သတင်း

ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်း ဒုဝန်ကြီးအဖြေ မြေပြင်အခြေအနေနှင့် လွဲနေဟုဆို

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကိုလ်ဒေသတွင် တည်ဆောက်နေသည့် မြို့သစ် စီမံကိန်းမှာ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရက်ဆင်း လွှတ် တော်တွင် ဖြေကြားမှုနှင့် မြေပြင်လုပ်ငန်းတည်ဆောက်မှုမှာ များစွာကွဲလွဲနေကြောင်း သိရသည်။

စီမံကိန်းအား တရားဝင်ခွင့်ပြုထားသည့် ရင်းနှီးမြုပ်နှံမှု ပမာဏအား ယမန့်နေ့ ဇူလိုင် ၁၅ ရက်နေ့က မြဝတီမြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က မေးမြန်းခဲ့ခြင်းအား ဒုဝန်ကြီး ဦးဗရက်ဆင်းက လာရောက် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းအား တရုတ်လုပ်ငန်းစု Jilin Yatai ကုမ္ပဏီနှင့် နယ်ခြားစောင့်တပ် (BGF) ၏ ချစ်လင်း မြိုင် ကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Yatai International Holding Group Co.,ltd အမည်ဖြင့် မြေ ၂၅.၅ ဧကပေါ်တွင် အဆင့်မြင့်အိမ်ယာများဆောက်လုပ်ရန် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့တွင် ရင်းနှီးမြုပ်နှံမှုကော်မရှင် က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းတွင် အစုရှယ်ယာအဖြစ် ချစ်လင်းမြိုင်ကုမ္ပဏီမှ ဦးစောမင်းမင်းဦး ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား နိုင် ငံမှ Mr.Tang Kriang Kai က ၆၇.၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr.Lim Jun Jie က ၈.၀၈ ရာခိုင်နှုန်းနှင့် Mr. Chow Tiam Yu က ၄.၀၄ ရာခိုင်းနှုန်း အသီးသီးထည့်ဝင်ထားကြောင်း သိရသည်။

မြေပြင်တွင် တွေ့မြင်ရသည့် ရွှေကုက္ကိုလ် စီမံကိန်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မတည်ငွေရင်းပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၂၂.၅ သန်းဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုသက်တမ်းကာလမှာ နှစ် ၃၀ ဖြစ်ကာ မတည်ငွေရင်းအနေဖြင့် ကျပ် ၃၅၉၇ သန်းနှင့် ဒေါ်လာ ၆.၀၈ သန်း ထည့်ဝင်ထားပြီဖြစ်ပြီး တည်ဆောက်မှုကာလအား စတင်ခွင့်ပြုခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့အထိ စုစုပေါင်း ၃၆ လသတ်မှတ်ထားကြောင်း သိရသည်။

ဒုဝန်ကြီး ဦးဗရက်ဆင်းက “ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေပုဒ်မ ၆၅ ပါ ရင်းနှီးမြုပ်နှံသူ၏ တာ ဝန်ဝတ္တရားများအပြင် ဥပဒေအရလိုက်နာရမည့် စည်းကမ်းချက်များအားလုံးကို ဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာ ရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းနှင့် သွေဖယ်ခြင်းတို့ကို စိစစ်တွေ့ရှိပါက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေ နှင့် အညီ အရေးယူဆောင်ရွက်သွားမည်”ဟု လွှတ်တော်တွင်ပြောသည်။

ယင်းသို့ ဝန်ကြီးဌာန၏ စာရင်းများသည် မြေပြင်တွင် တည်ဆောက်နေသည့် ပမာဏနှင့် များစွာကွာခြားပြီး ခွင့်ပြု ချက်ထက်ကျော်လွန်နေသည့်အတွက် တပ်မတော်ကပင် တရားဝင်ခွင့်ပြုချက်မရဘဲ ဆက်မလုပ်ရန် ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းတာဝန်ရှိသူများအား သတိပေးထားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က “MIC ကခွင့်ပြုတာနဲ့ မြေပြင်ကွဲလွဲချက်တွေကတော့ အများကြီးပေါ့၊ ခုလိုလွှတ်တော်မှာ မေးလိုက်တော့ မြေပြင်နဲ့ ဘယ်လောက်ကွဲလွဲနေလဲ ခန့်မှန်းလို့ရတာပေါ့။ ကရင်ပြည်နယ် က လက်နက်ကိုင်အဖွဲ့တွေကလည်း များပါတယ်။ ဥပဒေစိုးမိုးမှု မရှိသေးဘူးလို့ပဲပြောရမယ်” ဟု သုံးသပ်ပြော သည်။

