ယခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိရေး ဆောင်ရွက်ရာတွင် ဘာသာရေးမှိုင်းတိုက်ကာ အသုံးချခြင်း မပြုလုပ်ရန် ဘာသာရေးခေါင်းဆောင်အသီးသီးက ဇူလိုင် ၁၃ ရက်နေ့တွင် မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။
ယင်းသို့ မေတ္တာရပ်ခံမှုတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့်ဆစ်(ခ်)ဘာသာ နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ဝင် ဘာသာရေးခေါင်းဆောင်များ ပါဝင်ခဲ့ကြပြီး အမျိုးသားရွေးကောက်ပွဲနှင့် ၂၁ ရာစုပင် လုံ ညီလာခံတို့အား မျှော်လင့်လျှက် အရပ်ဘက်၊ စစ်ဘက်၊ တိုင်းရင်းသားမျိုးနွယ်စု ဘာသာရေးနယ်ပယ်အသီးသီး မှ ခေါင်းဆောင်များ အပြန်အလှန်လေးစားမှုဖြင့် နားထောင်ကြပြီး အများကောင်းကျိုးအတွက် ဆုံးဖြတ်ချက်များ ချမှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြသည်။
မေတ္တာရပ်ခံရာတွင် ပါဝင်သည့် ဟာဂျီ ဦးအေးလွင်က “ဒီမိုကရေစီ ပီပြင်ဖို့အတွက် လွတ်လပ်တဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲက အင်မတန်အရေးကြီးတယ်။ အဓိကတော့ မတူကွဲပြားမှုနဲ့ ဘာသာရေးကို ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အသုံးမချဖို့ပါပဲ၊ နောက်ပြီး ညီညွတ်ရေးပေါ့၊ ဘာသာတရားကို လောကီအကျိုးအ တွက်ကို အထူးသဖြင့် အဓမ္မဝါဒီတွေက ဘာသာတရားကို ပုံပျက်ပမ်းပျက်လုပ်ပြီးတော့ လူတွေကို မှိုင်းတိုက်နေတဲ့ ကိစ္စ အဲ့ဒီအန္တရာယ်တွေကို ကာကွယ်ဖို့ပါ” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာအကြပ်အတည်း သုံးမျိုးကြား ပိတ်မိနေပြီး ပထမအချက်အနေဖြင့် သေးငယ်သည့်ရောဂါပိုး သည် လူသားတို့အား ပိတ်ဆို့ရပ်တန့်ထားပြီး သဘာဝတရားသည် အထိန်းအကွပ်ခံနေရကာ ကိုရိုနာဗိုင်းရပ်က ပုံစံသစ်များဖြင့် ရှင်သန်နေထိုင်ရန် အခွင့်အရေးပေးလျှက်ရှိကြောင်း ၎င်းတို့က ဆိုထားသည်။
ဒုတိယအချက်သည် သဘာဝပတ်ဝန်းကျင်၏ ခြိမ်းခြောက်မှုအန္တရာယ်ပင်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ပြောင်းလဲမှုဒဏ် အခံရဆုံး ၅ နိုင်ငံတွင် ပါဝင်နေကြောင်းနှင့် တတိယအချက်သည် မတူကွဲပြားမှုများမှာ အလှအပ တရားများဖြစ်သော်လည်း မြန်မာလူမျိုးများသည် လူမျိုးရေးကွဲပြားခြားနားမှုကို အဆင့်အတန်းသတ်မှတ်ကာ အ စွန်းရောက်စွာစွဲကိုင်းထားကြကြောင်းလည်း ပြောထားသည်။
ဟာဂျီ ဦးအေးလွင်က “ကိုဗစ်ဆိုတာက လူမျိုးဘာသာ ခွဲခြားမှုမရှိဘူး၊ သူ့ကိုပြန်ရင်ဆိုင်တဲ့အခါ ကျနော်တို့ကလည်း ခွဲခြားမှုမရှိတဲ့ပုံစံ ပြန်ရင်ဆိုင်ရမယ်။ ဇီဝ အမှုန်လေးတမှုန်က ကျနော်တို့ကို ဒီလိုသင်္ခန်းစာတွေပေးနေတယ်၊ ဒါကိုအခွင့်အရေးကို အ မိအရယူပြီးတော့ ညီညွတ်ရေးကို တည်ဆောက်ရမယ်။ ကျနော်တို့ရဲ့ အခြေအနေမှန်တွေကို ပြန်လေ့လာသုံးသပ် ပြီးတဲ့အခါမှာ ပြုပြင်သင့်တာတွေကို ရဲရဲတင်းတင်း ပြုပြင်ရမယ်။ ထောက်ပြသင့်တာတွေကို ရဲရဲတင်းတင်း ထောက်ပြဖို့အတွက် ဘာသာရေးခေါင်းဆောင်များကလည်း မိမိတို့သက်ဆိုင်ရာ နောက်လိုက်များကို တရားဒေသ နာတွေနဲ့ နှိုင်းယှဉ်ပြီး ဟောကြားဆုံးမ အသိပေးဖို့ပါ”ဟု ထောက်ပြသည်။

