အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော ဦးအေးသာအောင်အား လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ တခြားပါတီမှ ဝင်ရောက် အရွေးခံမည်ဆိုပါက ကန့်ကွက်သွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါ အမျိုးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်သည် ANP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်၍ ရွှေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူဖြစ်သလို တရားဝင်လည်း နုတ်ထွက်ခွင့် တင်ထားခြင်း မရှိသည့်အတွက် ပါတီဝင် အဖြစ်သာ ရှိနေသေးကြောင်း ANP ပါတီမှ နိုင်ငံရေး မူဝါဒ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။
ဦးထွန်းအောင်ကျော် က “ဦးအေးသာအောင်ဟာ ကျနော်ပါတီကို အခုထိ တစုံတရာ အကြောင်းကြားတာ။ နုတ်ထွက်စာတင်တာ ဘာတခုမှ မရှိသေးဘူး။ ကျနော်တို့ ပါတီဝင် အဖြစ်ရှိနေသေးတဲ့အတွက် တခြားပါတီကနေ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်တော့ လူတယောက် နှစ်ပါတီဝင်လို့ မရ ဆိုတဲ့ တည်ဆဲ ဥပဒေအရ ကျနော်တို့ ကန့်ကွက်မယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဝါရင့်ရခိုင်နိုင်ငံရေးသမားကြီး ဦးအေးသာအောင်သည် ပြီးခဲ့သော ၂၀၁၅ ခု နှစ်ရွှေးကောက်ပွဲ၌ ANP ပါတီအား ကိုယ်စားပြုကာ မင်းပြားမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင် ရရှိခဲ့သူလည်း ဖြစ်သည်။
သို့သော်လည်း ကိုယ်စားလှယ်ဖြစ်ပြီး အမျိုးသား လွှတ်တော်ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေး အပ်ခြင်း ခံရသည့် နောက်ပိုင်းကတည်း ဦးအေးသာအောင်မှာ ပါတီနှင့် တကြိမ် တခါမှ အဆက် အသွယ်မလုပ်တော့သလို တရားဝင် နုတ်ထွက်စာ တင်ခြင်းလည်း မရှိကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။
၎င်းက “လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့နေ့ကတည်းက ကျနော်တို့ ပါတီနဲ့ အဆက်အသွယ် မလုပ်ဘူး။ ပါတီမှာ ထည့်ဝင်ရမယ့် အချိုးကျ ပါတီထောက်ပံ့ကြေးများကိုလည်း ပေးသွင်းမှု မရှိဘူး။ နုတ်ထွက်မယ်ဆိုတဲ့ အကြောင်းကြားတာလည်း တခုမှ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသား လွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်သည် ယခင်က ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (ALD) တွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းခဲ့သူ ဖြစ်သည့်အတွက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ALD ပါတီမှ ကိုယ်စား လှယ်လောင်း အဖြစ် ဝင်ရောက် အရွေးခံနိုင်ခြေရှိကြောင်း သုံးသပ်မှု တချို့ ရှိသည်။
ALD ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကတော့ ဦးအေးသာအောင်မှာ ၎င်းတို့ ပါတီအတွင်းသို့ တရားဝင် ဝင်ရောက်လာခြင်း မရှိသေးသည့်အတွက် ၎င်းကိစ္စအပေါ် မှတ်ချက် မပေးလိုကြောင်း ပြောသည်။
