မိမိကြိုက်နှစ်သက်သူကို မဲထည့်ရမည့် ဆုံးဖြတ်ချက်များကို ေ၀ဝါးသွားစေနိုင်ကြောင်း ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးသည်။
ဦးညွှန့်ဝင်းက “အဲဒီမဲရုံငယ်တွေရဲ့ မဲရလာဒ်တွေစောစီးစွာ ဖွင့်ဖောက်ကြေငြာခြင်းဟာ ပါတီအသီးသီးမှာ ကိုယ်စားပြု ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် မလိုလားအပ်တဲ့ မဲရလာဒ်တွေကို ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်တတ်တာကို သတိမူသင့်ပါတယ်”ဟုပြောသည်။
နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဦးရဲထွန်းကမူ မဲရုံများတွင် မဲလာထည့်သူများအပြင် ကြိုတင်မဲလာရောက်ပေးပို့မှုကို ညနေ ၄ နာရီ နောက်ဆုံးထား၍ စောင့်ရမည် ဖြစ်သော်လည်း ထိုကဲ့သို့ လူဦးရေ ၁၀၀ ခန့်သာရှိသော မဲရုံများတွင်မူ လူဦးရေ နည်းပါးပြီး မဲပေးခွင့်ရှိသူအားလုံး မဲပေးပြီးပါက ကြိုတင်မဲလည်း ရောက်လာခြင်းရှိတော့မည် မဟုတ်၍ မဲရေတွက်ခြင်း များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။
ဦးရဲထွန်းက “မဲစာရင်းထဲမှာ ပါတဲ့သူတွေက အကုန်လုံးပေးပြီးသွားပြီ။ နောက်တခု ကြိုတင်မဲ ဆိုတာကလည်း ကုန်သွားပြီ ဆိုရင် ကြေငြာလို့ရတယ်လို့ ယူဆတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ ကျနော်တို့ကတော့ ပွင့်လင်းမြင်သာစွာ အဲဒီလို ဖြစ်နေတာမျိုးကို ပိုသဘောကျတယ်”ဟု သုံးသပ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့ ကြေငြာခဲ့သည်။
ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူ ဦးရေ ၃၇ သန်းကျော်ရှိပြီး ထိုစာရင်းတွင် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံမဲစာရင်းများ ထည့်သွင်းရန် ကျန်ရှိနေသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။
မဲဆန္ဒနယ်များအလိုက် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကို ရွေးကောက်ပွဲမတိုင်မီ ကြေငြာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားသော်လည်း ယနေ့အချိန်ထိ မဲစာရင်းများ ကြေငြာခြင်း၊ မဲရုံစာရင်းများ ကြေငြာခြင်းတို့ကို လုပ်ဆောင်ခြင်း မရှိသေးပါ။
သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်များကိုမူ ဇွန်လ ၂၉ ရက်နေ့ကထုတ်ပြန်ကြေငြာခဲ့ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် ၁၆၈ နယ်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ်၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်ရှိကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ထုတ်ပြန်သည့် စာရင်းများအရ တည်ဆဲမှတ်ပုံတင်ထားသည့် ပါတီ ၉၆ ပါတီရှီပြီး၊ ပြည်ထောင်စုတဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၇၈ ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ်တခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၁၈ ပါတီ၊ ယာယီရပ်ဆိုင်းထားသည့် ပါတီ ၃ ပါတီရှိသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပါတီစုစုပေါင်း ၉၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ
ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရန် အရေးပါသော အချက် ၃ ချက် ချန်လှပ်ခံရဟုဆို