စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချ သတ်မှတ်ထားခြင်းကို သက်တမ်း ထပ်တိုးပေးရန် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းရှင်များက တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာ့ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများသည် နိုင်ငံစီးပွားရေး ကျဆင်းမှုကြောင့် ဈေးကွက် အကျဘက်တွင် ရှိနေချိန်၌ ဝင်ငွေခွန် နှုန်းထား လျှော့ချမှုကို ယခင်လို နှုန်းထား အမြင့်အတိုင်း ပြန်လည် သတ်မှတ်လိုက် ပါက အဆိုပါ ကဏ္ဍအပေါ် မှီခိုနေသည့် လုပ်ငန်းများကို ထိခိုက်စေမည် ဖြစ်ကြောင်း လုပ်ငန်းရှင်တွေက ပြောဆိုသည်။
Estate Myanmar အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဟိန်းမိုးမြင့်လွင်က “ကိုဗစ် မတိုင်ခင် ကတည်းက အိမ်၊ ခြံ၊ မြေက တောက်လျှောက် ကျလာနေတာလေ သူ့ ဈေးကွက်ကြောင့်အပြင် စီးပွားရေးတွေ မကောင်း တာလည်း ပါတာပေါ့။ အခုလို ဝယ်လိုအားက မရှိ ကိုဗစ်ကြောင့် စီးပွားရေး ကျဆင်းမှုကလည်း ရှိနေတဲ့ အခုလို အချိန်မှာ အခွန်နှုန်းထားကို ပြန်မြှင့်မယ်ဆိုရင် ပြန်သတ်မှတ်လိုက်ရင် ဈေးကွက်က ပိုဆိုး သွားလိမ့်မယ်” ဟု ဧရာဝတီသို့ ပြော သည်။
ယင်းပြင် ဆောက်လုပ်ရေးနှင့် အိမ်၊ ခြံ၊ မြေ ကဏ္ဍ ယခုထက် ဈေးကွက်ကျဆင်းလာပါက အခြားဆက်စပ် လုပ်ငန်း ကဏ္ဍ များဖြစ်သော အိမ်အခန်း အလှဆင်လုပ်ငန်းများ၊ အိမ်အပြောင်းအရွှေ့လုပ်ငန်းများ အစ ပရိဘော ဂလုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်သားများအပြင် လုပ်ငန်း တိုးချဲ့လုပ်လိုသော ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းများအပေါ်အထိ အကျိုး သက်ရောက်စေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော်၏ လက်ရှိ စီးပွားရေး အခြေအနေကို ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ရည်ရွယ်ပြီး ပြည်သူများ လက်ဝယ်ရှိ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများ ပြန်လည်ထွက်ပေါ်လာစေရေးနှင့် ပြည်ပတွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံသားများ၏ ဝင်ငွေများ နိုင်ငံ့စီးပွားရေး အတွင်း ပြန်ဝင်လာစေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားကို ၃ ရာခိုင်နှုန်းအထိ လျှော့ချ ပေးခဲ့သည်။
လက်ရှိဘဏ္ဍာနှစ်အတွက် အဆိုပါ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေအပေါ် စည်းကြပ်မှုကို ကျပ်သိန်း တထောင် အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတထောင် အထက်မှ ကျပ်သိန်းသုံးထောင်အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းငါးထောင်အထက်မှ ကျပ်သိန်းတသောင်းအထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတသောင်းအထက်မှ ကျပ်သိန်း သုံးသောင်းအထိ ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း သုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅ တွင် ပါရှိသော စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများ အပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချ သတ်မှတ်ထားခြင်းကို ယခုနှစ် ပြဋ္ဌာန်းသည့်၂၀၂၀ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် ပယ်ဖျက်လိုက်ခြင်းကြောင့် ၂၀၂၀ အောက်တိုဘာလမှ စတင်၍ အခြေပစ္စည်းတခုခု ဝယ်ယူမည်ဆိုပါက ယခင်နှုန်းထားအတိုင်း ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရတော့မည် ဖြစ်သည်။
