ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတဦးကို အဓမ္မပြုကျင့်သည်ဟု ဆိုကာ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်သားကို စုံစမ်းစစ်ဆေး ပေးရန် ပလောင် (တအာင်း) အရပ်ဘက်အဖွဲ့ ၁၈ ဖွဲ့က တောင်းဆိုလိုက်သည်။
တအာင်း အမျိုးသမီးအဖွဲ့၊ တအာင်းဥပဒေ အထောက်ကူပြု အဖွဲ့နှင့် တအာင်း လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီ စသည့် အဖွဲ့အစည်းများက ဇူလိုင်လ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက် နေ့လယ် ၁၁ နာရီခန့်တွင် တောင်ယာမှ ပြန်လာသော ချောင်းဆာရွာမှ အမျိုးသမီးကို RCSS အဖွဲ့မှ တပ်သား စိုင်းအိုက်ပန် ဆိုသူက လမ်းတွင် တားဆီးကာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း တအာင်း အရပ်ဘက် အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကျူးလွန်ခံရသူ၏ မိသားစုများက အဓမ္မပြုကျင့်ခံရမှုအတွက် တရားမျှတမှု ရရှိနိုင်ရေး ဆောင်ရွက်ရန် တအာင်းအရပ်ဘက် အဖွဲ့များကို အကူအညီတောင်းခဲ့ရာ ထိုအဖွဲ့များက သတင်းမီဒီယာအချို့သို့ အမှုဖြစ်စဉ်ကို ပြောပြခဲ့သည်။
သတင်း မီဒီယာများတွင် အမှုကိစ္စ ပါရှိသွားပြီးနောက် RCSS တပ်ဖွဲ့မှ တာဝန်ရှိသူများက ချောင်းဆာရွာသို့ ရောက်လာကာ ပြဿနာ ဖြေရှင်းပေးမည်ဟု ရွာခံတချို့ကို ပြောဆိုခဲ့ပြီး ဇူလိုင်လ ၁၃ ရက်တွင် နမ္မတူမြို့နယ် ရေအိုးကျေးရွာ၌ ကျူးလွန်ခံ ရသူ အပါအဝင် မိသားစုဝင်များနှင့် အရပ်ဘက်အဖွဲ့များအား တွေ့ဆုံမည်ဟု ချိန်းဆိုခဲ့သည်။
သို့သော် ဇူလိုင်လ ၁၃ ရက်တွင် ရေအိုးကျေးရွာ၌ တွေ့ဆုံရန် သွားရောက်သောအခါ ချိန်းဆိုထားသည့်နေရာသို့ RCSS အဖွဲ့များ လာရောက်ခြင်း မရှိကြောင်း တအာင်း အရပ်ဘက် အဖွဲ့များက ဆိုသည်။
ထို့ကြောင့် အမှုဖြစ်စဉ်ကို စုံစမ်း စစ်ဆေးဖော်ထုတ်ကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း တအာင်း အမျိုးသမီးအဖွဲ့ (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချှီ့ဆငါး က ပြောသည်။
၎င်းက “အခု ဖြစ်သွားတဲ့ အမှုပေါ်မှာ စုံစမ်းစစ်ဆေးပြီးတော့ အမှန်တရား တခုကို ဖော်ထုတ်နိုင်ဖို့ အဲဒီရည်ရွယ်ချက်ပါ။ ကျမတို့က အဓိကက RCSS ရဲ့ ဗဟို အထက်အရာရှိတွေကို သိစေချင်တယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ကာယကံရှင် အမျိုးသမီး၏ ထွက်ဆို ချက်အရ ကျူးလွန်သူမှာ RCSS ယူနီဖောင်းဝတ်ထားသည့် စိုင်းအိုက်ပန်ဆိုသူဖြစ်ေြ ကာင်း TWO က ပြောသည်။
