ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာမှ ရွာသား ၆ ဦးကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီးနောက် ရွာသား ၁ ဦးမှာ စစ်ကြောရေး လုပ်ဆောင်စဉ် ကာလအတွင်း မိမိကိုယ်ကိုယ် သတ်သေသွားသည်ဟု သတင်း ရရှိသည်။
သေဆုံးသွားသူမှာ အသက် ၃၇ နှစ်အရွယ် ဦးစိုးမြင့်ထွန်းဖြစ်ပြီး ကြိုးဆွဲချသေဆုံးခြင်းဖြစ်ရာ အလောင်းကို လာယူရန် ဇူလိုင် ၁၄ ရက်နေ့က ရမ်းဗြဲရဲစခန်းမှ အကြောင်းကြားလာကြောင်း၊ အလယ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင် က ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က “ ကျနော်ဆီကိုတော့ ရမ်းဗြဲရဲစခန်းက ဖုန်းဆက်ပြီးတော့ ကြိုးဆွဲချလို့ သေဆုံးသွားတယ် ဆိုပြီး အကြောင်းကြားပါတယ်။ အဲဒါနဲ့ မိသားစုဝင်တွေနဲ့ မအီဆေးရုံကနေ အလောင်းကို သွားယူလိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူသည် စစ်ကြောရေးအတွင်း ကြိုးဆွဲချ သေဆုံး သွားသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူများ အကြားတွင် ဝေဖန်မှုမြင့်တက်နေပြီး ရင်ခွဲ စစ်ဆေးချက်များကို မိသားစုဝင်များက တောင်းခံခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ အလောင်းကို ယနေ့ သဂြိုလ်လိုက်ပြီဖြစ်ကြောင်း ဒေသခံကျေးရွာသားများနှင့် မိသားစုဝင်များက ပြောသည်။
ယခုလ ဇူလိုင်လ ၁၁ ရက်နေ့က ကျောက်ဖြူ အခြေစိုက် ခလရ ၃၄ တပ်ရင်းနဲ့ ပူးပေါင်း အဖွဲ့သည် အလယ်ချောင်း ကျေးရွာသို့ ရောက်ရှိလာပြီး တချို့ကို နေအိမ်၌ ရှိနေစဉ် ခေါ်ယူသွားသလို တချို့မှာလည်း လယ်ကွင်းထဲမှ စစ်ဆေးစရာ ရှိသည်ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားရာ ရွာသား ၆ ဦး ပါသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကပြောသည်။
၎င်းက“ ဖမ်းတဲ့နေ့က ဘာကြောင်းဖမ်းတယ်ဆိုတာတော့ ကျနော်ကိုလည်း ဘာမှ ပြောသွားတာမရှိဘူး။ စစ်ဆေးစရာ ရှိတယ်လို့ ပြောတယ်။ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ်။ အဲဒီအချိန်ကျရင် အကြောင်းကြားမယ်လို့သာ ပြောသွားတယ် ” ဟု ရှင်းပြသည်။
တပ်မတော်သားများသည် ဦးစိုးမြင့်ထွန်းအား လယ်ကွင်းထဲတွင် ကောက်စိုက်နေစဉ် စစ်ဆေးစရာ ရှိသည်ဟုဆိုကာ လုပ်ငန်းခွင်မှ ခေါ်ယူသွားခြင်း ဖြစ်ပြီး ထိုနေ့က ဖမ်းဆီးခံထားရသူများမှာ သေဆုံးသူ ဦးစိုးမြင့်ထွန်း အပါအဝင် ဦးမောင်ထွန်းဝင်း ( ၄၄ ) နှစ် ၊ ဦးဇော်လွင် ( ၃၅ ) နှစ်၊ ဦးမောင်မြင့်ထွန်း ( ၃၇ ) နှစ်၊ ကိုမျက်ဝန်း ( ၂၅ ) နှစ် နှင့် မောင်ငြိမ်းချမ်း ( ၂၀ ) နှစ် တို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့အားလုံးမှာ စိုက်ပျိုးမွေးမြူရေး၊ ရေလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြောင်း၊ ကျန်ရှိသော ဖမ်းဆီးခံ ရွာသား ၅ ဦး၏ မိသားစုဝင်များကလည်း ဖမ်းဆီးခံထားရသူများနှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆို သော်လည်း မရရှိကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ယမန်နေ့က တောင်ကုတ်ရဲစခန်းမှ ဦးစိုးမြင့်ထွန်း ဆွဲကြိုးချပြီး သေဆုံးသွားပြီး ဆိုသည်ကို အကြောင်းကြား လာသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် အကြောင်းကြားပေးခြင်း သာ ဖြစ်ပြီး ဖမ်းဆီးစဉ် မပါဝင်သည့်အတွက် ဖြစ်စဉ် အပေါ် မသိရှိကြောင်း ပြောသည်။
ရဲမှူးဇော်ဝင်းက “ ဖမ်းဆီးခဲ့တဲ့အချိန် ကျနော်တို့ မပါဘူး။ ကျနော်တို့ဆီက တပ်ဖွဲ့ဝင်တွေလည်း မပါဘူး။ ကျနော်တို့ကို လည်း ပြောခဲ့တာမရှိလို့ ဖြစ်စဉ်ကိုတော့ ကျနော်တို့လည်း မသိဘူး။ မနေ့က တောင်ကုတ်ရဲစခန်းက သေဆုံးတဲ့ အကြောင်း ကြားလာလို့ ကျနော်တို့က အကြောင်းကြားပေးလိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်သတင်းပြန်ကြားရေးကမူ အလယ်ချောင်း ရွာသား ၆ ဦးအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် မအီမြို့မ ရဲစခန်း၌ သီးသန့် အဆောက်အဦတွင် ၁ ဦးစီထားရှိခဲ့ရာ ဇူလိုင်လ ၁၃ ရက် ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် ၎င်းအား ချည်နှောင်ထားသော ကြိုးကို ဖြည်၍ ခေါင်မိုး ထုပ်တန်းပေါ်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန်လ ၂၃ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်တွင် မင်းချောင်း တံတား ဘက်မှ အလယ်ချောင်းကျေးရွာသို့ ဆိုင်ကယ် ၁စီးဖြင့် လာရောက်သည့် လူ ၂ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက မသင်္ကာ၍ စစ်ဆေးခဲ့ရာတွင် AA တပ်ဖွဲ့ ဝင်များ ဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရာ ဆက်စပ် ဖော်ထုတ်စစ်ဆေးချက်များအရ AA အမာခံ အလယ်ချောင်း ကျေးရွာသား ၆ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ ဖြစ်ပွားနေသော တိုက်ပွဲကာလ၌ တပ်မတော်က ထိန်းသိမ်း စစ်ဆေး ခဲ့စဉ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များမှ ကျေးရွာသား ၁၈ ဦးထိ သေဆုံးမှုရှိလာပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
AA အဖွဲ့ ချင်းပြည်နယ်ထဲမှ ဆုတ်ခွာရန် CNF သတိပေး
ချိန်ခါလိန်ရွာ တိုက်ပွဲကြောင့် ပိတ်မိနေသူများကို ပြန်ကယ်ထုတ်
ရခိုင်တွင် စစ်ပွဲကြောင့် စာသင်ကျောင်း ၆၀ ခန့် ကျောင်းပြန်မဖွင့်နိုင်
တပ်မတော်သား ၃ ဦးအား မုဒိမ်းမှုဖြင့် ဦးဂါ ရွာသူ အမှုဖွင့်
ရေနံနှင့် ဓာတ်ငွေ့ကြောင့် စစ်ပွဲအရှိန်မြင့်တက်ဟု ရခိုင်ရေနံစောင့်ကြည့်အဖွဲ့ပြော