ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်ရေးအတွက် အဆောင်ပါသည့် ပုဂ္ဂလိက ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့် မပြုသော်လည်း အစိုးရကျောင်းများကဲ့သို့ နေ့တက် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်နိုင်ကြောင်း အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
ဦးကိုလေးဝင်းက “ပုဂ္ဂလိကကျောင်းတွေမှာ ဘော်ဒါဆောင်ထားရင် ဖွင့်လို့ မရဘူး။ ဘော်ဒါမထားဘဲနဲ့ နေ့တက်၊ အစိုးရ အခြေခံကျောင်းတွေလို ဆောင်ရွက်မယ် ဆိုရင် ဖွင့်လို့ရတယ်။ ဒါပေမယ့် ဘော်ဒါနဲ့ တွဲဖွင့်မယ် ဆိုရင် တွဲဖွင့်လို့ မရဘူး” ဟု ပြောသည်။
ဘော်ဒါဆောင်ထားရှိ ဖွင့်လှစ်သည့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘော်ဒါဆောင်များနှင့် ဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းများကို ဖွင့်လှစ်ခွင့် လုံးဝမပြုကြောင်း ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆောင်များကို ဖွင့်လှစ်ခွင့်ပေးလိုက်ပါက သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုမရှိလျှင် ကိုဗစ် ကူးစက်နိုင်သည့် အန္တရာယ်ကြီးမားသဖြင့် အမျိုးသားအဆင့် ကော်မတီက တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ရာ လိုက်နာခြင်းမရှိပါက အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဦးကိုလေးဝင်းက “မဖွင့်ခင်ကတည်းက ကျောင်းတိုင်းကို သွားပြီးတော့ စိစစ်မှာ ဘော်ဒါ ဆောင် ရှိနေလျက်နဲ့ မရှိဘူးလို့ ပြောပြီး ဖွင့်လို့တော့ မရဘူး။ အဲဒါတွေက ကျောင်းတက်နေတဲ့ အခါမှာလည်း စိစစ်လိမ့်မယ်။ ဒါတွေကို ချိုးဖောက်တယ် ဆိုရင်တော့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ အရေးယူ ခံရလိမ့်မယ်”ဟု ရှင်းပြသည်။
IDAP ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးအောင်ဆန်းလင်းက လူအများကို လက်ခံရသည့် ဟိုတယ်များပင် ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းများကိုလည်း ဘေးအန္တရာယ်ကင်းအောင် စီမံညွှန်ကြားပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပေးသင့်ကြောင်း ပြောသည်။
၎င်းက “မဖွင့်ပါနဲ့လို့ ပြောပေမယ့်လည်း ဖွင့်ချင်တဲ့သူက ရှိသလို တက်ချင်တဲ့သူကလည်း ရှိတယ်။ရောင်းသူရှိသလို ဝယ်သူလည်း ရှိတယ်ဆိုရင် ဈေးကွက်ဖြစ်လာမှာပဲ။ အဲဒါကို ပိတ်ပင်တားမြစ်မယ် ဆိုရင် မှောင်ခိုဈေးကွက် ဖြစ်လာမှာ။ ဘော်ဒါပို့မှ ဖြစ်မယ့်လူက ဘော်ဒါပို့ကို ပို့မှာပဲ။ ဖွင့်မယ့် သူကလည်း အစိုးရကို ကြောက်လို့ မဖွင့်ဘူးလို့ နေပေမယ့် မိဘနဲ့ ကျောင်းသား တောင်းဆိုနေရင် မရ၊ ရတဲ့ အပေါက်ကနေ ဖောက်ထွက်ပြီး တော့ ဖွင့်ကြမှာပဲ” ဟု ပြောသည်။
အခြေခံပညာ ကျောင်းများကို ပုံမှန် ဇွန်လတွင် ဖွင့်လှစ်သော်လည်း COVID-19 ကပ်ရောဂါကြောင့် အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဟူ၍ အဆင့်လိုက် ဖွင့်လှစ်သွားမည် ဖြစ်ပြီး အထက်တန်းအဆင့် အခြေခံပညာ ကျောင်းများကို ဇူလိုင်လ၂၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် အခြေခံပညာအထက်တန်း အဆင့် ကျောင်းစုစုပေါင်း ၅,၆၃၃ ကျောင်း ၊ ဘုန်းတော်ကြီးသင် အထက်တန်းကျောင်း ၃ ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း ၁၀၀၀ ကျောင်းရှိပြီး အထက်တန်းကျောင်းသား စုစုပေါင်း ၁ ဒသမ၂ သန်း ဝန်းကျင်နှင့် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမများ အားလုံး ၄၀၀,၄၄၄ ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်လင့်
တက္ကသိုလ်ဝင်တန်း သင်ရိုးများ လျှော့ချမည်
ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်း ဖြစ်ဖို့ လမ်းညွှန်ချက်တွေ ရှိတယ်