ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဆိုသော စွပ်စွဲချက်များအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံက သွားရောက် ရင်ဆိုင်နေရချိန် ကုန်ကျစရိတ်များရှိရာ ယင်း ဘဏ္ဍာငွေ သုံးစွဲမှုစရိတ်များ မှန်ကန်မှု ရှိ၊ မရှိကို စာရင်း အစစ်ခံနိုင်ကြောင်း အစိုးရက ပြောသည်။
ယနေ့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် အတိုက်အခံ ကြံ့ခိုင်ရေး ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ မောင်သင်းက ICJ အရေးကို ဖြေရှင်းနေသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကုန်ကျစရိတ်များအကြောင်းကို မေးမြန်းရာ အစိုးရ၏ ကိုယ်စား ဝန်ကြီး ဦးကျော်တင်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဒေါက်တာ မောင်သင်းက နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဦးစီးဌာနမှ လုပ်အားအတွက် ကုန်ကျစရိတ်အဖြစ် ၂၀ ၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံသည့်လိုငွေ ၆၈၀ တောင်းခံရာတွင် ကျွမ်းကျင်ပညာရှင် ရှေ့နေများ ငှားရမ်းခြင်း၊ သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်းများအား တဦးချင်းစီအလိုက် မည်မျှကုန် ကျသည်ကို သိရှိလိုခြင်း ဖြစ်သည်။
ထို့ပြင် ယင်းဝန်ကြီးဌာနအတွက် လေလံပစ္စည်း သယ်ယူစရိတ်များအတွက် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းကိုလည်း စနစ် တကျ အသေးစိတ် စိစစ်ရှင်းလင်းပေးရန် ရှိ၊ မရှိလည်း ဒေါက်တာ မောင်သင်းက မေးမြန်းခဲ့သည်။
ယခု အသုံးစရိတ်များသည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်တွင် ကျခံသုံးစွဲခဲ့သည့် အ သုံးစရိတ်များ ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ အတွင်းစာရင်းစစ်အဖွဲ့ ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်အဖွဲ့ တို့ထံ ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲမှု ရှိ၊မရှိနှင့် အသုံးစရိတ်များ မှန်ကန်မှုရှိ၊ မရှိ တို့ကို အသေးစိတ် စစ်ဆေးခံသွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က တုန့်ပြန်ခဲ့သည်။
“ဌာန၏ အတွင်းစာရင်းစစ်အဖွဲ့နဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့ မှ ဘဏ္ဍာရေး စည်းမျဉ်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနဲ့ အညီ သုံးစွဲမှု ရှိ၊ မရှိ၊ ရှေ့နေခ အသုံးစရိတ်အပါအဝင် အသုံးစရိတ်များ မှန်ကန်မှုရှိ၊ မရှိ တို့ကို စစ်ဆေး ခံသွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးကျော်တင်က ပြောသည်။
ထို့ပြင် အဆိုပါအသုံးစရိတ်များသုံးစွဲမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ညီညွှတ်မှု မရှိကြောင်း တွေ့ရှိပါက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ၎င်း၏ စာရင်းစစ် ချုပ်ရုံး အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြလိမ့်မည်ဟု ဆိုသည်။
ဒုတိယ မေးခွန်းဖြစ်သည့် လေလံပစ္စည်း သယ်ယူစရိတ်ကိစ္စရပ်များမှာ ICJ နှင့် တိုက်ရိုက် သက်ဆိုင်မှု မရှိဘဲ နိုင်ငံခြားရေး ဌာန တာဝန်ရှိသူများ တာဝန်အရ ခရီးများထွက်ခွာခြင်း၊ လေးလံပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း အပါအဝင် ပို့ဆောင်ရေးဆိုင်ရာ အသုံးစရိတ်များနှင့် သက်ဆိုင်ကြောင်း အစိုးရဘက်က ပြောသည်။
