သတင်း

ရခိုင်တွင် စစ်ပွဲကြောင့် စာသင်ကျောင်း ၆၀ ခန့် ကျောင်းပြန်မဖွင့်နိုင်

Want create site? Find Free WordPress Themes and plugins.

တပ်မတော်နှင့် ရခိုင်စစ်တပ် (AA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စာသင်ကျောင်း ၆၀ ခန့်သည် ကျောင်းဖွင့်ကာလ ရောက်သည့် တိုင်အောင် ကျောင်းပြန်မဖွင့်နိုင်သေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

COVID – 19 ရောဂါ အန္တရာယ်ကြောင့် ကျောင်းများပိတ်ထားရပြီးနောက် ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုများကို ဇူလိုင်လ ၁၃ ရက်တွင် အခြေခံပညာအထက်တန်းကျောင်းများ၌ ပြန်လည်စတင်နေပြီဖြစ်သည်။

သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အထက်တန်းကျောင်း ၆ ကျောင်းအပါအဝင် မူလတန်းနှင့် အလယ်တန်းကျောင်း ၆၀ခန့် သည် စစ်ပွဲကြောင့် ကျောင်းပြန်မဖွင့်နိုင်သေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ဆိုသည်။

အဆိုပါ ပြန်မဖွင့်နိုင်သည့် စာသင်ကျောင်းများသည် ရသေ့တောင်၊ မြောက်ဦး ၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် အများစုတည်ရှိပြီး ယင်းမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံများသည် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာကာ စစ်ရှောင်စခန်းသို့ ရောက်နေသဖြင့် ကျောင်းပြန်မဖွင့်နိုင်သေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးတင်သိန်း က “ကလေးတွေက စစ်ရှောင်စခန်းတွေကို ရောက်နေလို့ အဲဒီနေရာတွေမှာ ကျနော်တို့ စာသင်နိုင်ဖို့ အတွက်၊ သူတို့ရောက်နေတဲ့ ကျောင်းတွေနဲ့ အနီးစပ်ဆုံးနေရာမှာ တက်ရောက်နိုင်ဖို့ပေါ့။ ဆရာ၊ ဆရာမတွေကိုပါ ရွှေ့ပြောင်းပြီး စာသင်ဖို့ ပြောထားပါတယ်” ဟု ပြောသည်။

အဆိုပါ စာသင်ကျောင်း ၆၀ ခန့် ပြန်မဖွင့်နိုင်သေးသော်လည်း ရခိုင်ပြည်နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ) ပေါင်း ၄၄၀ တွင် ကျောင်းအပ်လက်ခံမှုများ ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှ ပညာရေးဝန်ထမ်း တဦးကမူ တိုက်ပွဲများကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသဖြင့် အ.ထ.က ကျောက်တန်း ကို ပြန်မဖွင့်နိုင်သေးသော်လည်း ၎င်းတို့ရွာမှ အထက်တန်းကျောင်းသားများကို ရသေ့တောင်မြို့နယ်ရှိ ရွှေပါရမီ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်ပညာရေးဌာနက ကျောင်းအပ်လက်ခံပေး လျက်ရှိကြောင်း သိရသည်။

၎င်း က “စစ်ရှောင်စခန်းက ရသေ့တောင်မှာရှိလို့လေ။ အခုက အထက်တန်းကျောင်းတွေ လက်ခံတယ်ပေါ့။ ၈ လပိုင်း ပထမပတ်မှာ အလယ်တန်းတွေ လက်ခံမယ်။ ဒုတိယပတ်မှာ မူလတန်းတွေ လက်ခံမယ်။ အဲဒီလို ညွှန်ကြားထားတယ်” ဟု ဆိုသည်။

သို့သော်လည်း ကျောက်တန်းရွာမှ စစ်ဘေးရှောင်လာသော ကျောင်းသားများကို မည်သည့် နေရာရှိ စာသင်ကျောင်းတွင် စာသင်ကြားပေးမည်ဆိုသည့်အချက်ကိုမူ ပညာရေးဌာနဘက်က ရှင်းလင်းစွာ မပြောကြားရသေးကြောင်း ကျောက်တန်းရွာမှ ပညာရေးဝန်ထမ်းက ဆိုသည်။

