စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ တပ်မတော်ပိုင် သကြားစက် စီမံကိန်းအတွက် သိမ်းယူခဲ့သော လယ်မြေများနှင့် ပတ်သက်ပြီး သိမ်းဆည်း လယ်ယာမြေ ပြန်လည်စွန့်လွှတ်ရန်နှင့် လျော်ကြေးထပ်ပေးရန် အစီအစဉ်မရှိကြောင်း ကာ ကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ယနေ့ ကျင်းပသော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
“စက်ရုံအတွက် မြေစတင်သိမ်းဆည်းစဉ်ကပင် ၎င်းခေတ်ကာလနှင့် လျော်ညီသော လျော်ကြေးငွေများ ပေးလျော်ပြီး ဖြစ်ခြင်းတို့ကြောင့် လျော်ကြေးငွေ ထပ်မံပေးလျော်ရန် မရှိပါကြောင်းနှင့် ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ထန်းတပင်၊ ချောင်းကန်၊ အင်းတော်၊ သလဲဦးစသည့် ကျေးရွာများမှ တောင်သူ ၁၈၀ကျော်ပိုင်ဆိုင်သော လယ်ယာမြေများကို ယင်းအချိန်ကာလပေါက်ဈေး ကျပ် ရှစ်သောင်းခန့်ရှိသည့်အချိန်တွင် ကျပ် နှစ်ထောင်သာ လျော်ကြေးပေး၍ သကြားစက်စီမံကိန်းအတွက် သိမ်းယူခဲ့ခြင်းကြောင့် တောင်သူများ၏ နစ်နာမှုအပေါ် ပြန်လည်ဖြေရှင်းပေးရန် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ယနေ့ အမျိုးသားလွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
“တောင်သူများဟာ ထိုက်သင့်တဲ့လျော်ကြေးလည်း မရသလို မြေအစားလည်း မရရှိခဲ့ပါဘူး။ စိုက်ပျိုးထားတဲ့ သီးပင်စားပင် များ ပျက်စီးတဲ့အတွက် နစ်နာခြင်းများ ကြုံတွေ့ ခဲ့ရပါတယ်။ ဒါကြောင့် ဖွတ်ကျောပြာစု ခရုဆံကျွတ်ဖြစ်နေတဲ့ တောင်သူများရဲ့ ဒဏ်ရာတွေကို လူမှုရေးတရားမျှတမှုရှုထောင့်ကနေကြည့်ပြီး ကုစားဖို့ တာဝန်ရှိနေပါတယ်” ဟု ဦးဝင်းအောင်က ပြောသည်။
၂၀၁၇ ခုနှစ်၊ မေလတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ(ခရိုင်)နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ခရိုင်)တို့ ကွင်းဆင်းစစ်ဆေးခဲ့ချက်အရ MEC ပိုင် သကြားစက်ရုံတွင် အသုံးမပြုသည့် ပိုလျှံမြေဧက ၁၀၀ ရှိပြီး ယင်းမြေများကို သီးစားချထားခြင်း၊ ငါးကန်များတူးဖော်ခြင်းများပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဦးဝင်းအောင်က လွှတ်တော်သို့ တင်ပြသည်။
ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကလည်း ပိုလျှံမြေများကို တောင်သူများကို ပြန်ပေးရန်၊ ထိုက်သင့်သည့် လျော်ကြေးမရသော တောင်သူများကို သိမ်းဆည်းစဉ် ကာလပေါက်ဈေးနှင့် ညီမျှသော မြေလျော်ကြေးများ ပြန်လည်တွက်ချက်ပေးရန် ဆုံးဖြတ်ထားသော်လည်း ယခုအထိ ပြန်လည်ပေးအပ်ခြင်းမရှိ၍ မေးခွန်းမေးရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က သကြားစက်ရုံ စီမံကိန်းအတွက် ကန့်ဘလူ မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ်မြေစာရင်းဦးစီးဌာန ကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တောင်သူ ၁၈၀ ကျော်အတွက် မြေယာလျော်ကြေးငွေများအား ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း လွှတ်တော်တွင် ဖြေကြားခဲ့သည်။
