ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဆက်သွယ်ရေးလမ်းကြောင်း ပွင့်စေရန်နှင့် ရွာသားများကို ကယ်ရန် တန်ပြန်အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး (Counter Terrorism Operation) ကို ဇူလိုင် ၁၆ ရက်မှ စတင်၍ ဆောင်ရွက်နေကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာ၊ အောင်သာဇေကျေးရွာနှင့် ကျောက်တန်းကျေးရွာများတဝိုက်တွင် ရက္ခိုင်စစ်တပ် (AA) က ရွာသူ၊ ရွာသားများကို လူသားတံတိုင်းကာ၍ အသုံးချနေပြီး ရသေ့တောင်မှ ကျောက်တန်း၊ ဖုန်ညိုလိပ်နှင့် ဘူးသီးတောင်မြို့သို့ ဆက်သွယ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားသဖြင့် စစ်ဆင်ရေးဆောင်ရွက်ရခြင်း ဖြစ်ကြောင်း တပ်မတော်ကဆိုထားသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရွာသားတွေနဲ့ ရောနှောနေပြီးတော့ ပြည်သူလူထုကို အသုံးချနေတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ နယ်မြေလုံခြုံရေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ပြောသည်။
AA အဖွဲ့က ရွာသားများနှင့် ရောနှောကာ အကာအကွယ်ယူနေထိုင်နေသဖြင့် စစ်ဆင်ရေးဆောင်ရွက်ရာတွင် ရွာသားများ ထိခိုက်မှုမရှိစေရန် Rules of Engagement နှင့် အညီ အတတ်နိုင်ဆုံး ခွဲခြားဆောင်ရွက်သွားမည် ဟု တပ်မတော်ဘက်ကပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ပြောထားတဲ့အတိုင်း သာမန်ပြည်သူပြည်သားတွေအနေနဲ့ AA ကိုအားမပေးဖို့ ရွာထဲမှာ လက်မခံဖို့ လိုပါလိမ့်မယ်” ဟု သတိပေးပြောဆိုသည်။
တိုင်းရင်းသားအရေးလေ့လာသူနှင့် လက်နက်ကိုင်အဖွဲ့များအရေး လေ့လာသူအချို့ကမူ တပ်မတော်က ကြေညာလိုက်သည့် တန်ပြန်အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးသည် ပြီးခဲ့သည့် ဇွန်လက ကြေညာခဲ့သော ရသေ့တောင်ဒေသတွင် နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးဆောင်ရွက်မည် ဆိုသည့် ကိစ္စနှင့် ဆက်စပ်နိုင်သည် ဟုယူ ဆကြသည်။
ရသေ့တောင် ဒေသတွင် AA အဖွဲ့ဝင် ၂၀၀ ခန့်ရောက်ရှိနေသဖြင့် နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးဆောင်ရွက်မည်ဟု ကြေညာပြီးနောက်တွင် ပြည်သူများ ထိတ်လန့်မှု ရှိခြင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းက အထင်အမြင်လွဲမှားခြင်းတို့ ရှိနိုင်သဖြင့် အဆိုပါညွှန်ကြားချက်ကို တပ်မတော်ဘက်က ပြန်လည်ရုတ်သိမ်းခဲ့သည်။
ယင်းနောက်တွင် တန်ပြန်အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဆောင်ရွက်နေပြီဟု တပ်မတော်ဘက်က ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။
တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက “စစ်ဆင်ရေးကို ခေါင်းစဉ်ပြောင်းလိုက်တာပါပဲ။ အရင်တခေါက် နယ်မြေရှင်းလင်းမှုကြေညာချက်ကတည်းက လုပ်နေတာပါပဲ။ အဲဒီကတည်းက အရပ်သားတွေ၊ ပြေးတာ ၊ လွှားတာတွေက ရပ်တန့်မသွားဘူးလေ။ တောက်လျှောက်ဖြစ်နေတာ။ ဆိုတော့ ဒီစစ်ဆင်ရေးက တောက်လျှောက်လုပ်နေတာပါပဲ” ဟု မှတ်ချက်ပေးသည်။
AA အဖွဲ့သည် ဗီယက်နမ်စစ်ပွဲတွင် ဗီယက်ကောင်းပြောက်ကြားများ အမေရိကန်ကို တိုက်ခိုက်ခဲ့သည့် ပုံစံကို အတုယူကာ အရပ်သားများနှင့် အတူရောနှောနေ၍ ပြောက်ကြားစစ်ဆင်နွှဲနေခြင်း ဖြစ်သည်ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။
၎င်းက “အင်အားနည်းတဲ့ ပြောက်ကြားတွေဟာ အင်အားကြီးတဲ့ လက်နက်ကိုင်တပ်ကို တိုက်ခိုက်တဲ့အခါမှာ လူထုကို မှီခိုတဲ့ ပြောက်ကြားစစ်ပွဲ ကျင့်သုံးတာကိုး။ ဒါကလည်း ပြောက်ကြားစစ်ပွဲဆင်နွှဲနေသူတွေ ဘက်က ပြောတာ။ တဖက်ကလည်း အမေရိကန်တို့လိုတွေ၊ တပ်မတော်တို့လိုဟာမျိုးတွေက ဒီလိုပြောက်ကြားစစ်ဆင်နွှဲတာက လူသားတံတိုင်းကာတယ်လို့ ပြောကြတာပေါ့” ဟု မှတ်ချက်ပေးသည်။
ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကလည်း တပ်မတော်သည် ကုလားတန်မြစ် အရှေ့ဘက်ကမ်းရှိ AA ခြေကုပ် စခန်းများကို ရှင်းလင်းပြီးနောက် ကုလားတန်မြစ်အနောက်ဘက်ကမ်းတွင် စစ်ဆင်ရေးလုပ်ဆောင်လာ ခြင်းဖြစ်ကြောင်းဆိုသည်။
၎င်းက “တပ်မတော်က AA ခြေကုပ်ထိုင်ထားတဲ့နေရာတွေ အကုန်လုံးကို တဆင့်ချင်းရှင်းမယ့် သဘောမှာရှိတာပေါ့။ တိုက်ပွဲတွေကတော့ ပြင်းထန်မှာပေါ့။ အခုက မိုးတွင်းတောင် မကုန်သေးဘူး စပြီဆိုတော့ မိုးကုန်ရင်တော့ ပိုပြီး ဖြစ်လာနိုင်တာပေါ့” ဟု သုံးသပ်သည်။
AA အဖွဲ့သည် ယခင်က တလတကြိမ်ခန့် အကြီးစားစစ်ဆင်ရေးကို ဆောင်ရွက်လေ့ရှိသော်လည်း မီးဝစခန်းကို သိမ်းနိုင်ရန် ကြိုးပမ်းသည့် တိုက်ပွဲ အရေးနိမ့်သွားပြီးနောက်တွင် အကြီးစားစစ်ဆင်ရေးဆောင်ရွက်မှုများကို သိပ်မတွေ့ရတော့ ကြောင်း ဒေါက်တာမင်းဇော်ဦးက ဆိုသည်။
လက်ရှိတွင် တပ်မတော်ဘက်ကလည်း ထောက်လှမ်းရေး သတင်းအချက်အလက်များ ရရှိလာသည်ကို တွေ့ရပြီး ညသန်းခေါင်ယံ အချိန်များတွင် ကျေးရွာများထဲသို့ဝင်ရောက်ကာ AA အမာခံဟု ယူဆရသူများကို ဖမ်းဆီးနေမှုများရှိကြောင်း ၎င်းက ဆိုသည်။
ထူးခြားချက်မှာ မြန်မာ့တပ်မတော်သည် စစ်ဆင်ရေးလုပ်မည်ဆိုသည့် အချက်ကို ပုံမှန်အားဖြင့် ထုတ်ပြန်ကြေညာလေ့မရှိသော်လည်း ယခုတခေါက်တွင် တရားဝင်ထုတ်ပြန် ကြေညာခြင်းများ ဆောင်ရွက်လာသည်ကို တွေ့ရကြောင်း ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။
