မြန်မာနိုင်ငံတဝန်းလုံး၌ မျိုးသုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်မျိုးများထဲတွင်ပါဝင်သော မိကျောင်းများကို စီးပွားဖြစ် မွေးမြူခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန သစ်တော ဦးစီးဌာနက သိရသည်။
အဆိုပါ ဝန်ကြီးဌာန၏ ဇွန်လ ၃ ရက်က ထုတ်ပြန်ကြေညာချက်အရ ရေငန် မိကျောင်းမျိုးများ၊ အင်းမိကျောင်း (Mugger or Marsh) မိကျောင်းမျိုးများနှင့် Siamese ထိုင်းမိကျောင်းမျိုးများကို တိရစ္ဆာန်ဥယျာဉ်လုပ်ငန်း၊ စီးပွားဖြစ် ပြသခြင်း၊ အသား နှင့် အရေခွံထုတ်လုပ်ခြင်း(သားရေ) လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်သည်။
တောရိုင်းတိရစ္ဆာန်များကို စီးပွားဖြစ် မွေးမြူခွင့်ပြုလိုက်ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး စီးပွားရေး လုပ်ငန်းအမျိုး မျိုး အတွက် မွေးမြူနေမှုများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ကြီးကြပ် ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သစ်တော ဦးစီးဌာန၊ သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနထံက ဆိုသည်။
ယခုလို စီးပွားဖြစ် မွေးမြူခြင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို စတင် ခွင့်ပြုပေးထားပြီ ဖြစ်သော်လည်း ခွင့်ပြုပေးသွားမည့် ပုံစံ အသေးစိတ်၊ ထိုလုပ်ငန်းများကို လုပ်ကိုင်လိုသူများအတွက် မည်သို့ လုပ်ကိုင်ဆောင်ရွက်ရမည့် အချက်များ အပါအဝင် ခွင့် ပြုပေးသွားမည့် အခြေအနေကို နောက်ပိုင်းများ ဆက်လက် ကြေညာသွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ထုတ်ပြန်ထား သည်။
ထိုသို့ မိကျောင်းများကို စီးပွားဖြစ် မွေးမြူပြီး အသားနှင့် အရေခွံ (သားရေ) ထုတ်လုပ်ရောင်းချခွင့်များ ရှိလာပါက လက်ရှိ အချိန်တွင် ထိန်းသိမ်းရေးနှင့် အများပြည်သူများ လာရောက် လေ့လာနိုင်ရန် ဖွင့်လှစ်ထားသော ရန်ကုန်မြို့ရှိ သာကေတ မိကျောင်းမွေးမြူရေး စခန်းကို စီးပွားဖြစ် ထုတ်လုပ်သည့် လုပ်ငန်းတခု အဖြစ်ပြောင်းလဲ လုပ်ဆောင်သွားရန် အခြေအနေ ရှိ လာပြီ ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၏ ဒု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က မိကျောင်းတွေကို မျိုးခွဲတာတွေ မလုပ်နိုင်သေးတာကြောင့် သားရေ ရောင်းတာတို့ အသားရောင်း တာတို့ ဘာမှ လုပ်လို့ မရသေးတာ။ ကျနော်တို့က ဒီအတိုင်း မိကျောင်းတွေကို အစာကျွေးနေရတာတင် မနည်းဘူးဗျ။ ဒါ တွေကို ဝိတ်လျှော့နိုင်ပြီး စီးပွားလုပ်လို့ ရမယ်ဆိုရင် ပိုကောင်းတာပေါ့”ဟု ၎င်းကဆိုသည်။
လက်ရှိ ပြောင်းလဲပေးလိုက်သည့် မူဝါဒအပေါ် မူတည်ပြီး သာကေတ မိကျောင်း မွေးမြူရေးစခန်းကို မိကျောင်းများမွေးမြူ ခြင်း၊ အသားနှင့် သားရေ ထုတ်လုပ် ရောင်းချခြင်းများကို အတွေ့အကြုံ ရှိသော ပုဂ္ဂလိက ကုမ္ပဏီများနှင့်လည်း အကျိုးတူ ပူးပေါင်းမည့် အခြေအနေမျိုးအထိ ဖြစ်လာနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
လတ်တလောတွင် သာကေတ မိကျောင်း မွေးမြူရေး စခန်း၌ အကောင်ရေ ၅၀၀ ကျော်အထိ မွေးမြူ ထိန်းသိမ်းထား ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနထံက သိရသည်။