၎င်းကဆက်၍ “ကျနော်တို့ စစ်ဖြစ်နေတဲ့ဒေသတွေကတော့ ဒီလိုပါပဲ။ မြို့ပေါ်မှာပဲ ကလေးတွေ ပညာရေးအတွက် သတ်မှတ်ပေးတဲ့ ကျောင်းတကျောင်းမှာပဲ သင်ရမှာပေါ့။ တိုက်ပွဲတွေကဖြစ်နေတော့လည်း အရင်ကလို ကိုယ့်ရွာကကျောင်းမှာ ကိုယ်တက်ဖို့ကတော့ အဆင်မပြေလောက်ဘူးထင်ပါတယ်” ဟု ထင်မြင်ချက်ပေးသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာ အထက်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ် မေလ ၁ ရက်က AA အဖွဲဝင်များဖြစ်သည်ဟု သံသယဖြင့် ရွာသား ၂၇၀ ကို ထိန်းသိမ်းထားစဉ် ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း ရွာသား ၆ ဦးသေဆုံးခဲ့သည်။

ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းထားသော ရွာသားများက လူစုလူဝေးဖြင့် ဆူပူအုံကြွလာသောကြောင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က အကြောင်း ပြချက်ပေးသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းများအတွက် ပညာရေးဌာနက ကျောင်းအပ်လက်ခံပေးနေသောကြောင့် ကျောင်းအပ်နှံမှုများရှိနေသော်လည်း ရေရှည်ကျောင်းတက်နိုင်မည့် အခြေအနေမှာ မရေရာဘဲဖြစ်နေသည်ဟု ဆိုသည်။

ကိုဇော်ဇော်ထွန်း က “ကျောင်းတွေ တက်ဖို့တော့ သူတို့ ပြင်ဆင်နေကြတယ်။ ဒါပေမယ့် သူတို့မှာ ကျောင်းတက်ဖို့အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကတော့ မတတ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အဲဒါတွေ သုံးနိုင်ဖို့က သူတို့မှာ အလုပ်အကိုင်ကလည်း ဘာမှမရှိဘူး။ ထောက်ပံ့မှုတွေကလည်း စားနပ်ရိက္ခာတောင်မှ သူတို့မှာ အခက်အခဲဖြစ်နေတာတွေရှိတယ်” ဟု ရှင်းပြသည်။

ဇူလိုင်လ ဒုတိယအပတ်အတွင်း REC က မင်းပြားမြို့နယ်ရှိ စစ်ရှောင်စခန်းများကို သွားရောက်လေ့လာခဲ့ရာ စခန်းများ၌ မိုးမလုံမှုများ၊ ၅ ပေ ၆ ပေ ပတ်လည် အခန်းတခန်းအတွင်း လူ ၅ ယောက်ခန့် စုပြုံနေရမှုများ၊ မိုးရွာသဖြင့် စခန်းအတွင်း ရေကြီးနေမှုများကို တွေ့ခဲရသည်ဟု ဆိုသည်။

“အဲဒီနေရာမှာပဲ ထမင်းချက်စားတယ်။ အဲဒီမှာပဲ အိပ်တယ်။ အဲဒီမှာပဲ ပစ္စည်းထားတယ်ဆိုတော့ တော်တော့်ကို ပညာသင်ကြားတဲ့ ကလေးတွေအတွက် အခက်အခဲရှိတယ်လို့ သေချာပြောနိုင်ပါတယ်ဗျ။ အဲဒီမှာ ဗွက်တွေ၊ ရွှံ့တွေရှိတယ်။ ရေဝပ်တဲ့အတွက်ကြောင့် ခြင်ကိုက်တယ်။ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ချေ တော်တော်များတယ်” ဟု ကိုဇော်ဇော်ထွန်း က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း စာသင်ကျောင်းဖွင့်ပြီး စာသင်နေစဉ်မှာပင် စာသင်ကျောင်းပေါ် လက်နက်ကြီး ကျည်ကျရောက်မှုများ ၊ သေနတ်ကျည်ဆန် ကျရောက်မှုများရှိရာ စာသင်ကျောင်းဝန်းကျင် လုံခြုံရေး ၊ ကျောင်းသားနှင့် ပညာရေးဝန်ထမ်းများအတွက် လုံခြုံရေးကို အစိုးရဘက်က ဆောင်ရွက်ပေးသင့်ကြောင်း လည်း ထောက်ပြသည်။

