ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလိန် ကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက် ကျေးရွာအတွင်း ပိတ်မိနေသူ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူ ၁ဝ ဦးတို့ကို ဇူလိုင်လ ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်က ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
ချိန်ခါလိန်ကျေးရွာနှင့် ကိုုးတန်ကောက် ကျေးရွာကြားတွင် တပ်မတော်နှင့် AA တို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နောက် တပ်မတော် စစ်ကြောင်း ကျေးရွာအတွင်းသို့ ဝင်ရောက်လာမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရကာ တချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ရွာသားများက ဆိုသည်။
ချိန်ခါလိန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦထွန်းတင်စိုးက “ရွာမှာ ကျန်ခဲ့တဲ့ သက်ကြီးပိုင်းတွေ၊ ကျန်းမာရေး မကောင်းလို့ မပြေးနိုင်ဘဲ ကျန်ခဲ့သူတွေကို ပြန်ကယ်ထုတ်နိုင်ခဲ့တယ်။ အဖမ်းခံထားရတဲ့ ရွာသား ၃ ဦးကိုလည်း အာမခံနဲ့ ပြန်ခေါ်လာနိုင်ခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ချိန်ခါလိန် ကျေးရွာအတွင်းသို့ တပ်မတော် စစ်ကြောင်းများ ဝင်ရောက်လာစဉ် ကျေးရွာအတွင်း ဈေးဆိုင်ရောင်းနေသူ အသက် ၆၀ အရွယ် ဦးထွန်းမောင်စိန် ဆိုသူအား ဇနီးရှေ့တွင်ပင် တပ်မတော်သားများက ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားသည်ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိသည်။
သို့သော်လည်း ယနေ့ ညနေပိုင်းက အရပ်ဘက်လူမှု အဖွဲ့အစည်းများက သွားရောက် ကယ်ထုတ်ခဲ့ရာတွင် နေအိမ်အတွင်း ထားခဲ့သော အလောင်းအား မတွေ့သဖြင့် ရှာဖွေသော်လည်း မတွေ့ခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ပြော သည်။
လက်ရှိအချိန်တွင် ဦးထွန်းမောင်စိန် ပစ်ခတ်ခံရပြီး သေဆုံးသွားသည် ဆိုသော်လည်း အလောင်း ရှာဖွေမရသည့်အတွက် ဒေသအတွင်း သတင်းအမျိုး ထွက်ပေါ်နေကာ ဖြစ်စဉ်အမှန်ကို အတည်ပြုရန် ခက်ခဲလျက်ရှိသည်။
ချိန်ခါလီ ကျေးရွာသား ကိုသန်းနိုင်က “ရွာမှာ ဘာတွေ ဖြစ်တယ်ဆိုတာ သတင်းတွေကတော့ အမျိုးမျိုး ထွက်နေတယ်။ ကျနော်တို့လည်း ထွက်ပြေးလာရတာဆိုတော့ တိတိကျကျ မသိဘူး။ စစ်ကြောင်းက အခုထိ ရွာမှာ ရှိနေတော့ သွား မကြည့်ရဲဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော် သတင်း ပြန်ကြားရေး အဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီက တပ်မတော် စစ်ကြောင်းက ရွာသားများကို ပစ်သတ်သည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း၊ ယမန်နေ့က AA တပ်ဖွဲ့ဝင်များကနေ ချိန်ခါလိန်ကျေးရွာအနီးရှိ ရဲ စခန်းနှင့် တပ်မတော် စစ်ကြောင်းကို ပစ်ခတ်သည့်အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်ချူပ် ထွန်းထွန်းညီက “မြေပြင် အခြေအနေ အသေးစိတ်တော့ သေချာ မသိရသေးဘူး။ တပ်မတော်က ပစ်လို့ သေဆုံးတာလည်း တယောက်မှ မရှိပါဘူး။ တပ်မတော်က ပစ်လည်း မပစ်ပါဘူး။ မနေ့က အဲဒီရွာနားက ရဲစခန်းနဲ့ တပ်မတော် စစ်ကြောင်းကို AA ပစ်လို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တာပဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ချိန်ခါလိန်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကိုးတန်ကောက်၊ ဒုံးပိုက်၊ ဆင်ပိုက် စသည့် ကျေးရွာသားများ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်ရှောင်းနေရကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ၂ နှစ်နီးပါး ကြာမြင့်လာမှုနှင့် စစ်ဘေးရှောင် အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံ ပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သား ပြည်သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့် အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်း များပြားလာနေသည့် အတွက် အရပ်သားအစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။
You may also like these stories:
ရိက္ခာပြတ်နေသည့် ဒါးလက်သို့ ဆန်ပို့ပါက အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် ယူရမည်ဟုဆို
ရခိုင်တွင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရရှိရေး NLD အခက်တွေ့
နယ်မြေရှင်းမည့် ညွှန်ကြားချက် ရုပ်သိမ်းလည်း ရသေ့တောင်ရွာ ၅၀ ကျော် အိမ်မပြန်နိုင်သေး