သို့သော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ အပါအဝင် ရခိုင်ဒီမိုကရေစီပါတီသို့ ဝင်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် များကို ထိုသို့ ရွှေးကောက်ပွဲမဝင်နိုင်ရန် နုတ်ထွက်ခွင်မပေးဘဲ ဥပဒေ လုပ်ပိုင်ခွင့်များဖြင့် ကန့်သတ်ချည်နှောင်ထားခြင်းမှာ နိုင်ငံရေးပါတီတခု အနေဖြင့် မလုပ်သင့်၊ မလုပ်ထိုက်သည့် လုပ်ရပ်တခု ဖြစ်သည်ဟု ALD ပါ တီ မှ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
ဦးမျိုးကျော်က “ဘယ်အဖွဲ့အစည်းမှာ မဆို ရှင်သန်နေရင် ဒီလူငယ်တွေဟာ ရခိုင်နိုင်ငံရေး နောင်အနာဂါတ်အတွက် အလားအလာ ကောင်းတဲ့ လူငယ်တွေလို့ မြင်တယ်။ အဲဒီလို မဟုတ်ပဲနဲ့ ကိုယ်အင်အား ရှိတယ်။ ကိုယ်တို့ အနိုင် ရတယ်ဆိုပြီးတော့ အဲဒီလူငယ်တွေကို သင်းသတ်သလို သတ်ပစ်ခြင်းသည် နိုင်ငံရေး သမားကောင်းတွေ ၊ တကယ်အမျိုးသားရေးကို ကိုယ်စားပြု နေတဲ့ နိုင်ငံရေး ပါတီတွေရဲ့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ အပြုအမူလို့ပဲ ကျနော် အနေနဲ့ ပြောချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲအလွန်တွင် ANP ပါတီမှ ထုတ်ပယ်ခြင်းခံရသူ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် မိမိသဘေဆန္ဒဖြင့် နုတ်ထွက်ခွင့် တင်ပြီး ALD ပါတီဝင်သို့ ကူးပြောင်း သွားသော လွှတ်တော်ကိုယ်စားလှယ် များ ရှိကြောင်းလည်း သိရသည်။
ALD ပါတီသို့ ကူးပြောင်းသွားသော လွှတ်တော်ကိုယ်စားလှယ်များမှာ လက်ရှိ ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်း ၊ ပြည်နယ်စိုက်ပျိုးရေး ဝန်ကြီး ဦးကျော်လွှင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေနှင့် အမ်းမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးခင်မောင်ဌေးတို ဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင် ANP ပါတီမှ နုတ်ထွက်စာတင်ထားသူ ပြည်သူ့လွှတ် တော်ကိုယ် စားလှယ် ဦးအောင်သောင်းရွှေ ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်နှင့် ဦးကျော်ဇောဦးတို့ကတော့ ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီ ဝင်အဖြစ် ရပ်တည် လျှက်ရှိကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီအနေဖြင့်တော့ နုတ်ထွက်စာတင်ထားသူ လွှတ်တော်ကိုယ် စားလှယ် အားလုံးသည် ပါတီအမည် ၊ တံဆိပ်တို့ဖြင့် ကိုယ်စားလှယ် ဖြစ်သွားသူများ ဖြစ်သဖြင့် လာမည့် ၂၀၂၀ ရွှေးကောက်ပွဲ ကာလ ကုန်သည်အထိ ပါတီကနေ နုတ်ထွက်ခွင့် ပြုမည် မဟုတ်ကြောင်းလည်း ပါတီထိပ်ပိုင်း ခေါင်းဆောင်များက ထုတ်ဖော်ပြောကြားထားသည်။
ANP ပါတီ၏ ထိုမူဝါဒအပေါ် ပြိုင်ဘက်နိုင်ငံရေးပါတီများကေတာ့ ပြင်းပြင်း ထန်ထန် ဝေဖန်မှုများရှိသလို ALD ပါတီအထွေထွေ အတွင်းရေးမှူး ဦးမျိုး ကျော်ကလည်း တိကျပြတ်သားမှုမရှိသည့် မူဝါဒ တခုသာဖြစ်သည်ဟု အမ်းမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၏ ဖြစ်ရပ်ကို သာဓက ထားကာ ထောက်ပြသည်။
