မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စတာ Thomas Andrews က လူ့အခွင့်အရေး ကောင်စီတွင် အစီရင်ခံပြောကြားခဲ့သည့်အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ဇူလိုင်လ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပနေသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Thomas Andrews က မြန်မာအစိုးရ ရပ်တည်နေရသော အနေအထားကို နိုင်ငံတကာက နားလည်ရန် မြန်မာအစိုးရအနေနှင့် တံခါးများကို ဖွင့်ထားသင့်သည်ဟု ပြောဆိုခဲ့ခြင်းသည်။
ထိုပြောဆိုချက်အပေါ် လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် လူ့အခွင့်အရေးကောင်စီ၏ နိုင်ငံတနိုင်ငံ အပေါ်သာ ဦးတည်သတ်မှတ်သည့် လုပ်ပိုင်ခွင့် အာဏာများသည် သက်ဆိုင်ရာနိုင်ငံနှင့် အပြုသဘောဆောင်ပြီး စစ်မှန်သည့် ဆွေးနွေးမှုမျိုး ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။
မစ္စတာ Thomas Andrews သည် မစ္စယန်ဟီးလီနေရာတွင် အစားထိုး ဝင်ရောက်တာဝန်ယူသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကိုယ်စားလှယ် ဖြစ်သည်။
အထူးအစီရင်ခံစာ တင်သွင်းသူများသည် နိုင်ငံတနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ တိုးတက်ရေး အကြံပြုရာတွင် ဘက်လိုက်မှု ကင်းပြီး စိတ်ရင်းအမှန်ဖြင့် ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းကျင့်ဝတ်ကို တိကျစွာ လိုက်နာပြီး ပညာရှင်ဆန်ဆန် တာဝန်ထမ်းဆောင်ရန် အရေးကြီးကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောသည်။
နိုင်ငံတနိုင်ငံ၏ သမိုင်းကြောင်း မတူကွဲပြားမှု၊ ပြဿနာ၏ ရှုပ်ထွေးမှုတို့အား သိရှိနားလည်ကာ လက်တွေ့ အခြေအနေနှင့် မြေပြင်စိန်ခေါ်မူများကို ကောင်းစွာ သဘောပေါက်နားလည်ရေးသည် သက်ဆိုင်ရာနိုင်ငံနှင့် အထူးအစီရင်ခံစာ တင်သွင်းသူတို့အကြား အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဦးတည်၍ ဝေဖန်အပြစ်တင်နေမှုများနှင့် ပတ်သက်၍ လူ့အခွင့်အရေးကောင်စီတွင် တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဧရာဝတီသို့ပြောသည်။
“System ကိုက မြန်မာတနိုင်ငံတည်းကို ရွေးထုတ်ပြီးတော့ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ဟာက နိုင်ငံရေးဘက်ကို ရောက်သွားတယ်။ နိုင်ငံရေးဘက်ကို ရောက်သွားပြီ ဆိုကတည်းကိုက တရားမျှတမှု၊ ဓမ္မဓိဌာန်ကျမှုတွေ လျော့နည်းသွားပြီ။ မြန်မာလိုပဲ ပြည်တွင်းစစ်တွေ ဆိုးဆိုးဝါးဝါးကြုံနေတဲ့ ဥပမာ ယီမင်တို့ ဘာတို့ပေါ့။ အဲဒီလိုနိုင်ငံတွေမှာလည်း ချိုးဖောက်မှုတွေ အများကြီးရှိခဲ့တယ်လေ။ အဲဒီနိုင်ငံတွေကျတော့ ဘာမှ သေသေချာချာ ဝေဖန်ထောက်ပြ ဆွေးနွေးတာ။ ဖိအား ပေးတာ မရှိဘူး” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ သဘောဆန္ဒမပါဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (Special rapporteur) ခန့်အပ်မှုကို လက်မခံကြောင်းလည်း ဦးချမ်းအေးက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စတာ Thomas Andrews ကမူ မြန်မာနိုင်ငံလူ့အခွင့်အရေးတိုးတက်ရန် ဆက်ဆံရေးအတွက် အရေးကြီးသည့် ကြားနာခြင်းကိစ္စကို ဆောင်ရွက်သွားမည် ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၊ ခြိမ်းခြောက်ခံရသူများကို အကာအကွယ်ပေးရေးနှင့် အမှန်တရား ထုတ်ဖော်မှုတို့ကိုလည်း ဆောင်ရွက်သွားမည်ဟု အစည်းအဝေးတွင် ပြောဆိုထားသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP -Myanamar) ၏ ပြင်ပဆက်ဆံ ဆက်သွယ်ရေး ဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းကမူ လူ့အခွင့်အရေးကောင်စီတွင် ဆွေးနွေးမှုများသည် မြန်မာနိုင်ငံအတွက် သက်ရောက်မှု ကြီးကြီးမားမား မရှိသော်လည်း သတိထားသင့်သည်ဟုဆိုသည်။
