အလုပ်သမား ဝန်ကြီးဌာနမှ တရားစွဲဆိုထားသည့် ရုံးချိန်းသို့ လာရောက်ရန် ပျက်ကွက်မှုဖြင့် Gust Myanmar မှ အလုပ် သမား ၇၁ ဦးကို ဇူလိုင်လ ၁၅ရက်နေ့က ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်ရှိ Gust Myanmar ယင်းစက်ရုံမှာ ယခုအခါ အပြီးပိတ်သိမ်းသွားပြီဖြစ်ပြီး၊ ယင်းစက်ရုံမှ အလုပ်သမား ၉၇ ဦးကို အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန (အလဆ) မှ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပုဒ်မ ၄၆(ဃ)၊ ပုဒ်မ ၄၇ တို့ဖြင့် မတ်လက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်ပိုင်ပိုင်နှင်းအေးက “သူတို့ကို တရားစွဲလိုက်တာ ၉၇ ယောက်ပေါ့။ ပထမ ရုံးချိန်းမှာ ၆၉ ယောက် လာပြီး ဒုတိယမြောက် ရုံးချိန်းမှာ ၁၄ ယောက် လာတယ်။ တတိယမြောက် ရုံးချိန်းမှာ၂၀ ကျော် လာတယ်။ တရားစွဲထားတာ ၉၇ ယောက်ကို အဲဒီလောက်ပဲ လာတယ် ဆိုတော့ တတိယမြောက် ရုံးချိန်းမှာ သတိပေးလိုက်တာပေါ့။ ၁၅ ရက်မှာကျတော့၂၃ ယောက် လာတယ်။ ခွင့်တင်တာက ၅ ယောက် မလာတဲ့ လူတွေ အကုန်လုံး ဖမ်းဝရမ်း ထုတ်မယ် ဆိုပြီး တရားရုံးက ကြေညာလိုက်တာ” ဟု ၎င်းက ဆိုသည်။
ပုဒ်မ ၄၆ (ဃ) တွင် မည်သည့် အလုပ်သမားမဆို ပုဒ်မ ၃၉ ကပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင် ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တသိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ချ မှတ်ရန် ပြဋ္ဌာန်းထား ပြီး ပုဒ်မ ၄၇ တွင် မည်သူမဆို ပုဒ်မ ၄၀၊ ၄၁၊ ၄၂ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သိန်း ၂၀ ထက် မနည်းသော ငွေဒဏ် ချမှတ်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထား သည်။
Gust Myanmar စက်ရုံ အပြီး ပိတ်ပြီ ဖြစ်၍ နယ်ပြန်သူများ၊ အလုပ်အသစ်သို့ ဝင်နေသူများလည်း ရှိသဖြင့် အားလုံးစုံရန် မဖြစ်နိုင်ကြောင်း ရုံးချိန်း သုံးကြိမ် တက်ရောက်ခဲ့ပြီး တကြိမ်သာ ပျက်ကွက်၍ ဖမ်းဝရမ်း ထုတ်ခံခဲ့ရသူ Gust Myanmar က စက်ရုံအလုပ်သမား မအေးသူဇာက ပြောသည်။
“အရမ်း ဒုက္ခရောက်နေတဲ့ အချိန်မှာ စက်ရုံကလည်း ပိတ်သွားပြီ။ ဒါကိုမှ နားလည်မှု မပေးဘဲနဲ့ ဘာမှ မငဲ့ပေး တာကို တကယ် စိတ်မကောင်းဘူး။ တရားစွဲခံရတဲ့သူတွေက ၉၇ ယောက်။ ၉၇ ယောက်လုံး ဆုံဖို့ဆိုတာ ဘယ်လိုမှ မဖြစ် နိုင်ဘူး။ ညီမတို့ ဘယ်လောက် ရုံးချိန်း တက်နိုင်ပါစေ ရုံးချိန်းက ပြီးမှာ မဟုတ်တော့ဘူး” ဟု ၎င်းက ဆိုသည်။
အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ကိုရဲနိုင်ဝင်းကလည်း အလုပ်သမားတချို့ မူရင်းဒေသသို့ ပြန်သွားကြ၍ ရုံးချိန်းပုံမှန်မလာနိုင်ကြောင်း၊ တချို့မှာ ရုံးချိန်းလာရင်း အလုပ်ပြန်ရသဖြင့် အလုပ်ပြန်လုပ်ကြောင်း၊ သို့သော် ၎င်းတို့အမှုကို သိရှိသည့်အတွက် အလုပ်ရှင်တို့က မခန့်တော့ကြောင်း၊ ထို့အတွက် အစိုးရ အနေဖြင့် အလေးအနက်ထားစဉ်းစားဖို့ လိုကြောင်းဆိုသည်။
