ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အရပ်သားသေဆုံးမှုကို လာစစ်ဆေးသည့် တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS) က ၅ ကြိမ် လာပစ်ခတ်သည်ဟု တပ်မတော်ဘက်မှ သတင်းထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇွန် ၂၉ ရက်က ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားရာ ပန်ကန်ရွာမှ ရွာသား ၁ဦး ပစ်ခတ်ခံရ၍ သေဆုံးကာ တဦး ဒဏ်ရာရပြီး လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ အရပ်သား၁ဦး ရိုက်နှက်ခံရခြင်းတို့ နှင့် ပတ်သက်ပြီး တပ်မတော်က ကျူးလွန်ကြောင်း အရပ်သားများဘက်မှ ပြောဆိုထားပြီး၊ ဇူလိုင် ၁၀ရက်တွင် ကျောက်မဲဒေသခံများက တရားမျှတမှု ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဆန္ဒပြပွဲ လုပ်ခဲ့တယ်။ သတ်ခဲ့တယ်လို့ စွပ်စွဲ ခဲ့တယ်။ စွပ်စွဲခဲ့တဲ့ နေရာကို သွားပြီး အဖြစ်မှန်ပေါ် အောင် သွားစစ်တာကို သွားစစ်တဲ့ အဖွဲ့ကို ဘာလို့ ချောင်းပစ် တာလဲ။သူတို့ မရိုးသားလို့ ချောင်းပစ်တာပေါ့”ဟု ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း အရပ်သားများ ထိခိုက်သေဆုံးမှု နှင့် ပတ်သက်၍ စစ်ဆေးရန် တပ်မတော်အရာရှိကြီး ၁ဦး ဦးစီးကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် စစ်ဆေးရေး အဖွဲ့ကို ပန်ကန်ရွာသို့ လွှတ်ခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် ၂ ကြိမ်၊ ဇူလိုင် ၁၅ ရက်တွင် ၃ ကြိမ် RCSS ဘက်မှ နှောင့်ယှက် ပစ်ခတ် ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။
ပစ်ခတ်ခံရသည့် နေရာများမှာ ကျောက်မဲမြို့မှ ပန်ကန်ရွာသို့ သွားသည့် လမ်း၊ နောင်ပိန်ကျေးရွာနှင့် နမ့်မော်ဖိတ် ရွာကြားနှင့် ဟဲကွီရွာ၊ ပန်ကျင်ရွာတို့ အနီးတွင် ပစ်ခတ်ခံရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် တပ်မတော်စစ်ကြောင်းအနေဖြင့် ဖြစ်စဉ်မှန် ပေါ်ပေါက်ရန် သက်ဆိုင်ရာ ကျေးရွာ အလိုက်ကိုလည်း ဥပဒေနှင့် အညီ စုံစမ်းစစ်ဆေးပါမည်ဟုလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုဖြစ်ရပ်နှင်ပတ်သက်၍ တပ်မတော်မှ ကျူးလွန်သည်ဟု အရပ်သားများက ပြောဆိုနေသလို ရှမ်းလူမှုအဖွဲ့အစည်း ၃၆ဖွဲ့က တပ်မတော်အနေဖြင့် ကျူးလွန်သူများကို အရေးယူပေးရန် ဇူလိုင် ၁၃ရက်နေ့က တောင်းဆိုထားသည်။
ကျောက်မဲမြို့နယ် ၏ လွှတ်တော်ကိုယ်စားလှယ် ၄ဦးကလည်း တပ်မတော်၏ လက်လွယ်စပယ် လုပ်ရပ်ကို စုံစမ်း ပေးရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ သမ္မတရုံး၊ အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာနတို့ကို တိုင်ကြားထားပြီး အရပ်သား တသောင်း ကျော်ကလည်း တပ်မတော်ကို လမ်းလျှောက်ချီတတ်ကာ ဆန္ဒထုတ်ဖော် ထားသည်။
ဧရာဝတီမှ RCSS ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံများကို မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော် လည်း ဆက်သွယ်၍ မရပါ။
RCSS ၏ သတင်းဌာန တခုဖြစ်သည့် Tai Freedoom ၌ တပ်မတော်နှင့် RCSS တပ်ဖွဲ့များသည် ဇူလိုင် ၁၄ ရက်တွင် ကျောက်မဲမြို့နယ်၊ ကုန်းညှောင့်ကျေးရွာအနီး တိုက်ပွဲဖြစ်ကြောင်း ရေးသားထားပြီး တပ်မတော်ဘက်မှ စွပ်စွဲချက် နှင့် ပတ်သက်၍ တစုံတရာ တုန့်ပြန်ထားခြင်း မရှိပါ။
