အစိုးရ၏ COVID-19 ကာလ စီးပွားရေး လုပ်ငန်းများ ပြန်လည် နိုးထမှု အစီအစဉ်သည် ရှေ့နောက် မညီဟု တပ်မတော် သား ကိုယ်စားလှယ်များက ယမန်နေ့ ပြည်ထောင်စု လွှတ်တော်တွင် ဝေဖန် ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။
စီးပွားရေး ပြန်လည် နိုးထမှု အစီအစဉ်များ အပါအဝင် နိုင်ငံတော် သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်စေသော အမိန့် ဖြစ်သည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဆိုင်ရာ အမိန့် ထုတ်ပြန်ခြင်း ကိစ္စရပ်များမှာလည်း နှောင့်နှေး ကြန့်ကြာ ခြင်းနှင့် ပွင့်လင်း မြင်သာမှု အားနည်းခြင်းများ ရှိနေဟုလည်း ဆိုသည်။
သမ္မတ၏ အမိန့်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင်လ ၁၃ တွင် အဆိုတင်ခဲ့ပြီးနောက် ယနေ့တွင် အာဏာရပါတီ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များက ပါဝင် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။
ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဆိုင်ရာ အမိန့်နှင့် ထုတ်ပြန်ခြင်းမှာ COVID-19 စီးပွားရေး ထိခိုက်မှုများကို သက် သာရေး စီမံချက် (COVID-19 Economic Relief Plan- CERP)၏ ပန်းတိုင် ၇ ခု အနက် ပန်းတိုင် ၂ ဖြစ်သော ရင်းနှီးမြှုပ် နှံမှု ကုန်သွယ်မှုနှင့် လုပ်ငန်းကဏ္ဍများ ပိုမိုလွယ်ကူချောမွေ့စေခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍအပေါ် သက်ရောက်မှုများ လျော့ နည်းစေခြင်း ဆိုသည့် ပန်းတိုင်ကို အကောင်အထည်ဖော်ရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက ပြောဆိုထားသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ရဲတင့်အောင်က “ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့တာတွေနဲ့ မြေပြင်မှာ လုပ်ဆောင်နေတာတွေဟာ ရှေ့နောက် ညီညွတ်မှု မရှိ ခုတ်ရာတခြား ရှရာတလွဲ ဖြစ်ခဲ့တာကို ထောက်ပြလိုပါ တယ်” ဟု ပြောသည်။
COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်နှင့် အညီ အကောင်ထည်ဖော်နိုင်ရေး ထုတ်ပြန်သည့် ဥပဒေကဲ့သို့သော အမိန့် ကို ကြိုဆိုကြောင်းနှင့် ပြည်သူများ၏ စီးပွားရေး ဆိုးကျိုးသက်ရောက်မှုများကို လျော့ပါးစေရန်၊ စီးပွားရေး အမြန် ဦးမော့ စေရန် သက်ဆိုင်ရာဌာန အားလုံးက နှောင့်နှေးကြန့်ကြာမှုများ မရှိစေဘဲ ပူးပေါင်းဆောင်ရွက်ရန် ၎င်းက တိုက်တွန်းခဲ့ သည်။
ဗိုလ်မှူး ရဲတင့်အောင်က “ပြိုင်တူတွန်းမှ ရွေ့မှာ ဖြစ်ပါတယ်။ သို့သော် တစုတဖွဲ့ရဲ့ တွေဝေနေမှုကြောင့် ကြန့်ကြာတာကို ဒီအတိုင်းကြည့်နေမှာလား။ ဒီလို ကြန့်ကြာနေတာကြောင့် ပြိုင်တူ တွန်းနေသူများရဲ့ အင်အား ယုတ်လျော့စေအောင် လုပ် ဆောင်ဖို့ မဖြစ်သင့်ဘူးလို့ အကြံပြုပါတယ်” ဟု ပြောသည်။
သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်စေသော အမိန့်ထုတ်ပြန်မှုသည် ဥပဒေနှင့် ညီသော ထုတ်ပြန်မှု ဖြစ်ရန်လိုအပ်ပြီး အမိန့်၏ အာဏာတည်မှု ကာလ အပိုင်းအခြားများကိုလည်း ထည့်သွင်း ထုတ်ပြန်သင့်သည်ဟု တခြား တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဗိုလ်မှူး ရဲနိုင်လွင် ကလည်း အကြံပြုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပေဒပုဒ်မ ၂၁၂ (က)မှာ လွှတ်တော်တခုနဲ့တခု ကြားကာလမှာ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ထုတ်ပြန်ခွင့် ရှိသော်လည်း ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ကိစ္စမှ အပလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဥပေဒနဲ့ အညီဖြစ်စေ ဖို့ ဆန့်ကျင်နေတဲ့ သဘောမဖြစ်စေဖို့ အကျိုးအကြောင်း ပြန်လည် ရှင်းလင်းပေးစေလိုပါတယ်” ဟု ပြောသည်။
ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ် မိထ္ထီလာမြို့မှ စတင်ဖြစ်ပွားခဲ့သည့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သည့် ကိစ္စရပ်ကို ကိုင်တွယ်ရာတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ခြင်း၊ နိုငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်ခြင်း၊ အမိန့်ကာလ ထပ်မံ သက်တမ်းတိုးရန် ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကာ အတည်ပြုပေးခြင်း စသဖြင့် အဆင့်ဆင့် စနစ်တကျ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်သည့် သာဓကကောင်းများ ရှိကြောင်း ၎င်းက ယခင် အစိုးရကို ဥပမာပေး ထည့်သွင်း ဆွေးနွေးခဲ့သေးသည်။
သမ္မတက ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေများ၏ ပြဋ္ဌာန်းချက်များနှင့်အညီ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီသာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက ပြောသည်။
ဦးနေမျိုးထွန်းက “ဥပဒေနဲ့ ညီတာပေါ့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာလည်း ပါပြီးသားလေ။ သမ္မတက ထုတ်ပြန်နိုင်တဲ့ ကိစ္စရပ်ပါ” ဟု ပြောသည်။
COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း စီးပွားရေး လုပ်ငန်းတချို့ ရပ်ဆိုင်းသွားခြင်း၊ ထိခိုက်ခြင်းများကို ကြုံတွေ့ရပြီး စက်ရုံ၊ အလုပ်ရုံများ ပိတ်လိုက်ရခြင်း၊ အလုပ်သမားများ အလုပ်သက်မဲ့ ဖြစ်သွားခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ နလံ ထူနိုင်ရန် ယခင်က မရှိခဲ့ဖူးသေးသည့် အခွန်ကင်းလွတ်ခွင့် ပေးခြင်း၊ လျော့ပေါ့ပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ရန် အတွက် သမ္မတက ယခုအမိန့်ကို ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ယနေ့လွှတ်တော်တွင် ဝင်ရောက် ဆွေးနွေးခဲ့သူ လှိုင်းဘွဲ့မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။
ဦးခင်ချိုက “အရင်က ဒီလိုမျိုး မရှိခဲ့ဖူးဘူး။ ဒါက ထူးခြားတဲ့ ဖြစ်စဉ်ပေါ့။ ရည်ရွယ်ချက်က အလုပ်ရှင်တွေ လုပ်သာကိုင်သာ ရှိအောင် လျှော့ပေးတာ၊ နောက်တခုကလည်း အလုပ်သမားတွေ အလုပ်လက်မဲ့ ပြဿနာတွေ ပိုမဖြစ်သွားအောင် ထိန်း ပေးရတဲ့ ရည်ရွယ်ချက်ပေါ့” ဟု ပြောသည်။
COVID-19 ကြောင့် ထိခိုက်သွားသည့် စီးပွားရေး လုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ ပေးရန်အတွက် ပြုလုပ်လိုလျှင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည်။
ထိုသို့ ပြင်ဆင်ရာတွင် အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲခြင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ သဘောထား မှတ်ချက်တောင်းခြင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းဝေးများသို့ တင်ပြ အတည်ပြုရခြင်း၊ ထိုမှတဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ခြင်း၊ ဥပေဒကြမ်း ပူးပေါင်း ကော်မတီ၏ အစီအရင်ခံစာ ဖတ်ကြားခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းခြင်းနှင့် လွှတ်တော် အတွင်း အတည်ပြုခြင်း စသဖြင့် အဆင့်ဆင့် အချိန်ကာလကြာမြင့်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဝန်ကြီး က ဦးမောင်မောင်ဝင်း က ဇူလိုင်လ ၁၃ ရက်က ပြည်ထောင်စု လွှတ်တော်သို့ ရှင်းပြခဲ့သည်။
