ငွေကြေးခဝါချမှုကို အားပေးနေသဖြင့် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချ သတ်မှတ်ခြင်ကို ပယ်ဖျက်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိူင်လ ၁၃ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်၌ ပြောကြားသည်။
မူလက နိုင်ငံတော်၏ လက်ရှိ စီးပွားရေးအခြေအနေကို ပိုမိုတိုးတက် ကောင်းမွန်ရေး ပြည်သူများ လက် ဝယ်ရှိ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများ ပြန်လည်ထွက်ပေါ် လာစေရေးနှင့် ပြည်ပတွင် စီးပွား ရေး လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံသားများ၏ ဝင်ငွေများ ပြန်လည် ဝင်ရောက်လာစေရန် ရည်ရွယ်၍ ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သော်လည်း အခွန်နှုန်းထား လျှော့ချပေးခြင်းက ငွေကြေးခဝါမှုကို အထောက်အကူ ဖြစ်စေ ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်ဟု ဝန်ကြီးက ပြောသည်။
“မြန်မာနိုင်ငံက အာရှ-ပစိဖိတ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ ဝင်လည်း ဖြစ်တော့ ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေး အဖွဲ့ (FATF) ရဲ့ စံနှုန်းတွေကို လိုက်နာဖို့ လိုတယ်။ မြန်မာနိုင်ငံက ငွေကြေးခဝါချ တိုက်ဖျက်ရေး စာရင်းမှာ ဆိုရင် မီးခိုးရောင် အဆင့် သတ်မှတ်ခံထားရတာ ဖြစ်တဲ့အတွက် အခွန်နှုန်းထား လျှော့တာက ငွေကြေး ခဝါချမှုကို အားပေးရာ ရောက်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံချင်း အပြန်အလှန် အကဲဖြတ်ရင် ရလာဒ်ကို ဆိုးစေတယ်”ဟု ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅ တွင် ပါရှိသော စည်းကြပ်မှုမှ လွတ်ကင်း နေသော ဝင်ငွေများ အပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချ သတ်မှတ်ထားခြင်းကို ယခုနှစ် ပြဋ္ဌာန်းသည့် ၂၀၂၀ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်က ဥပဒေပုဒ်မ ၂၅ အရ စည်းကြပ်ခွင့်မှ လွတ်ကင်းသည့် ဝင်ငွေအပေါ် အခွန် ၃ ရာခိုင်နှုန်း လျှော့ချပေးခဲ့ရာမှ ၂၀၂၀ ခုနှစ် အောက်တိုဘာ လ ၁ ရက်က စ၍ အခွန် ၃၀ ရာခိုင်နှုန်း တိုးမြင့်၍ မူလ အတိုင်း ကောက်ခံ မည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အခွန်နှုန်းထားလျှော့ချပေးခြင်းနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကို လွှတ်တော် သို့ တင်သွင်း စဉ်ကလည်း ဘဏ္ဍာနှစ် တနှစ်သာ ခွင့်ခြင်းကြောင့်လည်း ယခုနှစ်တွင် သက်သာသော အခွန် နှုန်းထားများကို ပယ်ဖျက်၍ မူလအခွန်နှုန်းထားအတိုင်း ထားရှိရခြင်း ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “ကိုဗစ် ရောဂါ ဖြစ်နေချိန်မှာ ဒါက လုပ်ငန်းရှင်တွေ ထဲတော့ တော်တော်လေး ဂယက်ရိုက်သွားပြီးတော့ ပြောတော့တမျိုး လုပ်တော့ တမျိုး ပုံစံဖြစ်သွားတာပေါ့။ သူတို့ပြန်ရှင်းလိမ့်မယ် ထင်ပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက အခွန်အကောက် လျှော့ချပေးခြင်းက ငွေကြေးခဝါချမှုကို အားပေးသည်ဟု ပြော၍ မရကြောင်း မြန်မာနိုင်ငံသည် ယခင်ကတည်းက ငွေကြေးခဝါချမှုတွင် နာမည်ကြီးနေကြောင်း ၎င်းက သုံးသပ်သည်။
“ဒါကြောင့် ဒီတခုထဲနဲ့ စွပ်စွဲပြီးတော့ ဖြစ်တယ်ဆိုတာတော့ လှေနံဓါးထစ် ပြောလို့ မရပါဘူး။ တဖြည်းဖြည်း အသေးစိတ် ကြည့်ရင် ပိုမြင်နိုင်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။
လက်ရှိ အခွန်အကောက် ဥပဒေအနေနှင့် ထွက်လာသော်လည်း အခါအားလျှော်စွာ ပြုပြင်နေသည့် ကိုဗစ် ကာလတွင် ဆောင်ရွက်မည့် CERP ပြောဆိုခြင်း များလည်း ပါရှိသောကြောင့် အစိုးရမှ ထုတ်ပြန်သော အမိန့် ကြေညာစာ၊ သတင်း အစရှိသည်တို့မှာ နားလည်မှု ခက်ခဲသော ကြောင့် လုပ်ငန်းရှင်များကြား ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းသည့် ဝင်ငွေခွန် သက်သာခွင့်သည် အောက်တိုဘာလတွင် စတင်အသက်ဝင် သော် လည်း အစိုးရဌာနများ၏ ပြင်ဆင်မှုများကြောင့် နိုဝင်ဘာလမှသာ စတင်ခံစားရကြောင်း၊ အခွန် သက်သာ ခွင့်ပေးပြီး သုံး၊ လေးလကြာမြင့် ချိန်တွင် ကိုဗစ်ကပ်ရောဂါ ရရှိလာသဖြင့် ဈေးကွက်များရပ်တန့်ခဲ့ရသည်။
ယင်း အခြေအနေများကြောင့် လက်ရှိ မြန်မာ့နိုင်ငံ၏ စီးပွားရေး အခြေအနေများမှာ ပုံမှန်အခြေအနေသို့ ပြန်လည်မရောက် ရှိသေးသဖြင့် စီးပွားရေးလောကအတွက် ထိရောက်သော ခံစားခွင့်များ မရရှိခဲ့ခြင်း မရှိကြောင်း လုပ်ငန်းရှင်များက ပြောဆို ကြသည်။
You may also like these stories:
အခွန်သက်သာခွင့် သီးခြား ဥပဒေတရပ် ပြဌာန်းပေးမည်
အခွန်အကောက်ဥပဒေတွင် စည်းကြပ်လွတ်ကင်း ဝင်ငွေခွန် လျှော့ချထား