တပ်မတော်နှင့် RCSS ကြား အငြင်းပွားမှုများ ထပ်မံဖြစ်နေသည့်အပေါ် ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက မေးမြန်းရာ ၎င်းက တပ်မတော်၏ စုံစမ်း စစ်ဆေးရေးအဖွဲ့များမှာ ဇူလိုင် ၁၃ ရက်က ကျောက်မဲသို့ ရောက်လာပြီး စစ်ဆေး နေခြင်း ဖြစ်သည် ဟု ပြောသည်။
ပန်ကန်ရွာသို့ တပ်မတော်၏ စုံစမ်းစစ်ဆေးရေး အဖွဲ့ မသွားခင် ရှေ့မှ တပ်မတော်စစ်ကြောင်းများ အရင်ဝင်သွားပြီး လမ်းရှင်းသည့် အနေဖြင့် ပစ်ခတ်နေသည့် အခြေအနေ ရှိပြီး လမ်းတလျှောက်ရှိ ရွာသားများကလည်း တပ်မတော်က ပစ်ခတ်ပြီး ဝင်လာကြောင်း ပြောဆိုနေသည်ဟု ဦးစိုင်းထွန်းဝင်းက ရှင်းပြသည်။
ဦးစိုင်းထွန်းဝင်းက “ဘယ်သူက ဘယ်လို အရင်ပစ်တယ်ဆိုတာတော့ ကျနော်တို့ ရှေ့လည်း မဟုတ်တော့ မသိရဘူး။ ရွာတွေမှာက လူမရှိကြတော့ဘူး။ သူတို့က ကြိုကြားကြိုကြား တိုက်ပွဲဖြစ်နေလားလည်း ကျနော်တို့ မသိရဘူး။ ရွာသား တွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတယ်။ စုံစမ်းစစ်ဆေးရေးတွေက ပန်ကန်ရွာကို ရောက်နေတယ်။ အနီးအနားရွာက လူတွေလည်း နီးစပ်ရာကို ပြေးနေရတယ်”ဟု ပြောသည်။
တပ်မတော်နှင့် RCSS တို့ပဋိပက္ခစဖြစ်သည့် ဇွန် ၂၇ ရက်ကတည်းက ကျောက်မဲမြို့နယ်အတွင်းရှိ ရွာ ၁၀ ရွာကျော်မှ အရပ်သား ၇၀၀ ကျော်မှာ ထွက်ပြေးနေရပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းများ နှင့် စစ်ဘေးရှောင်ကယ် ဆယ်ရေးစခန်း များတွင် နေထိုင်နေရသည်။
ဦးစိုင်းထွန်းဝင်းက တပ်မတော်၏ စုံစမ်းစစ်ဆေးမှုတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ကြားနေအဖြစ် ကြားဝင် နားထောင်ရန်၊ ပွင့်လင်းမြင်သာမှု ရှိစေရန် သတင်းမီဒီယာများကိုလည်း သက်သေအဖြစ် ခေါ်ဆောင်ရန် ပြောသော် လည်း တပ်မတော် ဘက်မှ လက်မခံကြောင်း ပြောသည်။
ဆက်လက်ပြီး ဦးစိုင်းထွန်းဝင်းက “ကျနော်တို့ သွားတယ်။ ကျနော်တို့က ပြည်သူ့ကိုယ်စားလှယ်တွေ အနေနဲ့ သူတို့ စစ်ဆေးမေးမြန်းမယ် ဆိုရင် ထိုင်နားထောင်မယ်။ ကျနော်တို့ကို ထိုင်နားမထောင်ခိုင်းဘူးဆိုရင် ကျနော်တို့မှာ တာဝန် မရှိတော့ဘူးလေ။ အဲဒါတော့ သူတို့ သဘောနဲ့ သူတို့ လုပ်သွားတာ ကိုယ့်အပိုင်း မဟုတ်တော့ဘူး”ဟုလည်း ပြောသည်။
ကျောက်မဲတွင် တိုက်ပွဲဖြစ်ပြီး အငြင်းပွားမှုများ ဖြစ်နေသည့် တပ်မတော်နှင့် RCSS သည် ၂၀၁၅ ခုနှစ် ၊ အောက်တိုဘာ ၁၅ ရက်ကတည်းက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို လက်မှတ်ထိုးထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကာ ဆွေးနွေးနေကြသည်။
ဇွန်လ အတွင်း ပစ်ခတ်မှုနှင့် တိုက်ပွဲများ ဖြစ်သည့်အပေါ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်တွင် ညှိနှိုင်းပြီး မပြေလည်မှုများကို ဖြေရှင်းမည်ဟု ပြောဆို ထားသော် လည်း ပြေလည်သည်အထိ ညှိနှိုင်းနိုင်ခြင်း မရှိကြသေးပါ။
ဆက်စပ်ဖတ်ရှုရန်
ပြည်သူတွေက ငြိမ်းချမ်းရေးရဖို့ အရမ်းတောင့်တနေတယ်
ကျောက်မဲက အရပ်သားသေဆုံးမှု ကျူးလွန်သူများကို အရေးယူရန် တောင်းဆို
တပ်မတော်နှင့် RCSS ပဋိပက္ခ အကြား အရပ်သား တဦး သေနတ်မှန်သေဆုံး