မျိုးသုဉ်းရန် အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES) ၏ ပြဋ္ဌာန်းချက်များအရ မွေးမြူထားသည့် တိရစ္ဆာန်များနှင့် တိရစ္ဆာန် အစိတ်အပိုင်းများကို ထုတ်လုပ် ရောင်းချ မည်ဆိုပါက မူလ မွေးမြူထားသည့် တိရစ္ဆာန်၏ တတိယမျိုးဆက်ကိုသာ ထုတ်လုပ်ရောင်းချခွင့်ပြုပြီး တိုးပွားလာသည့် အကောင်ရေအပေါ် ဌာနက သတ်မှတ်ထားသည့် ရာခိုင်နှုန်းအတိုင်း သဘာဝနေရင်း ဒေသများသို့ ပြန်လည် လွှတ်ပေး ရမည် ဖြစ်သည်။
သဘာဝ ဝန်းကျင်နှင့်သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့(WCS) တို့တွင် အကြီးတန်း Technical Coordinator အဖြစ် လုပ်ဆောင်ခဲ့ဖူးသော ဦးဝင်းကိုကိုက “ဒီလိုမျိုးက တခြားနိုင်ငံတွေမှာလည်း လုပ်နေကြ တာပဲ။ ဒီလိုမျိုးမွေးပြီး စီးပွားဖြစ် လုပ်လို့ရမယ်ဆိုတော့ ကောင်းပါတယ်။ ဒီအတိုင်း အစာကျွေးပြီး ထားထားမယ့်အတူတူ အမှိုက်က ရွှေဖြစ်အောင် လုပ်သလိုမျိုးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ စီးပွားဖြစ် မွေးမြူထုတ်လုပ်ခြင်းများကို ခွင့်ပြုလိုက်ခြင်းကြောင့် သဘာဝအတွင်းမှ ရှိသော မိကျောင်းများကို တရား မဝင် သတ်ဖြတ်မှုများ မဖြစ်ပေါ်လာစေရန်အတွက် စည်းကမ်း စနစ်တကျ လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။
မြန်မာနှင့် အိမ်နီးချင်း နိုင်ငံတခုဖြစ်သည့် ထိုင်းနိုင်ငံသည် မိကျောင်းများကို မွေးမြူပြီး ကမ္ဘာ့လှည့်ခရီးသွားများကို ဖျော် ဖြေခြင်း၊ အသားနှင့် သားရေ ထုတ်လုပ်ရေး လုပ်ငန်းများကို အကြီးအကျယ် လုပ်ဆောင်သော နိုင်ငံတခုဖြစ်ပြီး Sri Ayuthaya မိကျောင်းမွေးမြူရေး လုပ်ငန်းသည် ကမ္ဘာ့ပေါ်တွင် အကြီးဆုံး မိကျောင်းမွေးမြူရေး လုပ်ငန်း တခုဖြစ်သည်။ ထိုမွေးမြူရေးလုပ်ငန်းသည် သက်တမ်း ၃၅ ကျော် ရှိပြီဖြစ်သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ မိကျောင်းမွေးမြူရေး ခြံပေါင်း ၁၀၀၀ ကျော်အထိ ရှိနေပြီး မိကျောင်းကောင်ရေ ၁ သန်း ကျော်သည် မွေးမြူထားပြီး စီးပွားဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိသည်။
မိကျောင်းမွေးမြူရေး လုပ်ငန်းများက ထွက်ရှိလာသော ထုတ်ကုန်များကို တရုတ်က အဓိက ဝယ်ယူလျက်ရှိပြီး ဟောင် ကောင်၊ ထိုင်ဝမ်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသည်လည်း အများဆုံး ဝယ်ယူလေ့ရှိသည့် နိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၇၂ ခုနှစ်တွင် ပြည်သူ့ ပုလဲနှင့် ငါးလုပ်ငန်း ကော်ပိုရေးရှင်းက မိကျောင်းများကို နိုင်ငံခြားသို့ တင်ပို့ ရောင်းချမှုများ ပြုလုပ်ခဲ့ပြီး ယင်းနောက် သဘာဝမှ မိကျောင်းများကို အလွန်အကျွံ ဖမ်းဆီးမှုများကြောင့် မျိုးသုဉ်းမည့် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရပြီး ၁၉၉၄ ခုနှစ်တွင် ယင်းလုပ်ငန်းကို အစိုးရက ရပ်ဆိုင်းခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းကို မိကျောင်းများအတွက် ဘေးမဲ့ ဧရိယာအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းရေး ပြုလုပ်ခဲ့ကာ၂၀၁၅ ခုနှစ် စာရင်းများအရ မိန်းမလှကျွန်းတွင် မိကျောင်းအကောင် ၁၁၀ ကျော် အထိ ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ဘိုကလေးမြို့နယ်တွင် ကလေးငယ်တဦး မိကျောင်းကိုက်ခံရ