ချင်းပြည်နယ်၊ ပလက်မြို့နယ်တွင် အခြေချ၍ စစ်ရေးလှုပ်ရှားနေသည့် ရက္ခိုင်စစ်တပ် (AA) အဖွဲ့ကို ချင်းပြည်နယ် အတွင်းက ဆုတ်ခွာသွားရန် ချင်းအမျိုးသားတပ်ဦး (CNF) က သတိပေးပြောဆိုလိုက်သည်။
ဗဟိုဌာနချုပ် ဝိတိုရိယစခန်းတွင် ဇူလိုင် ၇ ရက်မှ ၁၅ ရက်အထိ ပြုလုပ်ခဲ့သော ချင်းအမျိုးသား တပ်ဦး (CNF) ၏ ဒုတိယအကြိမ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး အပြီးတွင် CNF ဘက်က ယင်းသို့ ပြောဆို ခြင်းဖြစ်သည်။
အစည်းအဝေးတက်ရောက်ခဲ့သည့် CNF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီက “AA နဲ့ ပါတ်သက်ပြီး အစိုးရတပ်နဲ့ ကျနော်တို့ဘာမှ မညှိနှိုင်းဘူး၊ အဓိက နှစ်ဖက် တိုက်ပွဲရပ် ဖို့ပါ။ တိုက်ပွဲ မဖန်တီးနိုင်အောင်က AA အနေနဲ့ ပလက်ဝ ဒေသကနေ ဆုတ်ဖို့ပေါ့” ဟု ပြောဆိုလိုက်သည်။
တပတ်ကြာ ကျင်းပခဲ့သည့် ကော်မတီအစည်းအဝေးတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင် ပြည်နယ်တွင် ရှိသည့် IDP များကို ကူညီပံ့ပိုးရေး၊ ပလက်ဝတွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် AA တို့အကြားက တိုက်ပွဲများအရေးကို ဆွေးနွေးခဲ့ကြသည်။
ထိုတိုက်ပွဲများကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများကို ချင်းပြည်သူနှင့် လက်တွဲလုပ်သွား နိုင်မည့်အကြောင်းအရာများနှင့် ပလက်ဝမြို့နယ်အတွင်းတွင် AA စစ်ရေးမဖော်ဆောင်နိုင်ရန်နှင့် ချင်းမြေပေါ်တွင် ခြေကုတ်မယူနိုင်ရန်ဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။
ဆလိုင်းထက်နီက “အစိုးရက ကျနော်တို့ကို ဘယ် ဒေသမဆို နေလို့ရတယ်။ ပလက်ဝဒေသမှာ ကျနော်တို့ တပ်ကို နေခွင့်မပေးဘူး။ တကယ်လို့သာ ကျ နော်တို့ကိုသာ ပလက်ဝဒေသမှာ နေခွင့်ပြုရင် ဒီလိုအခြေအနေ ဆိုးထိ ဖြစ်လာမှာမဟုတ်ဘူးလို့ ကျနော်တို့က ထင်တယ်။ အခုကတော့ ဖြစ်လာပြီဆိုတော့ AA ခြေကုတ်မယူ နိုင်အောင် အကောင်းဆုံး နည်းလမ်းရှာပြီး ကျနော်တို့ကတော့ လုပ်ရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ်အတွင်း AA အခြေချရခြင်းနှင့်ပတ်သက်ပြီး Chin Cable Network Channel နဲ့ ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့၏ အင်တာဗျူးတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်က နယ်နမိတ်ချင်းဆက်စပ်နေသည့်အတွက် စစ်ပွဲအောင်နိုင်ရေးအတွက် မလွဲမရှောင်သာ ဝင်ရောက်လာရခြင်း ဖြစ်ကြောင်း ဖြေဆိုထားသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ကျနော်တို့က စစ်ရေးကို ရခိုင်ပြည်တကွက်ထဲ လုပ်လို့မရဘူး။ ဒါသေရေရှင်ရေးကိစ္စ ဖြစ်တယ်။ ကျနော်တို့ ဝင်ချင်သည်ဖြစ်စေ၊ မဝင်ချင် သည်ဖြစ်စေ ဒါသေရေးရှင်ရေးကိစ္စမို့ ဝင်ရတယ်။ စစ်ပွဲ တပွဲ ဖြစ်လာရင် နိုင်အောင် တိုက်ဖို့အတွက်က ဒါက ရှောင်လွှဲလို့ မရပါဘူး။ ချင်းနဲ့ ရခိုင်ပြည်နယ်က ဆက်စပ်နေတော့ သူ့နယ်နမိတ်၊ ကိုယ့်နယ်နမိတ်လို့ ခွဲခြားပြီး ပြောနေပေမယ့် တကယ်ဆိုရင်တော့ လူမူဘဝတွေက ခွဲခြားလို့ မရပါဘူး။ ဒါကြောင့် ကျနော်တို့ ဆက်စပ်ပြီး လှုပ်ရှားရတာဖြစ်ပါတယ်” ဟု ဆိုသည်။
CNF ဥက္ကဋ္ဌ ပူဇင်ကျုံးကလည်း AA အနေဖြင့် ချင်းမြေပေါ်တွင် စစ်ရေးလှုပ်ရှားခြင်း မပြုရန်သတိပေးချက်ကို နားမထောင်ပါက ပွင့်ပွင့်လင်းလင်းတိုက်ထုတ်ရလိမ့်မည်ဟု ဇန်နဝါရီ ၂၆ ရက်က ပြောကြားထားသည့် သတင်းထွက်ပေါ်မှုနှင့် ပတ်သက်ပြီး ဆလိုင်း ထက်နီက ပြန်လည်ရှင်းပြသည်။
ဆလိုင်း ထက်နီက “အကြမ်းနည်းနဲ့ စစ်ရေးအရ ဖြေရှင်းမလား။ နိုင်ငံရေးအရ ဖြေရှင်းမလားကျနော်တို့ကတော့ ပြောလို့ မရဘူး။ သူတို့ ကျနော်တု့ိပြည်နယ်မှာ မနေနိုင်ဖို့ တိုက်ထုတ်မယ် ဆိုတာက ဘယ်လို တိုက်ထုတ်မလဲ ဆိုတာက စစ်ရေး အရလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲ အရလည်း ဖြစ်နိုင်တာပေါ့။ အမျိုးမျိုး ပြောလို့ ရပါတယ်” ဟု ပြောသည်။
၂၀၁၆ ခုနစ်တွင် CNF က AA ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ချင်းပြည်နယ်တွင် တိုက်ပွဲမပြုလုပ်ရန် ကမ်းလှမ်း ချက်အပေါ် AA က လက်မခံခဲ့တာကြောင့် ယခုအခါ AA နှင့် ထပ်မံဆွေးနွေးမည်မဟုတ်ကြောင်း ၎င်းက ဆို သည်။
ကုလားတန်မြစ်ကြောင်း တလျှောက် တပ်မတော် စစ်ကြောင်း တပ်စွဲထားသည့် ပလက်ဝမြို့နယ် မီးဝကျေးရွာ အနီး ဗျူဟာကုန်း ဝန်းကျင်၌ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် AA တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။
You may also like these stories:
AA ကို ထောက်ပံ့မှုနှင့် စွပ်စွဲဖမ်းဆီးထားသူ ၉ ဦးအမှု ချုပ်ရမန် ထပ်ယူ
ချင်းပြည်နယ်အတွင်း AA စစ်ရေးလှုပ်ရှားမှု မပြုရန် CNF တောင်းဆို