တရုတ်က ကူညီမည့် ယွမ် ၄ ဘီလီယံ ဖြင့် မြန်မာ-တရုတ် နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ် တိုးချဲ့ ရန် အဆိုပြုထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင် လွင်က ဧရာဝတီကို ပြောသည်။
“ဒီထောက်ပံ့ငွေက ဝန်ကြီးဌာနကို တိုက်ရိုက် ချပေးတာတော့ မဟုတ်ပါဘူး။ တရုတ်- မြန်မာ စီးပွားရေး စင်္ကြန်နဲ့ ဆက် စပ်ပြီး တရုတ်ဘက်က ပေးတဲ့ငွေကြေး အထောက်အပံ့အဖြစ် နိုင်ငံတော်ကို ပေးတာပါ။ ဒါကို စီမံဘဏ္ဍာ ဝန်ကြီးဌာန က တဆင့် စီးပွားရေး စင်္ကြန်နဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေကို အဆိုပြုလွှာတွေ တင်ကြဖို့ စီမံဆောင်ရွက်ခြင်း ဖြစ် ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းတွင် ပါဝင်မည့် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး စသည့် ကဏ္ဍများကို အထောက်အပံ့ ပြုနိုင်မည့် ဆောင်ရွက်ချက်များအတွက် မြန်မာ အစိုးရအား ယွမ် ၄ ဘီလီယံ (ကျပ် ဘီလီယံ ၇၈၀ ကျော်) ဂရန့်အဖြစ် ပေးထား ကြောင်း စီးပွား/ကူးသန်းမှ ဒုဝန်ကြီး ဦးအောင်ထူးက ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သော ဝန်ကြီးဌာန စတုတ္ထ တနှစ်တာ ကာလ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေဖြင့် စီးပွား/ကူးသန်းက မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်မှ ကျင်စန်းကျော့ အထိ သွားရာလမ်း အား၂ လမ်းသွား လမ်းမအဖြစ် တိုးချဲ့ရန် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ပြည်ထောင်စု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနထံ အဆိုပြုလွှာ (Proposal) တင်ပြထားကြောင်း သိရသည်။
လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က “တရုတ်နဲ့ အဓိက ထိတွေ့နေရတာကလဲ ကုန်သွယ်ရေးပိုင်းက ဖြစ် တယ်။ လက်ရှိမှာလဲ နယ်စပ်ကုန်သွယ်ရေး အကျပ်အတည်းကြောင့် နှစ်ဖက်လုံး အခက်အခဲဖြစ်နေတော့ တကယ်လို့ ကျနော်တို့ ဝန်ကြီးဌာနက လျှောက်ထားတဲ့ ပရိုပိုဆယ်သာ ရခဲ့ရင်တော့ ဒီဂိတ် တိုးချဲ့ဖို့ ကိစ္စ ဖြစ်လာမှာပါ။ အဲဒါဆိုရင် တော့ လက်ရှိ ကုန်သွယ်မှုမှာ ရင်ဆိုင်နေရတဲ့ ယာဉ်ကြောကြပ်တာတွေ၊ အဆင်မပြေမှု တချို့ အထိုက်အလျှောက် ပြေ လည်သွားမှာပါ” ဟု ပြောသည်။
လက်ရှိ တရုတ်နိုင်ငံက ထောက်ပံ့ပေးမည့် ယွမ် ၄ ဘီလီယံသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ တဆင့် အဆိုပြုလာသော ဝန်ကြီးဌာနများအလိုက် စိစစ်ချထားပေးမည် ဖြစ်ရာ ယခု နယ်စပ်ဂိတ်သွားရာ လမ်းချဲ့မည့် စီးပွား/ ကူးသန်း ဝန်ကြီးဌာန၏ အဆိုပြုချက် ရွေးချယ်ခံရပါက လမ်းတံတားနှင့် သက်ဆိုင်သော ဆောက်လုပ်ရေး ဝန်ကြီးဌာ နမှ တဆင့် ဆက်လက် ဆောင်ရွက်သွားဖွယ် ရှိသည်ဟု ၎င်းက ရှင်းပြသည်။
မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်း၏ ဗဟို အလုပ်အမှုဆောင် ဦးစိုင်းခင်မောင်က “လက်ရှိ ကုန်သွယ်မှု အကျပ်အတည်းကလည်း ကိုဗစ်ကြောင့် တရုတ်က အဝင်/အထွက် ကန့်သတ်နေလို့ ဖြစ်ရတာလေ။ အဲဒီတော့ ကိုဗစ် ကာလ လွန်တဲ့အခါ လမ်းတွေ၊ နယ်စပ်ဂိတ်တွေက ပိုကောင်းလာမယ် ဆိုရင်တော့ ကုန်သွယ်ရေးမှာ အရင်ထက် အများကြီး ပိုတိုးတက်လာနိုင်မယ်။ ဒါပေမယ့် ဒီလို နယ်စပ်ဂိတ်တွေ ချဲ့တာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်လူတွေနဲ့ လုပ်နိုင်ရင် တော့ အကောင်းဆုံးပေါ့။ အဲဒီလို မဟုတ်ဘဲ တခြားနိုင်ငံက လာလုပ်ပေးတာမျိုးဆိုရင် အဲဒီဒေသခံတွေက ကျွန်လိုပဲ ဆက်ဆံ ခံကြရတာများတယ်” ဟု ဧရာဝတီကို ပြောသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ကိုဗစ် စတင် တွေ့ရှိပြီးနောက် ဧပြီ ၅ ရက်မှ စတင်ကာ မြန်မာနိုင်ငံသားများ တရုတ် နိုင်ငံတွင်း ဝင်ထွက်ခြင်း ကန့်သတ်ခြင်း၊ ကုန်တင်ယာဉ်များအား တရုတ်နိုင်ငံမှ ကျန်းမာရေး စစ်ဆေးချက်များ ရရှိထား သည့် ယာဉ်မောင်း ၂၀ ဦးဖြင့်သာ ယာဉ်မောင်း အစားထိုးစနစ်ဖြင့် ဝင်ခွင့်ပြုခြင်း၊ လိုအပ်သည်ထက် စစ်ဆေးမှုများ ပိုမိုတင်းကြပ်ခြင်း တို့ကြောင့် ကုန်သွယ်ရေးတွင် အချိန်ကြန့်ကြာခြင်း၊ ပုပ်သိုးလွယ် ကုန်စည်များ ပျက်စီး လေလွင့် ရခြင်း၊ တောင်သူများ ထိခိုက်နစ်နာခြင်း၊ ကုန်တန်ဆာခများ ဈေးတက်လာခြင်း စသည့် အခက်အခဲ များအား မြန်မာ လုပ်ငန်းရှင်များက ကြုံတွေ့နေရကြောင်း မူဆယ် အဝေးပြေး ကုန်စည် ပို့ဆောင်ရေး အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့် က ဧရာဝတီကို ပြောသည်။
လက်ရှိ ကုန်သွယ်ရေး အကျပ်အတည်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်နှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းများလည်း ရှိနေကြောင်း၊ နယ်စပ် ပြဿနာများကိုလည်း ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဒုဝန်ကြီးက ဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန်
ကိုဗစ်ကို အကြောင်းပြ၍ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ခြင်း မဟုတ်ဟု တရုတ်ပြော
တရုတ်နယ်စပ် တင်းကျပ်မှုကြောင့် မြန်မာကုန်ကား ၂၀၀၀ ခန့် ပိတ်မိနေ
တရုတ်နယ်စပ်ဂိတ် အဝင်/အထွက် ပိတ်သဖြင့် ဆန်နှင့် ဆန်ကွဲ ရောင်းချမှု ထက်ဝက်လျော့ကျ