မန္တလေးတိုင်း၌ မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိနေပြီး တလအတွင်း ကျပ် ၅ ဘီလျှံ (သိန်း ပေါင်း ၅ သောင်းခန့်) ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
ဇွန် ၁၆ ရက်မှ ဇူလိုင် ၁၆ ရက်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးအမှုပေါင်း ၁၀ မှုရှိပြီး ဘိန်းဖြူ အပါ အဝင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်စသည့် မူးယစ်ဆေးဝါးမျိုးစုံ၊ ကာလတန်ဖိုးဖြင့် စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၄၉၅၄၄ ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးအဖွဲ့၏ နေ့စဉ် သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးအမှုများ၏ တန်ဖိုးအများစုသည် ကျပ်သိန်းထောင်ဂဏန်း အထက်တွင်ရှိကာ တန်ဖိုးပမာဏအလွန်များသည့်အမှုများသည် ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရသည်။
ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက “မန္တလေးမှာမိတယ်ဆိုပေမဲ့ မန္တလေးကို Transit ပုံစံနဲ့ဖြတ်သွားနေတာများတယ်။ ဒီကိစ္စကို ကိုင်တွယ် နေတဲ့ပြည်ထဲရေးက ဒီမူးယစ်ဆေးဝါးတွေဝင်လာရာလမ်းကြောင်းကိုသာ ဖိဖိစီးစီးကိုင်တွယ်နိုင်ရင် တဖြေး ဖြေးလျော့ပါးသွားမှာပါ။ အခုက သွားလေရာလမ်းကြောင်းတလျှောက် အဂတိတရားရှိနေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်သလို ဖမ်းမယ်ပြင်တိုင်း ကြိုသတင်းပေါက်တဲ့ကိစ္စတွေကလဲ သက်ဆိုင်တဲ့သူတွေနဲ့ အချိတ်အဆက်မရှိဘဲ ဒီလိုဖြစ်စရာအကြောင်းမရှိနိုင်ဘူးလေ” ဟု ဧရာဝတီကို ပြောသည်။
ပမာဏာများသောမူးယစ်ဆေးဝါးဖမ်းဆီးမှုများတွင် အမြဲလိုလို လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ ပိုင်ရှင်မဲ့ အဖြစ် နိဂုံးချုပ်သွားသည့်အချက်က ထူးခြားနေသည်ဟု မန္တလေးတိုင်းလွှတ်တော်သက်တမ်းတလျှောက် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေးကိစ္စနှင့်ပတ်သတ်၍ မေးခွန်းများမေးမြန်းခဲ့သည့် ၎င်းက ထပ်မံထောက်ပြသည်။
တလအတွင်းဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးအမှုများအနက် ပြီးခဲ့သည့်ကြာသပတေးနေ့က မန္တလေး-ပြင်ဦးလွင်အဆင်းကားလမ်းတွင် ပိုင်ရှင်မဲ့ အဖြစ် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးစုစုပေါင်းတန်ဖိုးမှာ ငွေကျပ် သိန်း ၃ သောင်းခွဲကျော်ဖြစ်ကာ တလ အတွင်း ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများအနက် တန်ဖိုးအားဖြင့် အများဆုံးဖြစ်သည်ကို တွေ့ရသည်။
ယင်းဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်-မန္တလေးအဆင်းကားလမ်း မိုင်တိုင် အမှတ်(၂၂)အနီးတွင် YGN/7M—-နံပါတ်တပ်ဆင်ထားသော SURF မော်တော်ယာဉ်တစ်စီး တိမ်းမှောက်နေသည်ဟုသတင်းရရှိ၍ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်အတွင်းတင်ဆောင်လာသော ဆာလာအိတ်များထဲမှ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သတ်၍ ပြင်ဦးလွင်မြို့နယ် ပြင်စာနယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ၁၉(က) ဖြင့်အမှုဖွင့်ထားပြီး ယင်းမူးယစ် ဆေးဝါးများအား မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသူကို ဖမ်းဆီးရမိရေး သက်ဆိုင်ရာ နယ်မြေစခန်းက ဆက်လက် စုံစမ်းရှာဖွေဆဲဖြစ်၍ လတ်တလောသီးခြား သတင်းထုတ်ပြန်ရန် မရှိသေးကြောင်း မန္တလေး တိုင်း နယ်စပ်ရေးရာ နှင့်လုံခြုံရေးရာ ဝန်ကြီးဗိုလ်မှုးကြီးကျော်ကျော်မင်းက ဧရာဝတီကို ပြောသည်။
ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းကြားတွင် မူးယစ်ဆေးဝါးစစ်ဆေးသည့် X-Ray စက်ထားရှိသည့်ဂိတ်ရှိသော် လည်း ယခုလိုငွေကျပ်သိန်းသောင်းချီပမာဏာရှိမူးယစ်ဆေးဝါးများအား ၎င်းစစ်ဆေးရေးဂိတ် အလွန် ပြင်ဦးလွင်-မန္တလေးအဆင်းကားလမ်းတွင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခြင်းသည် မေးခွန်းထုတ်ဖွယ် ဖြစ်သည်ဟု ပြင်ဦးလွင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းက ဧရာဝတီကို ပြောသည်။
“ခက်တာက X-ray နဲ့စစ်တဲ့ဂိတ်ရှိတယ်ဆိုတာ မှန်ပေမဲ့ ရွာတိုင်းလိုလိုက ကွင်းလမ်းတွေ အများစု ရှိနေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူခိုး ဆိုပြီး ဂျိုပါတာလဲမဟုတ်သလို ဘယ်သူက ဘယ်လို ဆိုတာအတပ်ပြောရခက်သလို ထင်ကြေးနဲ့လဲ ပြောနေလို့မကောင်းဘူး။” ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးမြို့တွင် ဇွန်လ ၂၆ ရက်က ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း၊ စစ်ကိုင်း၊ ကချင်ပြည်နယ်၊ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းတို့မှ ဖမ်းဆီးရမိခဲ့သော ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးများ တန်ဖိုးအားဖြင့် စုစုပေါင်း ငွေကျပ် ၅၉ ဘီလျှံအား မီးရှို့ဖျက်ဆီးခဲ့သည်။