အခြေခံပညာ လုပ်သားများသမဂ္ဂ သုတေသနတာဝန်ခံ ဦးလှိုင်မျိုးဝင်းကမူ စာသင်ကျောင်းများ ပြန်မဖွင့်နိုင်သည့် အကြောင်း အရင်းသည် တိုက်ပွဲများဖြစ်ပွားသဖြင့် နယ်မြေ လုံခြုံမှုမရှိသောကြောင့်ဖြစ်ရာ တိုက်ပွဲများ ရပ်နိုင်မှသာ ရခိုင်ပြည်နယ်ရှိ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်း စွာပညာသင်ကြားနိုင်မည် ဖြစ်ကြောင်း ဆိုသည်။

ဦးလှိုင်မျိုးဝင်း က “လတ်တလောမှာ နှစ်ဖက် ဆွေးနွေးလို့ မရသေးလို့ တိုက်ပွဲ မရပ်နိုင်သေးဘူးဆိုရင်လည်း အစိုးရက စစ်ရှောင်စခန်းတွေနဲ့ စာသင်ကျောင်းတွေကို တိုက်ပွဲနဲ့ ဝေးတဲ့ လုံခြုံတဲ့တနေရာကို ရွှေ့ပေးသင့်တယ်။ ပြီးရင် အဲဒီနေရာကို စစ်မဲ့ဇုန်ကြေညာရမယ်။ ပြီးရင် မည်သည့် လက်နက်ကိုင်မှမဝင်ရလို့ သတ်မှတ်ထားသင့်တယ်” ဟု ဆိုသည်။

ယင်းနောက် စစ်မဲ့ဇုန်အတွင်းရှိ စစ်ရှောင် ကျောင်းသူ၊ ကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများ၏ စားဝတ်နေရေး၊ ကျန်းမာရေးကို အစိုးရက တာဝန်ယူဆောင်ရှောက်ပေးသင့်ကြောင်းလည်း ထောက်ပြသည်။

ဦးလှိုင်မျိုးဝင်းက “အခုက မြင်ရသလောက် ၂ ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေက ရွာနား၊ စာသင်ကျောင်းနားမှာပဲ တိုက်ခိုက် နေကြတယ်။ ကြားထဲမှာ အရပ်သားတွေ နစ်နာရတယ်။ သူတို့က ရွာတွေနားမှာပဲ တိုက်နေကြမယ်၊ မဖယ်ဘူးဆိုရင်။ အပြစ်မဲ့တဲ့ အရပ်သားတွေ၊ ပညာရေးဝန်ထမ်းနဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေကို လုံခြုံတဲ့နေရာ ကို ခေါ်ထုတ်ပြီး ရွှေ့ပြောင်းရမယ်။ အဲဒီလိုမှပဲ အရပ်သားတွေ နစ်နာမှုနည်းမှာ” ဟု မှတ်ချက်ပေးသည်။

ရခိုင်ပြည်နယ်တွင် စစ်ပွဲကြောင့် နေရပ်စွန့်ခွာသည့် စစ်ဘေးရှောင် ၂ သိန်းနီးပါးရှိနေပြီး ဒုက္ခသည် စခန်းပေါင်း ၁၅၀ ခန့်ရှိနေသည်။ REC က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ထားသော စာရင်းအရ ရခိုင်ပြည်နယ်ရှိ ကျောင်းနေအရွယ် ကလေး ပေါင်း နှစ်သောင်းနီးပါးသည် တိုက်ပွဲများကြောင့် ပညာသင်ယူရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

You may also like these stories:

အသားနှင့် သားရေထုတ်ရန် စီးပွားဖြစ် မိကျောင်း မွေးမြူခွင့်ပြု

ရွေးကောက်ပွဲတွင် ဘာသာရေးမှိုင်းတိုက်၍ အသုံးမချရန် မေတ္တာရပ်ခံ

ဝက်ရောဂါကြောင့် မွေးမြူသူများ ရပ်တည်ရန် ခက်ခဲနေ

Did you find apk for android? You can find new Free Android Games and apps.
Loading