လက်ရှိတွင် စီမံကိန်းဧရိယာအတွင်း တရားဝင်ခွင့်ပြုထားသည့် အိမ်ယာလုံးချင်းများအပြင် ဟိုတယ်များ၊ လူနေ တန်းလျားတိုက်ခန်းများ၊ အထပ်မြင့်အဆောက်အဦးများစွာ တည်ဆောက်ထားလျှက်ရှိသည်။

Google Earth မှမြင်တွေ့ရသည့် ရွှေကုက္ကိုလ် စီမံကိန်း မှတ်တမ်း ဓာတ်ပုံများ

စီမံကိန်းတည်ဆောက်သည့် တရုတ်လုပ်ငန်းစုသည်ပင်လျှင် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းအား ဒေါ်လာ ၁၅ ဘီ လီယံခန့်အထိ ရင်းနှီးမြုပ်နှံကာ နိုင်ငံတကာအဆင့်မီမြို့သစ်တည်ဆောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာ ထားသည်။

လတ်တလောတွင် တရားဝင်ခွင့်ပြုပမာဏထက် ကျော်လွန်တည်ဆောက်ထားသည့် အဆောက်အဦး၊ မြေနေရာ များနှင့်ပတ်သက်ပြီး တရားဝင်ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းလျှက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း စီမံကိန်းတွင်ပါဝင်သည့် ချစ်လင်းမြိုင်ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် ဦးစောမင်းမင်းဦးက ပြောသည်။

ဦးစောမင်းမင်းဦး က “ဌာနဆိုင်ရာတွေလည်း လာပြီးစိစစ်နေကြပါတယ်၊ ကျနော်တို့က စီမံကိန်းကို တရားဝင် ဖြစ် အောင်ပဲ ကြိုးပမ်းနေပါတယ်၊ အခု ကာစီနိုတွေ၊ဘာတွေ ဖွင့်တာလည်းမရှိပါဘူး၊ နောက်ပိုင်းဥပဒေအရ တရားဝင် ဖွင့်ခွင့်ရလာရင်တော့ ဖွင့်ဖို့အစီအစဉ်တော့ရှိပါတယ်၊ အခုလုပ်ထားပြီးတဲ့ဟာတွေကို MIC ကိုတင်ပြဖို့ လိုအပ်တဲ့ ခွင့်ပြုချက်တွေရအောင် ပြင်ဆင်နေပါတယ်”ဟု ပြောသည်။

Google Earth မှမြင်တွေ့ရသည့် ရွှေကုက္ကိုလ် စီမံကိန်း မှတ်တမ်း ဓာတ်ပုံများ

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကဲ့သို့ပင် တရုတ်လုပ်ငန်းစုများနှင့်ပတ်သက်သည့် ကုမ္ပဏီများနှင့် ကရင်ပြည်နယ်အ ခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က မြို့သစ်စီမံကိန်းများပြုလုပ်ရန် လက်မှတ်ရေးထိုးမှုများရှိခဲ့ ကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်သည် နယ်စပ်ဒေသဖြစ်သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးထားသော်လည်း ငြိမ်ချမ်းရေး အပြည့်အဝမရရှိသေးချိန်တွင် ယခုကဲ့သို့ ကိစ္စရပ်များအား ကိုင်တွယ်ရန် ခက်ခဲပြီး တရားဥပဒေစိုးမိုးမှုအားနည်းနေကြောင်းလည်း ဦးစိန်ဗိုလ်က ထောက်ပြခဲ့သည်။

Loading