မညီညွတ်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများအား ထိခိုက်ဆုံးရှုံးစေခြင်း၊ လူသားအရင်းအမြစ်များ အား ပျက်စီးဆုံးရှုံးစေခြင်းတို့အတွက် တိုက်ပွဲများရပ်တန့်ရန်လိုအပ်ပြီး ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုများကိုလည်း ပိုမိုလေးနက်စွာလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဘာသာရေးခေါင်းဆောင်များက ဆိုထားသည်။
“စစ်တိုက်နေတဲ့အခါ လူငယ်အချင်းချင်းကို ညီအကိုဟုမမြင်စေဘဲ ရန်ငြိုးရှိသူဟုမြင်စေပါသည်။ စစ်သည် လူငယ် တို့၏ဘဝနှင့်ခြေ၊ လက်၊ အင်္ဂါများကို ပျက်စီးဆုံးရှုံးစေ၍ မိခင်များကို ငိုကြွေးစေကာ ဇနီးငယ်များကို မုဆိုးမဘဝ များသို့ တွန်းပို့ပေးနေသည်။ ဤအရာများ ရပ်တန့်ဖို့အချိန်ကျရောက်ပါပြီ” ဟုလည်း ဘာသာရေး ခေါင်းဆောင်များ က သတိပေးထားသည်။
အချင်းချင်းတိုက်ခိုက်မှုများကြောင့်လည်း သဘာဝအရင်းအမြစ်များ ဆုံးရှုံးရသကဲ့သို့ ဆယ်စုနှစ်များစွာ အခွင့်အ လမ်းနည်းပါးမှုကြောင့် လူငယ်များစွာ မူးယစ်ဆေးသားကောင်ဖြစ်ကြရခြင်း၊ မိမိနေရပ်တိုင်းပြည်ကို စွန့်ခွာကာ တိုင်းတပါးတွင် အလုပ်လုပ်ကိုင်နေရပြီး ဂုဏ်သိက္ခာနှင့် ဘဝများ ဆုံးရှုံးနစ်နာနေရကြောင်းလည်း ထောက်ပြ ထားသည်။
ခွဲခြားမှုပြုလုပ်ကာ အုပ်စိုးသည့်စနစ်သည် ကိုလိုနီစနစ်ဗျူဟာသာဖြစ်ပြီး တိုင်းပြည်တည်ဆောက်ရာတွင် မတူကွဲ ပြားမှုအား ကြောက်စရာမလိုကြောင်း၊ မြန်မာပြည်သူ/သားများသည် အဆုံးမရှိသည့်စစ်နှင့် ထိုက်တန်သူများ မ ဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့်သာ ထိုက်တန်သူများဖြစ်ကြောင်းလည်း မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။
အဆိုပါ မေတ္တာရပ်ခံတောင်းဆိုချက်တွင် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်အဖွဲ့ဝင် ဆရာတော် အရှင်ဘဒ္ဒန္တစန္ဒာဝရ နှင့် အရှင်စန္ဒာဝရာဘိဝံသ၊ ပါမောက္ခဆရာတော် ဒေါက်တာဓမ္မသာမိ(Oxford Sayadaw)အပါအဝင် ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ၊ ကာဒီနယ် ချားလ်(စ်)ဘို အပါအဝင် ကတ်သလစ်ဂိုဏ်းအုပ် ခရစ်ယာန်ဆရာတော်များ၊ အလ် ဟာဂျ်ခလီဖွာဟ် ဦးအေးလွင်(အစ္စလာမ်ဓမ္မဗိမာန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်မှ အကြံ ပေးပုဂ္ဂိုလ် ဦးကျော်သူ၊ မြန်မာနိုင်ငံ ဆစ်(ခ်)ဘာသာဘုန်းတော်ကြီးများ၏ဥက္ကဌ ဘိုင်းပရင်းမ်ဆင်၊ ငြိမ်းချမ်းမေ တ္တာ အဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင် ဘာသာရေးခေါင်းဆောင်များ ပါဝင်ခဲ့ကြသည်။
You may also like these stories:
ထွက်စာတင်သည့် အမတ်များကို ရွေးကောက်ပွဲထိ နုတ်ထွက်ခွင့်မပြုဟု ANP ပြော
မဲပေးပြီး တပြိုင်နက် စတင်မဲရေတွက်သည့်စနစ် ဆက်လက်ကျင့်သုံးမည်
ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