“ကျနော်ထင်တာကတော့လူ့အခွင့်အရေးကောင်စီက သိပ်ပြီးတော့ အစွယ်မရှိလှဘူးပေါ့။ အများစုကတော့ သူ့ရဲ့ အစီရင် ခံစာက Naming and Shaming ပေါ့။ နိုင်ငံတွေကို အရှက်ရအောင် လုပ်တယ်ပေါ့။ ရှက်တတ်ရင် ပြင်ဆိုတဲ့ ဟာမျိုးတွေ ပေါ့။ သို့ပေမယ့်လည်း ဘယ်လိုအကြောင်းရှိသလဲဆိုတော့ အရင်ကိစ္စတွေမပြီးခင် တခုပေါ် တခုဆင့်လာတာပေါ့။ သတိတော့ ထားရမယ့် သဘောမျိုးရှိတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် လူ့အခွင့်အရေးကောင်စီ၏ နိုင်ငံတနိုင်ငံအပေါ်သာ ဦးတည် သတ်မှတ်သည့် လုပ်ပိုင်ခွင့် အာဏာများသည် သက်ဆိုင်ရာနိုင်ငံနှင့် အပြုသဘောဆောင်ပြီး စစ်မှန်သည့် ဆွေးနွေးမှုမျိုး ဖော်ဆောင်နိုင်မည် မဟုတ်ဟု ဦးကျော်မိုးထွန်း၏ ပြောဆိုချက်နှင့် ပတ်သက်၍လည်း ဦးအောင်သူငြိမ်းက ဝေဖန်ပြောဆိုသည်။
“အဲဒါကလည်း ဟိုးအရင် စစ်အစိုးရလက်ထက်တုန်းကလည်း ကျနော်တို့ အဲဒီလိုပဲ ပြောတာကြားတယ်။ ကျနော်ထင်တယ်။ အစိုးရကတော့ ဒါတွေ ဂရုမစိုက်ဘူးပေါ့ဗျာ။ နောက်တခုကကျတော့ ဒီလို Record ခေါ်မလား။ မှတ်တမ်းတွေကိုလည်း ကောင်းအောင်လုပ်ဖို့ မထားနိုင်ဘူးထင်တယ်။ ပြည်တွင်းက တခြားအရေးကိစ္စတွေကြောင့် အာရုံမထားနိုင်တာလည်း ပါနိုင်တာပေါ့” ဟု ၎င်းက ရှင်းပြသည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် ညီမျှခြင်း မြန်မာ အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်မှုကို လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည့် နိုင်ငံများအရေး အာရုံစိုက်ရန် ခန့်အပ်နေခြင်းဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ၁၉၉၂ ခုနှစ် တပ်မတော်အစိုးရ အုပ်ချုပ်သည့်ကာလကတည်းက လူ့အခွင့်အရေးကောင်စီက အာရုံစိုက်နေခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိလည်း အာရုံစိုက်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
“အခုချိန်ထိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကတော့ ငြင်းလို့မရဘူး။ အခုဆိုရင် အိုင်စီစီတို့ အိုင်စီဂျေတို့ အထိပါ အာရုံစိုက်လာတာ ဖြစ်တဲ့အတွက် ဒါတွေက အထူးစုံစမ်းစစ်ဆေးရေးအရာရှိ လုပ်ထုံးလုပ်နည်းတွေ ဆက်ပြီး လိုအပ်တယ်လို့ ထားရှိဖို့အတွက် သက်သေတွေပဲ ဖြစ်နေပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ကုလသမဂ္ဂ၏ အထူးစုံစမ်းစစ်ရေး ကိုယ်စားလှယ် ခန့်အပ်မှုကို မြန်မာအစိုးရအနေနှင့် မလိုလားပါက မြန်မာနိုင်ငံတွင် စုံစမ်းစစ်ဆေးမှုများ လုပ်စရာမလိုဟု ယူဆနိုင်သည်အထိ ပွင့်လင်းမြင်သာစွာ ရှင်းပြရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုသည်။
You may also like these stories:
နာမည်ပျက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး ဘယ်လို အဖတ်ဆယ်မလဲ
အင်တာနက် ဖြတ်တာ အများပြည်သူအကျိုးစီးပွားတဲ့လား
ဂူတားပြင် စစ်ခုံရုံး သတင်းအမှောင်ချ၍ တပ်မတော် အပြစ်တင်ခံရ