ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ COVID-19 အသိပညာပေး ပန်းချီရေးဆွဲသဖြင့် သာသနာ ညှိုးနွမ်းစေသည် ဟုဆိုကာ တရားစွဲဆို ခံထားရသည့် လူငယ် ပန်းချီဆရာ ၃ ဦးကို အပြစ်မရှိကြောင်း မြို့နယ် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည် ဟု သတင်း ရရှိသည်။
လူငယ်ပန်းချီဆရာ ၃ ဦး ဖြစ်သည့် ကိုဇေယျာထွန်း၊ ကိုနော်ထွန်းအောင်နှင့် မဂျာဆိုင်းတို့ကို ဧပြီလအတွင်းက COVID-19 အသိပညာပေး ပန်းချီရေးဆွဲရာတွင် သေမင်း၏ပုံမှာ ဗုဒ္ဓဘာသာရဟန်းတပါး၏ ပုံနှင့် ဆင်တူသည် ဟုဆိုကာ ကချင်ပြည် နယ်၊ သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းအောင်က သာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ခဲ့ ခြင်း ဖြစ်သည်။
၂ လကျော်ကြာ တရား ရင်ဆိုင်ရပြီး ယနေ့ ရုံးချိန်းတွင် တရားသူကြီးက လူငယ်ပန်းချီဆရာ ၃ ဦးတွင် အပြစ်မရှိကြောင်း အမိန့်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကိုဇေယျာနောင်က “တရားသူကြီးက အမှုကို တရားမျှမျှတတနဲ့ အမိန့်ချတယ်လို့ ယူဆပါတယ်။ ဘာမှလည်း ပြဿနာ ကြီးကြီးမားမား မရှိပါဘူး” ဟု ပြောသည်။
အဆိုပါ ပန်းချီသည် အနီရောင် ဝတ်ရုံဝတ်ဆင်ထားပြီး ကိုရိုနာဗိုင်းရပ်စ် ပိုးများကို အိုးတလုံးဖြင့် လက်တွင် ပွေ့ပိုက်လာပြီး ကမ္ဘာမြေကို ပိုးများ ဖြန့်ချိနေသည့် ဟန်၊ ဆရာဝန်နှင့် သူနာပြုများက ကမ္ဘာမြေကို ဗိုင်းရပ်စ်ပိုးများကြားမှ ဆွဲထုတ် ကယ် တင်နေသည့်ဟန် ရေးဆွဲထားကာ နောက်ခံတွင် မြန်မာနိုင်ငံ အလံကို နောက်ခံထား ရေးဆွဲထားသည်။
ပန်းချီတွင် ဗိုင်းရပ်စ်ကို အတူတကွ တိုက်ခိုက်ကြရန်၊ အိမ်တွင်း နေထိုင်ကြရန် စာသားများကို ရေးသားထားပြီး မြစ်ကြီး နားမြို့၊ ဘူတာတိုက်တန်းရှိ နံရံတခုတွင် ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။
ပန်းချီတွင် အနီရောင် ဝတ်စုံဝတ်ထားပြီး ဗိုင်းရပ်စ်ပိုးများဖြင့် ပြည့်နေသည့် အိုးကို ပိုက်ထားသည့် သေမင်းပုံမှာ ဗုဒ္ဓဘာ သာ၊ ဘုန်းတော်ကြီးပုံနှင့် ဆင်တူနေသည်ဟု ဝေဖန်မှုများ ရှိခဲ့ပြီး သာသနာရေး ဦးစီးဌာနက တရားလိုလုပ်ကာ အမှုဖွင့်ခံခဲ့ ရခြင်း ဖြစ်သည်။
ကိုဇေယျာနောင်က “ကျနော်ကိုယ်တိုင်က ဗုဒ္ဓဘာသာပါ။ ကျနော် ရေးဆွဲလိုက်တဲ့ ပန်းချီပေါ်မှာ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဝေဖန်ကြတော့ ပိုပြီး ဝမ်းနည်းပါတယ်။ ပြန်စဉ်းစားကြည့်တော့ ဘာသာတရား ဆိုတာ ဘယ်ဘာသာမဆို အရမ်း အကဲ ဆတ်တော့ အခုလို ပြဿနာ ဖြစ်လာတော့ စိတ်မကောင်းတဲ့ ခံစားချက်တော့ ဖြစ်ပါတယ်” ဟုလည်း ပြောသည်။
တရားစွဲဆိုခံခဲ့ရသည့် မဂျာဆိုင်း ကလည်း ပန်းချီတခု၏ အနှစ်သာရ၊ အဓိပ္ပာယ်မှာ ရေးဆွဲသူပေါ်တွင်သာ မူတည်ပြီး ရေး ဆွဲသူက ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ပြီး ရေးဆွဲထားခြင်း မဟုတ်သည်ကို လက်ခံကြရန် လိုအပ်သည်ဟု ပြောသည်။
ဆက်လက်ပြီး မဂျာဆိုင်းက “အနီရောင် သေမင်းတမန်ကလည်း သူ့အဓိပ္ပာယ်နဲ့ သူ သမိုင်းမှာ ရှိပြီးသား၊ မဖြစ်သင့်ဘဲ အထင်လွဲမှု ဖြစ်ခံလိုက်ရတယ်။ ကာယကံရှင် ကိုယ်တိုင်ကလည်း စိတ်မကောင်းပါဘူး။ သူ့ရဲ့ ရည်ရွယ်ချက်က သာသနာ ကို ညှိုးနွမ်းစေတဲ့ စိတ် လုံးဝ မရှိခဲ့ပါဘူး” ဟု ဆိုသည်။
ပန်းချီရေးဆွဲသူများ၏ ရည်ရွယ်ချက်မှာ လမ်းသွားလမ်းလာများကို COVID-19 နှင့် ပတ်သက်၍ အသိပညာပေးရန် ရည် ရွယ်ပြီး လူအစုလိုက် အပြုံလိုက်၏ ဝိဉာဉ်ကို နုတ်ယူသည့် သေမင်း၏ ပုံဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်ဟု သိရသည်။
ဒဏ္ဍာရီလာ တင်စားပုံ ဖော်ချက်များအရ တဦးတယောက်တည်း၏ ဝိဉာဉ်ကို နှုတ်ယူပါက သေမင်းသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ပြီး လူအစုလိုက် အပြုံလိုက်၏ ဝိဉာဉ်များကို နုတ်ယူပါက အနီရောင်ဝတ်ရုံကို ဝတ်ဆင်လာကြောင်း ပုံဖော်လေ့ ရှိသည်။
You may also like these stories:
ချစ်သုဝေတို့ သားအဖ အမှုကို ပလပ်တာ “အံ့သြစရာကောင်းတယ်”လို့ ရှေ့နေ ပြော
ဖခင်ဖြစ်သူရဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တဲ့ ချစ်သုဝေ