“တောင်သူတဦးလျှင် လျော်ကြေး နစ်နာကြေးများအား သက်ဆိုင်ရာ နယ်ဘက်ဌာနများ၏ ထောက်ခံချက်များနဲ့ အညီ ပေးလျော်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဆိုသည်။
နိုင်ငံတော်က သိမ်းဆည်းသော လယ်ယာမြေနှင့် အခြားမြေများကို မူလမြေပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်းသည့်မူဝါဒ ၁၀ ရပ်တွင် လျော်ကြေးနည်းပါး၍ ထပ်မံတောင်းဆိုလိုသည့် ကိစ္စရပ်များတွင် ယခင်ကာလ နှုန်းထားဖြင့် လျော်ကြေးပေးပြီးဖြစ်၍ ယင်းကာလ အဆုံးအဖြတ်အတိုင်းသာ အတည်ပြုရန်ဟု သတ်မှတ်ထားကြောင်း ဆိုသည်။
ထို့ပြင် လက်ရှိတွင် သကြားစက်ရုံမှာ လည်ပတ်နေပြီး အီသနောစက်ရုံ၊ ဝန်ထမ်းအိမ်ရာအဆောက်အဦများ၊ လမ်း ဧရိယာများနှင့် မျိုးကြံစိုက်ပျိုးမြေနှင့် ပဲစိုက်ခင်းတို့အား မြေလဲလှယ်စိုက်ပျိုးရေးစနစ်ဖြင့် ဆောင်ရွက်ထားခြင်းတို့ကြောင့် ပိုလျှံမြေမရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
ကော်မတီ၊ ကော်မရှင်အဆင့်ဆင့်က သကြားစက်ရုံမှ ပိုလျှံမြေများကို တောင်သူများကို ပြန်ပေးရန်နှင့် ထိုက်သင့်သည့် မြေယာလျော်ကြေး နစ်နာကြေးများပေးရန် အကြံပြုထားသော်လည်း ယနေ့ ဒုတိယဝန်ကြီး ဖြေကြားချက်မှာ ယင်း အချက်များကို ဂရုမစိုက်သကဲ့သို့ ဖြစ်နေကြောင်း MEC ပိုင် သကြားစက်ရုံ (ကန့်ဘလူ) မြေသိမ်းခံရသူများအသင်းမှ ဦးဆောင်သူတဦးဖြစ်သည့် ဦးသိန်းထွန်းအောင်က ပြောသည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ နစ်နာသူတောင်သူများအား စိတ်ဆိုးဒေါသထွက်စေသည့် လုပ်ရပ်ဟု ယူဆကြောင်း၊ ၎င်းတို့အနေဖြင့် အတတ်နိုင်ဆုံး နစ်နာမှုများအတွက် ဥပဒေဘောင်အတွင်းမှ ဆက်လက်တောင်းဆိုသွားမည်ဟု ၎င်းက ဆိုသည်။
“ကျနော်တို့က ဒုတိယလက်ပံတောင်းဆိုတာမျိုး အတတ်နိုင်ဆုံး အဖြစ်မခံဘူးပေါ့လေ။ ဥပဒေဘောင်ထဲက လုပ်လို့ ရတာတွေ၊ ဥပဒေပါ အခွင့်အရေးတွေ မရမချင်းတော့ ကျနော်တို့က ဆက်ပြီး ဆောင်ရွက်နေရမှာပဲပေါ့” ဟု ဦးသိန်းထွန်းအောင်က ပြောသည်။
၁၉၉၉ခုနှစ်တွင် တပ်မတော်ပိုင် MEC သကြားစက်ရုံစီမံကိန်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ထန် းတပင်၊ ချောင်းကန်၊ အင်းတော်၊ သလဲဦးစသည့် ကျေးရွာများမှ တောင်သူ ၁၈၀ကျော်ပိုင်ဆိုင်သည့် မြေဧရိယာ ဧက ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
မြေသိမ်းခံတောင်သူများအတွက် နစ်နာမှုများကို ဖြေရှင်းပေးရန်အတွက် ယခင်အစိုးရလက်ထက်မှ ယခုအစိုးရ လက်ထက် အထိ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌအပါအဝင် တပ်မတော်နှင့် သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်များထံ တင်ပြခြင်းနှင့် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
You may also like these stories:
ရိက္ခာပြတ်နေသည့် ဒါးလက်သို့ ဆန်ပို့ပါက အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် ယူရမည်ဟုဆို
ဂူတားပြင် စစ်ခုံရုံး သတင်းအမှောင်ချ၍ တပ်မတော် အပြစ်တင်ခံရ