သတင်း

ကသာတွင် ဧရာဝတီမြစ်ရေတက်၍ အိမ်ခြေ ၁၃၀ ခန့် ပြောင်းရွှေ့

ဧရာဝတီမြစ်ရေသည် ကသာမြို့နယ်တွင် စိုးရိမ်ရေမှတ်သို့ ရောက်လာမည့် အခြေအနေကြောင့် အိမ်ခြေ ၁၃၀ ခန့်ကို ယနေ့မှ စတင်ပြီး ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း ကသာ မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောသည်။

“ဒီနေ့ကပြောင်းတာပေါ့။ မနေ့ကတော့ တအိမ် နှစ်အိမ်ပဲ ပြောင်းတာ။ ကြိုပြီးပြောင်းရွှေ့တဲ့ သဘောပါ။ ကသာမြို့နယ် ကျောက်ထုံးကြီး အုပ်စုထဲက ကျေးရွာတွေက ကုန်းမြင့်တဲ့ဘက်ကို ပြောင်းရွှေ့တာပေါ့”ဟု ၎င်းက ပြောသည်။

ဧရာဝတီမြစ်ရေသည် ကသာမြို့၏ စိုးရိမ်ရေမှတ် ၁၀၄၀ စင်တီမီတာသို့ ရောက်ရှိလာမည့် အခြေအနေရှိနေသော်လည်း ယမန်နှစ်က အခြေအနေသို့ မရောက်ရှိသေးကြောင်း ဦးညီညီထွန်းက ဆက်ပြောသည်။

ဇူလိုင်လ ၁၄ ရက် တိုင်းတာချက်များအရ ဧရာဝတီ မြစ်ရေသည် ကသာမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခန့်တွင် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်သည်။

ယခုနှစ်တွင် မုတ်သုံ အားမကောင်းသဖြင့် ချင်းတွင်းမြစ်ရေ၊ ဧရာဝတီမြစ်ရေတို့သည် မြင့်တက်လာဖွယ် စိုးရိမ်ရသည့် အခြေအနေ မရှိဟုဆိုသော်လည်း ကသာမြို့တွင်မူ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

“ရွှေကူနဲ့ ကသာပဲ စိုးရိမ်ရေအမှတ် ရောက်နိုင်မယ်။ စိုးရိမ်ရေ အမှတ်ရောက်ပြီးမှ ပြန်ကျရင်လည်း ကျသွားနိုင်တဲ့ အနေအထားရှိတယ်။ လက်ရှိ ရှိတဲ့ ရေနဲ့တော့ အောက်ဘက်မှာ ရေမကြီးနိုင်သေးဘူး” ဟု ၎င်းပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ထားသည့် ကသာမြို့/ဧရာဝတီမြစ်ရေအခြေအနေ

ချင်းတွင်းမြစ်တွင်မူ ဟုမ္မလင်း၊ ဖောင်းပြင်၊ ခန္တီးတို့တွင် စိုးရိမ်ရေမှတ်အောက် ၃ ပေတွင်သာ ရှိနေသေးပြီး ဖောင်းပြင် တခုတည်းတွင်သာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့် အခြေအနေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

လက်ရှိအခြေအနေအရ မြစ်ကြီးနားတွင်ပင် မြစ်ရေမှာ ၁၀ ပေ ခန့်အထိ ကျဆင်းသွားပြီဖြစ်သဖြင့် ဧရာဝတီမြစ် အောက်ပိုင်း တလျှောက်လုံး မြစ်ရေကြီးမည့် အခြေအနေ မရှိသေးကြောင်း ဦးကျော်မိုးဦးက ပြောသည်။

“အခုက မြစ်ကြီးနားမှာ ကျသွားတဲ့ အနေအထားရှိတယ်။ ဆယ်ပေလောက်ကျသွားတဲ့ အနေအထားကျတော့ အောက်စခန်းတွေမှာလည်း ရေတက်လာပြီး ပြန်ကျသွားတဲ့ အနေအထားရှိတယ်။ အောက်စခန်းတွေမှာ စိုးရိမ်ရေ အမှတ်ရောက်ဖို့က တော်တော်လေး လိုသေးတဲ့ အနေအထားရှိတယ်” ဟု ဦးကျော်မိုးဦးက ပြောသည်။

ရွှေကူမြို့တွင်မူ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး နောက်ထပ် သုံးလက်မ ခန့် ထပ်မံမြင့် တက်လာနိုင်ခြေ ရှိကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

ပြီးခဲ့သည့် နှစ် သြဂုတ်လအတွင်းက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း စသည်တို့တွင် မိုးကြီးသဖြင့် ရေကြီးရေလျံမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ လူသေဆုံးမှုများအပြင် ကုန်စည်စီးဆင်းမှုပါ ရပ်တန့်ခဲံရသည်။

ဆက်စပ်ဖတ်ရှုရန် –

မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေ ဆက်တက်နိုင်ခြေ ရှိ

တနင်္သာရီတိုင်း ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လူပေါင်း ၇၀၀၀ ကျော် ဘေးသင့်

မွန်ပြည်နယ်တွင် ရေကြီးမှု၊ လယ်ဧက ၈၇၀၀၀ ကျော် ရေနစ်မြုပ်ခဲ့

Loading