“ဥပေဒ ဆိုတာ ပုဒ်မတွေကို အသေကိုင်ရမှာ မဟုတ်ဘူး။ လူသားတွေကို တရားမျှတမှု လုံခြုံစိတ်ချမှုနဲ့ အေးချမ်း တည်ငြိမ် မှုကို ဦးတည်ရတာလေ။ အခုဟာက အမှုအရတော့ ဒဏ်ငွေနဲ့လည်း ပြီးချင် ပြီးလို့ရတာ ဖြစ်နိုင်တယ်။ သို့သော် ဒီအမှုကို ဒီလို ရင်ဆိုင်ရတဲ့ အချိန်မှာ သူတို့ဘဝရပ်တည်ရေး ဆိုတာ ဘယ်လိုမှ မရပ်တည်နိုင်တော့ဘူး။ နေစရာလည်း မရှိဘူး စား စရာလည်း မရှိဘူး။ ရွာလည်း ပြန်လို့ မရဘူးဆိုရင် သူတို့ ဘာဖြစ်သွားနိုင်လဲ ဆိုတာ ပြန်စဉ်းစားသင့်တယ်” ဟု ကိုရဲနိုင်ဝင်း က ဆက်ပြောသည်။
လှိုင်သာယာမြို့နယ်ရှိ Gust Myanmar အထည်ချုပ်စက်ရုံတွင် ဇန်နဝါရီလမှစတင်၍ အလုပ်သမားများက ရက်မှန်ကြေး ရရှိရေးအတွက် အကြိမ်ကြိမ် ညှိနှိုင်းရာ အဆင်ပြေမှု မရှိသဖြင့် ဆန္ဒပြ၊ သပိတ် စခန်းဖွင့် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး နောက် အလုပ်သမား ၉၇ ဦးကို မတ်လ ၁၃ ရက်တွင် စတင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“ကျန်တဲ့ တကယ့် အရေးကြီးတဲ့ အချက်အလက်တွေ မပါဘူး။ အဲဒီရက်မှန်ကြေးလေး ခွဲပေးထားတာကိုပဲ သူဌေးက မပေး ချင်လို့ ခုံကောင်စီကို ထပ်တက်တာ အမှန်တော့ အလုပ်သမားတွေက တက်တာ မဟုတ်ဘူး။ ခုံသမာဓိရဲ့ဆုံးဖြတ်ချက်ကို မနာခံတာက အလုပ်ရှင်။ အလုပ်သမားတွေက မနာခံပါဘူး ဆိုပြီး သူတို့က တရားစွဲလိုက်တယ်” ဟု မအေးသူဇာက တရား စွဲခံရသည့် အကြောင်းရင်းကို ပြောပြသည်။
ရှေ့နေ ဒေါ်ပိုင်ပိုင်နှင်းအေးက “စက်ရုံကလည်း ပိတ်သိမ်းလိုက်ပြီ။ အလုပ်ရှင်တွေကလည်း မရှိတော့ဘူး။ အခု တရားစွဲ ထားတာက အလုပ်သမား ရုံးဘက်ကနေ စွဲထားတာဆိုတော့ လူမစုံနိုင်ဘူး ဆိုရင် အမှုကတော့ ပိတ်လိုက်တာကောင်းတာပေါ့ ” ဟု လည်း သုံးသပ်ပြောဆိုသည်။
၂၀၁၂ ခုနှစ် ဥပဒေ ပုဒ်မ ၄၀ အရ မည်သူမျှ အငြင်းပွားမှုတခုနှင့် စပ်လျဉ်း၍ ဤဥပေဒနှင့်အညီ ဆွေးနွေးညှိနှိုင်းခြင်း၊ ဖျန် ဖြေခြင်းနှင့် ခုံသမာဓိအဖွဲ့ဖြင့် ဆုံးဖြတ်ခြင်းတို့ကို ခံယူခြင်း မပြုဘဲ အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မ ၄၁ တွင်မည်သူမျှ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်း သဘော တူညီချက် တခုခု အကျိုးသက်ရောက်မှု ရှိစဉ် ကာလအတွင်း အဆိုပါ ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကို ပြန် လည် ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရန်လည်း ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၄၂ တွင်မူ မည်သူမျှ သပိတ်မှောက်ခြင်းတွင် ပါဝင် ဆောင်ရွက်လိုခြင်း မရှိသည့် အလုပ်သမားများ၏ လွတ်လပ်စွာ အလုပ် လုပ်ကိုင်ခွင့်ကို တားမြစ်ခြင်းသော်လည်းကောင်း၊ အလုပ်သမား၏ သပိတ်မှောက်ခြင်း ပြုနိုင်သည့် အခွင့်အရေးကို နှောင့်ယှက် ဟန့်တားခြင်း သော်လည်းကောင်း မပြုရဟု ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
ပြည်ပ အမှာမရှိ၍ အထည်ချုပ်လုပ်ငန်းများ လည်ပတ်ရန် ခက်ခဲလာ
အလုပ်သမားအရေး ဆောင်ရွက်သူများ ရွေးကောက်ပွဲ ဝင်ပြိုင်မည်
ရန်ကုန်တိုင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသည့် လုပ်သား ၄ သောင်းခန့် ရှိ