ကျူးလွန်သူကို ထိရောက်သည့် အပြစ်ပေးရန်၊ အမှုကို အများပြည်သူရှေ့တွင် ပွင့်လင်းမြင်သာစွာ စစ်ဆေးရန်၊ ကျူးလွန် ခံရသူနှင့် မိသားစုဝင်များကို တောင်းပန်ရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များ၏ အနာဂတ် လုံခြုံရေးကို တာဝန်ယူပေးရန် နှင့် နောက်ထပ် အဓမ္မပြုကျင့်မှုများ မဖြစ်ပွားစေရေး ဆောင်ရွက်ပေးစေလိုကြောင်း ဒေါ်လွေးချှီ့ဆငါး က ပြောသည်။
RCSS အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေးကမူ နမ္မတူတွင် အခြေစိုက် လှုပ်ရှားနေသော ၎င်းတို့တပ်ဖွဲ့၌ စိုင်းအိုက်ပန် အမည်ဖြင့် တပ်သား မရှိကြောင်း ငြင်းဆိုသည်။
ထ့ိုပြင် RCSS တပ်သားက အဓမ္မပြုကျင့်သည် ဆိုသည့် စွပ်စွဲမှုများသည် မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုများသာ ဖြစ်သဖြင့် တအာင်းအရပ်ဘက် အဖွဲ့များ၏ တောင်းဆိုမှုများကို ဆောင်ရွက်ပေးရန် မရှိကြောင်း ပြောသည်။
၎င်းက “အဲဒါကတော့ မဟုတ်မမှန် လုပ်ကြံ သတင်းတွေ။ ဘယ်လိုပဲ ရေးရေး၊ ဘယ်လိုပဲ ထည့်ထည့် ထည့်လို့ ရတယ်။ ကျနော်တို့ စစ်ဆေးမေးမြန်း ကြားသိရသလောက်တော့ မဟုတ်ဘူးလို့ပဲ ကြားသိရတယ်” ဟု ဆိုသည်။
RCSS တပ်သားများက အရပ်သားများ အပေါ်တွင် ကျူးလွန်မှုများ ရှိပါက RCSS ၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ တိုင်ကြားနိုင်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက တပ်ဖွဲ့ စည်းမျဉ်း၊ စည်းကမ်းအရ အရေးယူကြောင်း ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။
၎င်းက “အကယ်၍ ဟုတ်မှန်တယ်။ စစ်မှန်တယ် ဆိုရင်တော့ အရပ်သား အပါအဝင်၊ တပ်သားအပါအဝင်၊ လူထုအပါအဝင် စိစစ် ဆုံးဖြတ်ပြီးတော့ လေးနက်တဲ့ အပြစ်ဒဏ် ချမှတ်တာမျိုး လုပ်လေ့ ရှိပါတယ်” ဟု ရှင်းပြသည်။
ကျူးလွန်ခံရမှုကို RCSS ထံ တိုက်ရိုက် မတိုင်ကြားဘဲ သတင်း မီဒီယာများတွင် မဟုတ်မမှန် သတင်းဖြန့်နေခြင်းသည် RCSS အဖွဲ့ကို နာမည်ဖျက်နေခြင်း ဖြစ်ကြောင်း ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။
တအာင်း အရပ်ဘက် အဖွဲ့များကမူ RCSS အဖွဲ့၏ တုံ့ပြန်မှု အပေါ်မူတည်ကာ တောင်းဆိုမှုများ ဆက်လက် ဆောင်ရွက် သွားမည်ဟု ပြောသည်။
၂၀၂၀ အတွင်း RCSS တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်အတွင်း ဒေသခံ အမျိုးသမီးများအပေါ် ကျူးလွန်သည့် အဓမ္မပြုကျင့်မှု ပေါင်း ၅ မှုထက် မနည်းရှိသည်ဟု တအာင်းအမျိုးသမီး အဖွဲ့ထံက သိရသည်။
RCSS သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လာခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ် အဆင့်၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူခဲ့ကာ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ အား RCSS က ၅ ကြိမ်ပစ်ခတ်ဟု ပြော
တပ်မတော်နှင့် RCSS ပဋိပက္ခ အကြား အရပ်သား တဦး သေနတ်မှန်သေဆုံး