ယခင်နှုန်းထားအတိုင်း ပြန်လည် သတ်မှတ်ရခြင်းသည် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံဝင်ငွေ ခွန် နှုန်းထား လျှော့ချထားခြင်းသည် ငွေကြေး ခဝါချမှုကို အားပေးနေခြင်းကြောင့် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင်လ ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ၂၀၂၀ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်း တင်ပြ ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းသည့် ဝင်ငွေခွန် သက်သာခွင့်သည် အောက်တိုဘာလတွင် စတင် အသက်ဝင်သော်လည်း အစိုးရ ဌာနများ၏ ပြင်ဆင်မှုများကြောင့် နိုဝင်ဘာလမှသာ စတင်ခံစားရကြောင်း၊ အခွန်သက်သာ ခွင့်ပေးပြီး သုံး၊ လေးလ ကြာ မြင့်ချိန်တွင် ကိုဗစ်ကပ် ရောဂါ ရရှိလာသဖြင့် ဈေးကွက်များ ရပ်တန့်ခဲ့ရကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်က “အခုလည်း ကိုဗစ်က ပျောက်သေးတာ မဟုတ် သေးဘူး။ နောက်၂ လဆိုရင် ဒီသက်သာခွင့်ပေး ထားတာက ကုန်ပြီ။ ဒီနှစ်ပေးထားပေမယ့် တနှစ် အပြည့်အဝ ရခဲ့တာ မဟုတ်ဘူး။ အဲဒါကို နောက်တနှစ်မှာ ၃၀ ရာခိုင်နှုန်း ပဲ ပြန်ကောက်မယ်ဆိုရင် ကျနော်တို့ ဆောက်လုပ်ရေး ကဏ္ဍမှ မဟုတ်ဘူး။ ကားရောင်းတာ ဝယ်တာ ဒီအခြေ ပစ္စည်းဝယ် မယ့်သူတွေ၊ စက်ရုံအလုပ်ရုံလုပ်ဖို့ သူတွေအတွက် အားလုံး ထိခိုက်မှာ” ဟု ပြောသည်။
ထိုအခြေအနေများကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်း အနေဖြင့် လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ဝင်ငွေ နှုန်းထား ဖြေလျှော့ထားမှုကို ပယ်ဖျက်လိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် လုပ်ငန်းများအပေါ် ရိုက်ခတ်မှုများနှင့် ပတ်သက်ပြီး သွားရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဦးဟိန်းမိုးမြင့်လွင်က “ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေကဏ္ဍမှာ ဒီလိုမျိုး ငွေကြေးခဝါချမှုမျိုးတွေ ရှိကောင်းရှိခဲ့မယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေအရက ဒီကဏ္ဍတခုတည်းမှာပဲ ငွေကြေးခဝါချမှုတွေဖြစ်နေတာ မဟုတ်ဘူး။ တခြားကဏ္ဍတွေမှာ လည်း အများကြီးရှိနေတာပဲ။ တခုခုဖြစ်တိုင်း အိမ်ခြံမြေကဏ္ဍကိုပဲ ခလုတ်တိုက်နေတာတော့ မကောင်းပါဘူး” ဟု ပြောဆို သည်။
စီးပွားရေးနှင့် အခွန်အကြောင်းအား လေ့လာသုံးသပ်သူ ဦးဇော်ဖေဝင်း က ဆောက်လုပ်ငန်းရှင် ပြောသကဲ့သို့ ကိုဗစ်ကာလ အပြည့်အ၀ မခံစားဟု ဆိုသော်လည်း ၈လခန့် အခွင့်အရေး ရပြီးဖြစ်ကြောင်း၊ သို့သော် ပုံမှန်ဝင်ငွေခွန်ဆောင်နေသူများ ဘက်မှ ကြည့်ပါက မမျှတဲ့သကဲ့ဖြစ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
“အခု ပြန်တိုးတာကလည်း အခွန်မဆောင်ဘဲ ရှောင်နေတဲ့ သူတွေအပေါ်မှာပဲ ပြန်တိုးတာပါ။ ကျန်လုပ်ငန်းတွေ အကုန်လုံး ပေါ်မှာက အစိုးရက အခွန်ဖြေလျှော့တာတွေ၊ ချေးငွေတွေ ပေးနေတာပဲ။ ပြီးတော့ စီးပွားရေးအတွက် နောက် ကုစားရေး အစီအစဉ်တွေလည်း ရှိနေတော့ ဒါပြန်တိုးလိုက်တာနဲ့ စီးပွားရေးအပေါ်တော့ အရမ်းကြီး မထိခိုက်နိုင်ဘူး။ ထိခိုက်မယ် ဆိုရင် အခွန်မဆောင်ဘဲ နေနေတဲ့ သူတွေအတွက် ထိခိုက်မှာ” ဟု ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
စည်းကြပ်မှုလွတ် ဝင်ငွေ အပေါ် ကောက်သည့် အခွန်နှုန်းထား လျှော့ချမှု ပယ်ဖျက်
ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်