ထို့ကြောင့် နိုင်ငံတော် သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်စေသော အမိန့် ထုတ်ပြန်ခြင်း နည်းလမ်းကို ဆောင်ရွက်မှသာ COVID-19 စီးပွားရေး ထိခိုက်မှုများကို သက်သာရေး စီမံချက် (CERP) ကို ဆောလျင်စွာ အကောင်ဖော်နိုင်မည် ဖြစ် ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
COVID-19 ကြောင့် စီးပွားရေးနှင့် လူမှုရေး ထိခိုက်မှုများကို ကုစားနိုင်ရန် COVID-19 စီပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (COVID-19 Economic Relief Plan – CERP) ကို အစိုးရက ၂၀၂၀ ဧပြီလက ရေးဆွဲထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ယင်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်ဟု သိရသည်။
CERP စီမံချက်တွင် ပန်းတိုင် ၇ ခု ပါဝင်ပြီး အသေးစား စီးပွားရေး လုပ်ငန်းများကို တိုးတက်စေခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန် သွယ်ရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများအား တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍများ အပေါ် သက်ရောက် မှုများကို ဖြေလျော့ပေးခြင်း၊ အလုပ်သမားများ အပေါ် သက်ရောက်မှုကို လျော့ပါးစေခြင်း၊ အိမ်ထောင်စုများ အပေါ် သက် ရောက်မှုများကို လျော့ပါးစေခြင်း စသည့် အချက်များ ပါဝင်သည်။
ထို့ပြင် တီထွင် ဆန်းသစ်သည့် ထုတ်ကုန်များ ထုတ်ရန် အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို အားကောင်းလာစေခြင်း၊ COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် လုပ်ငန်းများကို ငွေကြေးပံ့ပိုးမှု တိုးမြှင့်ပေးရေး စသည့် ပန်းတိုင်များ ပါဝင်ပြီး မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်း အစီအစဉ် ၃၆ ခု ပါဝင်ကြောင်း သိရသည်။
ယင်းပန်းတိုင် ၇ ခု အနက်မှ ပန်းတိုင် ၂ ဖြစ်သော ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်မှုနှင့် လုပ်ငန်းကဏ္ဍများ ပိုမိုလွယ်ကူချောမွေ့ စေခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍအပေါ် သက်ရောက်မှုများ လျော့နည်းစေခြင်း ဆိုသည့်ပန်းတိုင်ကို အကောင်အထည်ဖော်ရန် အတွက် သမ္မတ ဥပဒေကဲ့သို့ အာဏတည်သော အမိန့် (၁/၂၀၂၀) ကို ဇွန်လ ၁၂ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းပန်းတိုင်၂ အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် အခွန်အကောက်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ် ၉ ခု ပါရှိပြီး အခွန်ဆိုင်ရာ စီမံခန့်ခွဲနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ် ၃ ခုနှင့် မူဝါဒပိုင်း ဆိုင်ရာ ၆ ခုတို့ ဖြစ်သည်။
သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၀) ပြည်ထောင်စု၏ အကောက်အခွန် ဥပဒဆိုင်ရာ အမိန့်ကို အတည်ပြုရေး ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းကို ဇူလိုင်လ ၁၇ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါ ကူးစက်မှုကြောင့် မြန်မာနိုင်ငံတွင် ယနေ့ ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းထိ COVID-19 ပိုးတွေ့သူ ၃၃၇ ဦး၊ သေဆုံး ၆ ဦးနှင့် စောင့်ကြည့်လူနာ ၆၄၂၉ ဦးထိ ရှိနေပြီး အစိုးရကလည်း COVID-19 ကာကွယ်ထိန်းချုပ်ရေး ကန့်သတ်ချက်များကို ဇူလိုင်လကုန်ထိ သက်တမ်းတိုးထားသည်။
You may also like these stories:
ဝင်ငွေခွန်နှုန်းထား လျှော့ချခြင်းကို သက်တမ်း ထပ်တိုးပေးရန် လုပ်ငန်းရှင်များတောင်းဆို
စည်းကြပ်မှုလွတ် ဝင်ငွေ အပေါ် ကောက်သည့် အခွန်နှုန်းထား လျှော့ချမှု ပယ်ဖျက်