အာဖရိက ဝက်အပြင်းဖျား ရောဂါ ဖြစ်ပွားမှုအပြင် ဝက်နာကျရောဂါများ ဖြစ်ပွားမှုများကြောင့် ဝက်မွေးမြူရေး လုပ်ငန်းအ နေဖြင့် ရပ်တည်ဖို့ရာ ခက်ခဲနေပြီ ဖြစ်ကြောင်း ဝက်မွေးမြူသူများနှင့် ထုတ်လုပ် ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးအောင်စိုးမင်းက ပြောသည်။
“ဝက်ရောဂါတွေက စုံနေတယ်။ နောက် ကိုဗစ်နဲ့လည်း ပတ်သက်နေတဲ့ အခါကျတော့ ဝက်သမားတွေက မိအေး အခါခါ နာနေတာ။ ဆက်လက်ပြီး ရပ်တည်ဖို့က ဌာနဆိုင်ရာတွေနဲ့ နိုင်ငံတော်အစိုးရ အဆင့်အနေနဲ့ သတ်မှတ်ပြီးတော့မှ ဝက် မွေးမြူရေးကို ပြန်လည် ထူထောင်ရေး လုပ်တဲ့အခါမှာ တိတိကျကျနဲ့ ထိထိရောက်ရောက် အမှန်တကယ် ပံ့ပိုးကူညီမှ ရှေ့ ဆက်လို့ရမယ့် အနေအထား ဖြစ်သွားပြီ” ဟု ၎င်းက ဆိုသည်။
တိုင်းဒေသကြီး အချို့တွင် ရောဂါများကြောင့် ဝက်များ ခြံလုံးကျွတ် သေဆုံးမှုများ ဖြစ်ပွားနေပြီး အရောင်းအဝယ် ပြုလုပ် စရာ အကောင်ရေ မရှိသည့် အခြေအနေကိုပင် ရင်ဆိုင်နေရကာ ဝက်သားဈေးကွက် ပျက်စီးမှု အခြေအနေကိုလည်း ကြုံ တွေ့နေရကြောင်း ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများ အသင်းကလည်းပြောသည်။
“ဌာနဆိုင်ရာတွေက ထိန်းချုပ်ပြီးတော့ အရေးယူနေတဲ့အခါ ဝယ်တဲ့သူတွေကလည်း ရမ်းပြီး မဝယ်ရဲဘူး။ ရောင်းတဲ့သူတွေ ကလည်း အခက်အခဲ ရှိနေတယ်။ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးက ဝက်တွေ ကုန်သလောက် ဖြစ်သွားပြီ။ ထုတ်ရောင်းဖို့ကို ကုန် သလောက် ဖြစ်သွားတာ။ ကျန်ခဲ့တဲ့ ခြံလေးတွေကလည်း ကူးစက်မှု မဖြစ်အောင် ရုန်းကန်နေရတဲ့ အခြေအနေမျိုး ဖြစ်တဲ့ အခါကျတော့ ဈေးသာပြောနေတာ အရောင်းအဝယ်က မရှိသလောက် ဖြစ်နေတာ” ဟု ဆိုသည်။
ယခင်က ဝက်ခြံဖမ်းဈေးမှာ ၁ ပိဿာ ၆ ထောင်ကျော် ရှိပြီး ယခုတွင် တပိဿာ ၄ ထောင်နှင့် ၅ ထောင်ကြားသို့ ကျဆင်း သွားသည်။ ထို့ပြင် ဈေးကွက်၌ ရောင်းချနေသည့် ဝက်သားဈေးမှာ ယခင်က ၁ ပိဿာလျှင် ကျပ် ၁ သောင်းမှ ၁၅၀၀၀ အထိ ရှိခဲ့ပြီး ယခုအခါ ၁ ပိဿာ ၆ ထောင်နဲ့ ၇ ထောင်ကြားတွင် ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဝက်ခြံတခု၌ အဆိုပါ ရောဂါပိုး တွေ့ရှိရာ ဝက်များ ခြံလုံးကျွတ် နီးပါး သေဆုံးကြရကြောင်း လွိုင်ကော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။
အာဖရိက ဝက်အပြင်းဖျား ရောဂါကို ကယားပြည်နယ်အပြင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း ရောဂါတွေ့ ရှိခဲ့ပြီး ဝက်အများအပြား သေဆုံးမှု ရှိခဲ့သည်။
အဆိုပါ အာဖရိက ဝက်အပြင်းဖျား ရောဂါပိုးကို ထိန်းချုပ်နိုင်ရန်အတွက် ဝက်နှင့် ဝက်ထွက်ပစ္စည်း သယ်ယူပို့ဆောင်မှု များကို ထိန်းချုပ်ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကာကွယ်ဆေး ထုတ်လုပ်ရေးနှင့် ရောဂါ ထိန်းချုပ်ရေး ဌာ နခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်းမော်က ပြောသည်။
“တိုင်းနဲ့ ပြည်နယ်ကျော်ပြီး ဝက်သယ်မယ် ဆိုရင် ကျန်းမာကြောင်း ထောက်ခံတဲ့ လက်မှတ်ရယ် ဝက်အပြင်းဖျားရောဂါ စစ်ဆေးပြီးမှပဲ သွားလာရမယ် ဆိုပြီး ညွှန်ကြားချက် ထွက်ထားတယ်။ တိုင်းနဲ့ ပြည်နယ်တွေကို ကူးသန်းသွားလာမယ် ဆို ရင် ကျနော်တို့ စိုးရိမ်တဲ့ ဝက်အပြင်းဖျား ရောဂါ ရှိ မရှိကို သွေးနမူနာ ဖောက်ပြီးတော့ ဓာတ်ခွဲခန်းကို ပို့မယ်။ ဓာတ်ခွဲခန်း အဖြေရပြီ ရောဂါကင်းစင်တယ် ဆိုမှ အဲဒါကျတော့မှ ခွင့်ပြုတာ” ဟု ၎င်းက ဆိုသည်။