ယင်းအသုံးစရိတ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်များဖြစ်သည့်အပြင် ရသုံးမှန်းခြေငွေစာရင်း ဦး စီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနတို့မှ အရင်ဆုံး စစ်ဆေးပြီး ဒုတိယသမ္မတတို့က ပထမအဆင့် စိစစ် ကြောင်း၊ ထိုမှတဆင့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့မှ အသေးစိတ် အဆင့်ဆင့် စိစစ် အတည်ပြု ခွင့်ပြုခဲ့သည့် စရိတ်များဖြစ်ကြောင်း သိရသည်။
ICJ တွင် တရားရင်ဆိုင်ရာတွင် ကုန်ကျခဲ့သည့် အသုံးစရိတ်ရှင်းတမ်း၊ ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်းသယ် ယူစရိတ်များ၏ အသေးစိတ်ရှင်းတမ်းများကို ဘဏ္ဍာရေးစည်းမျဉ်းလုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းစစ်အဖွဲ့ထံတွင် စစ်ဆေးခံမည် ဖြစ်၍ ပြည်သူ့လွှတ်တော်တွင် သီးခြားရှင်းလင်းတင်ပြရန် အစီအစဉ် မရှိဟု ယင်းဝန်ကြီးက ပြောသည်။
“ICJ ၌ ရင်ဆိုင်နေရသည့်အမှုအတွက် မိမိတို့ ငှားရမ်းထားသည့် နိုင်ငံတကာ ရှေ့နေကြီးများ၏ ဝင်ငွေ အခကြေးငွေများ၊ အသုံးစရိတ်များကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မပြုရန် ကျင့်ဝတ်ကို လိုက်နာရန် တာဝန်လည်း ရှိပါတယ်”ဟု ဦးကျော်တင်က ပြောသည်။
ယင်းဖြေကြားချက်ကို ဒေါက်တာ မောင်သင်းက လက်မခံဘဲ ကျင့်ဝတ် သိက္ခာ လိုက်နာရမည်ကို နားလည်သော်လည်း ယင်းငွေများသည် ပြည်သူ့ဘဏ္ဍာငွေ ဖြစ်၍ ပြည်သူများ သိသင့်သိထိုက်သည်ဟု မြင်ကြောင်း ပြန်လည် ဆွေးနွေးသည်။
“ပြည်သူ့ ဘဏ္ဍာငွေဖြစ်လို့ ဘယ်လောက်ဘာတွေသုံးတယ်ဆိုတာကိုတော့ ကျင့်ဝတ်အရ ပြည်သူတွေ သိသင့်သိထိုက် တယ်လို့ မြင်ပါတယ်။ မရှင်းပြနိုင်ဘူးဆိုတာ သဘာဝကျပါရဲ့လား၊ နိုင်ငံတကာရှေ့နေနဲ့ စာရင်းစစ် အစီရင်ခံစာမှာ မညီရင် ရှင်းပြမယ်လို့ ဖြေကြားထားတာကို ကြားသိရပါတယ်”ဟု ဒေါက်တာ မောင်သင်းက ပြောသည်။
ဝန်ကြီး ဦးကျော်တင်က ပြန်လည် ဖြေကြားရာတွင် ၎င်းတို့ ဝန်ကြီးဌာန အနေဖြင့် စည်းမျဉ်းစည်းကမ်းအတိုင်းဌာနတွင်း စာရင်းစစ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်အဖွဲ့တို့ထံ အသေးစိတ်အစီရင်ခံမည် ဖြစ်ကြောင်းသာ ပြောသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက “အခုလို ထောက်ပြကြေးဆို ပြောစရာတွေက အရင် အစိုးရလက်ထက်မှာလည်း အများကြီးပဲ။ ဒါတွေက မပြောတော့ဘူး။ သို့သော် နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက် ဆောင်ရွက်တာလေ။ ဒီစရိတ်တွေက နိုင်ငံတော်က မဖြစ်မနေ ကျခံရမယ့် ကိစ္စ။ သက်ဆိုင်ရာဝန်ကြီးဌာနက ဦးစီးဌာနရဲ့ ငွေအသုံးစရိတ်ခေါင်းစဉ်မှာလည်း ရှိပြီးသား”ဟု ပြောသည်။
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင်ဟောင်း ဒေါ်ပြုံးကေသီနိုင်ကလည်း တရားရုံးတခုတွင် အမှု ရင်ဆိုင်နေရသည့် ကိစ္စတခုကို နိုင်ငံတော် အစိုးရက တချိန်လုံး ပွင့်လင်းမြင်သာမှု ရှိအောင် ရှင်းပြနေရန် မလိုကြောင်း၊ တရားရင်ဆိုင်နေသည့်အချိန်တွင် သူ့ဘက်ကိုယ့်ဘက် သိုသိုသိပ်သိပ် လုပ်ရမည့် ကိစ္စများ ရှိကြောင်း ပြောသည်။
“ဒါလက်ရှိ အစိုးရရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်။ သူ့ရဲ့ စီမံခန့်ခွဲပိုင်ခွင့်ထဲမှာပဲ ရှိတယ်။ လုပ်မယ့် ကိစ္စတခုချင်းစီကို လိုက်ပြီးတော့ ပွင့်လင်းမြင်သာအောင် ပြောနေစရာ မလိုဘူး။ ဒါက အမှုရင်ဆိုင်နေရတာလေ။ သုံးစွဲနေတာတွေ အားလုံးက သူ့ရဲ့ စည်း မျဉ်း၊ စည်းကမ်းနဲ့အညီ ညီညွှတ်နေဖို့ပဲ လိုတယ်”ဟု ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေ သီနိုင်က ပြောသည်။