တပ်မတော်ဘက်က အရပ်သားများ ထိခိုက်သေဆုံးမှုများနည်းပါးရန် Rules of Engagement အတိုင်းဆောင်ရွက်မည်ဆိုသည့် အချက်သည်လည်း တကယ်တမ်းလက်တွေ့ စစ်ဆင်ရေးဆောင်ရွက်သည့် အခါတွင် လုံလောက်မှုရှိလာမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အမေရိကန်စစ်တပ်တွင် အရပ်သားများရှိနေသည့် နေရာအတွင်း စစ်ဆင်ရေးလုပ်မည့် ရဲဘော်များကို စစ်ဆင်ရေးဆောင်ရွက်ရာ၌ အရပ်သားထိခိုက်မှုများ နည်းပါးရန် မည်ကဲ့သို့ဆောင်ရွက်ရမည် ဆိုသည့် အချက်ကို လနဲ့ချီ အချိန်ယူကာ ကြိုတင်သင်တန်းပေးလေ့ရှိကြောင်း ဆိုသည်။
ဒေါက်တာမင်းဇော်ဦး က “ဆိုလိုတာက ဘယ်နိုင်ငံက တပ်ပဲဖြစ်ဖြစ် ROE တခုတည်းနဲ့ မလုံလောက်ဘူးဗျ။ ရဲဘော်တွေကို ပြောတာ။ ကျနော်သိသလောက်တော့ တပ်မှာ ဒီလို ထရိန်နင်တွေ မရှိသေးဘူးလို့ မြင်တယ်။ ညွှန်ကြားချက်ထုတ်တာ တွေတော့ရှိနိုင်ပါတယ်။ ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာတွေပေါ့။ ဒါတွေက လုံလောက်မှုတော့ သိပ်မရှိပါဘူး။ ဒါထက်ပိုပြီး အသေးစိတ်တဲ့ သင်တန်းတွေ ပေးဖို့တော့ လိုတာပေါ့” ဟု ပြောသည်။
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှ ဒေသခံတဦးကမူ ကျောက်တန်းရွာတဝိုက်တွင် တပ်မတော်ဘက်က စစ်ကြောင်းများဝင်လာသဖြင့် ရွာသူ၊ ရွာသားများ စိုးရိမ်ထိတ်လန့်နေပြီး ရသေ့တောင်ရှိ စစ်ဘေးရှောင်စခန်းကို ပြောင်းရွှေ့နေထိုင်နေရကြောင်းဆိုသည်။
၎င်းက “တိုက်ပွဲတွေကတော့ ဒီရက်ပိုင်းဖြစ်နေတယ်ဗျ။ ရွာထဲမှာတော့မဟုတ်ဘူး ရွာပြင်မှာပဲ။ တချို့လည်း ရွာထဲမှာ ကျန်ခဲ့တဲ့ သူတွေရှိတယ်။ ကျနော်အပါအဝင် အများစုက ရသေ့တောင်ကို ပြောင်းနေနေကြတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၁ ရက်ကလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာ အထက်တန်းကျောင်းတွင် AA အဖွဲဝင်များဖြစ်သည်ဟု သံသယဖြင့် ရွာသား ၂၇၀ ကို ထိန်းသိမ်းထားစဉ် ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း ရွာသား ၆ ဦးသေဆုံးခဲ့သေးသည်။
ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းထားသော ရွာသားများက လူစုလူဝေးဖြင့် ဆူပူအုံကြွလာသောကြောင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က အကြောင်း ပြချက်ပေးဖူးသည်။
ရခိုင်ပြည်နယ်တွင် စစ်ပွဲကြောင့် နေရပ်စွန့်ခွာသည့် စစ်ဘေးရှောင် ၂ သိန်းနီးပါးရှိနေပြီး ဒုက္ခသည် စခန်းပေါင်း ၁၅၀ ခန့်ရှိနေသည်။