ဦးမျိုးကျော်က “အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးဟာ ပါတီက နုတ်ထွက်ဖို့ သွားတဲ့အခါ ရှင်းစရာ ရှိတာ အားလုံး ရှင်းရမယ်ဆိုတဲ့ မူအတိုင်း သွားရှင်းတယ်။ ရှင်းစရာ ဘာတွေကျန် သေးလဲ မေးတော့ ဘာမှ မကျန်တော့ဘူးဆိုပြီး ပြောတယ်တဲ့။ ဒါဆိုရင် ရောဆိုပြီး နုတ်ထွက်စာတင်ပေးတဲ့အခါ နုတ်ထွက်ခွင့်မပေးဘူး။ သူတို့က CEC စီကိုလွှဲတယ်။ CEC က တခါ ညီလာခံကို လွဲတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး လာရာလမ်း မတူညီသော ရခိုင်နိုင်ငံရေး ပါတီနှစ်ခုကို ပေါင်း စည်းထားသည့် ANP ပါတီတွင် ၂၀၁၅ ခုနှစ်ရွှေး ကောက်ပွဲ မတိုင်မီကတည်းက ပါတီတွင်း အကွဲ အပြဲဇတ်လမ်းများ ရှိနေခဲ့သည်။
၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲကာလကတည်းက ထူထောင်ခဲ့သော ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ် (ALD) ပါတီနှင့် ၂၀၁၀ ခုနှစ်ရွှေး ကောက်ပွဲကာ အတွင်း က ထူထောင်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီတို့သည် ရခိုင်လူထု၏ တောင်းဆိုချက်အရ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့ ရခိုင်သဟာယရုံးတွင် ခေါင်းဆောင်ပိုင်းများတွေ့ဆုံကာ ပေါင်းစည်းရန် ပဏာမ သဘော တူညီ ချက် ရခဲ့ပြီး နောက်ပိုင်းတွင် နှစ်ပါတီ ပူးပေါင်ခဲ့ကြသည်။
သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် သံတွဲမြို့တွင် ပြုလုပ်ခဲ့သော ပါတီညီ လာ ခံ၌ ခေါင်းဆောင်ပိုင်း နေရာ ရွှေးချယ်တင်မြောက်မှုတွင် RNDP ပါတီမှ အများစု နေရာပေးခြင်းခံရသည့်အတွက် နှစ်ပါတီ ခေါင်းဆောင်ပိုင်း ကြားတွင် ထိုစဉ်ကတည်းက ဟန်ပြအဆင့်သာ ပေါင်းစည်းနိုင် ခဲ့ကြသည်။
ယင်းနောက် ANP အမည်ဖြင့် ၂၀၁၅ ခုနှစ်တွင်ရွေး ကောက်ပွဲဝင်ခဲ့ကြပြီး ပြည်နယ်အတွင်း အမတ်နေရာ အများစု အနိုင် ရရှိခဲ့ကြသော်လည်း ပါတီခေါင်းဆောင်ပိုင်းကြားတွင် နိုင်ငံရေးသဘောထား ကွဲလွဲ ချက်များ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။
ANP ပါတီမှ ထုတ်ပြန်သည့် ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် မရလျှင် အတိုက်အခံအနေဖြင့် ရပ်တည်မည်ဆိုသည့် ၁ / ၂၀၁၆ နှင့် ၂ / ၂၀၁၆ ထုတ်ပြန်ချက် အပေါ် မိမိသဘောဆန္ဒမဟုတ်ကြောင်း ALD ပါတီဘက်မှ ထိပ်ပိုင်း ခေါင်းဆောင် ၆ ဦးမှ ၂၀၁၆ ခုနှစ် မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် သတင်းစာရှင်းလင်ပွဲ ပြုပ်ခဲ့သည်။
ယင်းနောက် ပါတီ၏ စည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်မှုဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ဦးကျော်မြင့် ၊ ဦးမျိုးကျော်၊ ဦးလှမြင့်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း ၊ ဦးသန်းနိုင်မြင့်တို့ကို ပါတီမှ ထုတ်ပယ်ခဲ့သည်။
ထိုအကွဲအပြဲများကြောင့် မူလပါတီဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီကို ၂၀၁၇ ခုနှစ်တွင် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သော ရသေ့တောင်ကြားဖြတ်ရွှေးကောက်ပွဲတွင် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
You may also like these stories:
ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေး အချိုးအကွေ့ အတက်အကျများ
အစိုးရ၏ စီးပွားရေး ပြန်လည်နိုးထမှု အစီအစဉ် တပ်မတော်သား ကိုယ်စားလှယ်များ ဝေဖန်
တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ အား RCSS က ၅ ကြိမ်ပစ်ခတ်ဟု ပြော