ကူးစက်ရောဂါ တမျိုး ဖြစ်သည့် အာဖရိက ဝက်အပြင်းဖျား ရောဂါသည် မွေးမြူရေး သမားများအတွက် ရာနှုန်းပြည့် ဆုံးရှုံး နစ်နာသည့် ရောဂါမျိုးဖြစ်သည့်အတွက် မွေးမြူရေး လုပ်ငန်းရှင်တွေ အနေဖြင့် စိုးရိမ်ရေ အမှတ် အမြင့်ဆုံးရောက်နေပြီ ဖြစ်ကြောင်း ဦးအောင်စိုးမင်းက ပြောသည်။
ဦးအောင်စိုးမင်းက “ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ ကြိုတင် ကာကွယ်ပြင်ဆင်နိုင်မှု အနေနဲ့ နည်းပါးတယ်ဆိုရင် တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ရာနှုန်းပြည့် ထိခိုက်ဆုံးရှုံး နစ်နာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု ပြောသည်။
ဝက်မွေးမြူသူများနှင့် ထုတ်လုပ် ရောင်းချသူများအသင်း အချက်အလက်များအရ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ် ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့တွင် အာဖရိက ဝက်အပြင်းဖျားရောဂါအပြင် ဝက်နာကျ ရောဂါများကြောင့် ၂၀၂၀ နှစ်ဆန်းပိုင်းမှ စ၍ ယခုချိန်ထိ ဝက် ကောင်ရေ ၁ သိန်းကျော် နီးပါး သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
အာဖရိက ဝက်အပြင်းဖျား ရောဂါသည် ဝက်ချေးနှင့် အညစ်အကြေးများကြားတွင် ၇ ရက်၊ ဝက်ခြံအတွင်း ၁ လနှင့် အေးခဲ အသားတွင် ၅ နှစ်အထိ အသက်ရှင်နိုင်သော်လည်း လူသို့ ကူးစက်ခြင်း မရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆိုသည်။
သို့သော် အဆိုပါ ရောဂါပိုးကို ကူးစက်ပျံ့နှံ့စေသည့် အကြောင်းရင်းမှာ လူ၏ ပယောဂကြောင့်ဟု ယူဆရပြီး ကယားပြည် နယ် ဖြစ်စဉ်တွင်လည်း ရောဂါပိုး ရောက်ရှိလာရာ လမ်းကြောင်းတွင် ယင်းဖြစ်စဉ်ကို တွေ့ရကြောင်း လွိုင်ကော်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
လွိုင်ကော်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးမှူး ဒေါက်တာစိုးညွန့်က “ရောဂါမဖြစ်ခင်မှာ သူတို့ခြံကို ဝက်သားပေါက် လေးတွေ လာကြည့်တဲ့ သူတွေ ရှိတယ်။ အဲဒီကနေ ဖြစ်တယ်လို့ သုံးသပ်မိတယ်။ ရောဂါက လူကို မကူးဘူး ဆိုပေမယ့် ကူးစက်ရောဂါ ဖြစ်တဲ့ ခြံကို ဝက်ဝယ်တဲ့သူတွေက သွားမယ် သူတို့ ဖိနပ်တွေမှာ ရောဂါပိုး ပါလာတဲ့ အနေအထားမျိုးတွေ ဖြစ်နိုင်တယ်”ဟု ပြောသည်။
ဝက်မွေးမြူသူများအနေဖြင့် ဝက်ရောဂါများ မကျရောက်စေရန် ခြံအတွင်း ဆေးဖျန်းခြင်းတို့ အပြင် နီးစပ်ရာ ဆေးမြီးတိုများ နှင့် ကုသပေးနေသော်လည်း ဝက်များ အစုလိုက် အပြုံလိုက် ဖြစ်ပွားနေကြောင်း ပြောဆိုကြသည်။
အာဖရိက ဝက်အပြင်းဖျား ရောဂါကြောင့် မြန်မာနိုင်ငံ အပါအဝင် ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့် အာရှတဝှမ်းတွင် ကမ္ဘာတဝှမ်း ဝက်ကောင်ရေ၏ လေးပုံတပုံ လျော့ကျနိုင်ကြောင်း ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။
You may also like these stories:
အထိနာ ပြည်တွင်းခရီးသွားလုပ်ငန်း ရုန်းထရန် ကြိုးစားနေရ
ပြည်ပ အမှာမရှိ၍ အထည်ချုပ်လုပ်ငန်းများ လည်ပတ်ရန် ခက်ခဲလာ