ICJ တွင် တရားရင်ဆိုင်နေရသည့် ကိစ္စသည် နိုင်ငံတော်နှင့် ပြည်သူတရပ်လုံး၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ ပုံရိပ်တို့နှင့် သက်ဆိုင်သော အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည့်အတွက် တရားရင်ဆိုင်ရာတွင် ကုန်ကျသည့် ကျွမ်းကျင်ပညာရှင် ရှေ့ နေများငှားရမ်းခြင်း၊ ဥပဒေအကြံပေးများခန့်အပ်ခြင်း စသည့် အသုံးစရိတ်များသည် နိုင်ငံတော်၏ ဘဏ္ဍာငွေမှ ကျခံ သုံးစွဲခွင့်ရှိသည့် ကိစ္စများဖြစ်ကြောင်း အစိုးရက ပြောသည်။
ပြီးခဲ့သည့် မေလက ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် လွှတ်တော်တွင်လည်း ICJ တွင် ရင်ဆိုင် ဖြေရှင်းနိုင်ရေး ဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံရာတွင် ကုန်ကျစရိတ် ကျပ်သန်း ၆၈၀ ကို ဖြည့်စွက် တောင်းခံရခြင်းသည် ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် ညီရဲ့လားဟု တပ်မတော်သား ကိုယ်စားလှယ်တဦးက မေးခွန်းထုတ်ခဲ့ဖူးသည်။
ထိုစဉ်ကလည်း ယခု ဝန်ကြီး ဦးကျော်တင်ကပင် နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူများ ငှားရမ်းပြီး ICJ တွင် သွားရောက် အမှု ရင်ဆိုင်မည့်ကိစ္စကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလက နိုင်ငံတော်သမ္မတ အိမ်တော်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို ရှင်းလင်း တင်ပြပြီး ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။
ထိုစဉ်က တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က ဘဏ္ဍာငွေများ တောင်းခံရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဝန်ကြီးဌာနက ရေးဆွဲသည့် ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီရန် လိုအပ်သလို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြေညာစာများ ညွှန်ကြားချက်များနှင့် လည်း ကိုက်ညီရန် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာလုံခြုံရေးစခန်းများကို ARSA အဖွဲ့က ဦး ဆောင်၍ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် မွတ်စလင် ၇ သိန်း ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်ဟု နိုင်ငံတကာ သတင်းများက ဖော်ပြခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက ဂျီနိုဆိုက် (လူမျိုးတုန်းသတ်ဖြတ်မှု) စွပ်စွဲချက်ကြောင့် အပြည်ပြည်ဆိုင်ရာ တ ရားရုံး (ICJ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ့က မြန်မာနိုင်ငံ ကိုယ် စား သွားရောက် ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။
မြန်မာနှင့် ဂမ်ဘီယာ၏ နှစ်ဖက် လျှောက်လဲချက်များကို နားထောင်ပြီးနောက် ICJ က အချက် ၄ ချက် ပါဝင်သော ကြား ဖြတ်အမိန့် တခုကို ဇန်နဝါရီလ ၂၃ ရက်က ချမှတ်ခဲ့ရာ လေးလ အကြာ ပြီးခဲ့သည့်မေလ ၂၃ ရက်တွင် မြန်မာနိုင်ငံက အစီရင်ခံစာတခု တင်သွင်းခဲ့ပြီး ဖြစ်သည်။
၂၀၁၇ ဖြစ်စဉ်တွင် မွတ်စလင် ၇ သိန်း ထွက်ပြေးခဲ့ရမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို အကြောင်းပြု ၍ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော်ကို အရေးယူရန် တိုက်တွန်းမှုများ ရှိနေပြီး နိုင်ငံ တချို့က တပ်မတော် ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ပိတ်ထားသလို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ဖြင့်လည်း အရေး ယူရန် ကြိုးပမ်းမှုများ ရှိနေသည်။