မန္တလေးမြို့ အမရပူရရှိ ရွှေဂဲရေထိန်းတံခါးအနီး ကျိုးသွားသည့်တာဘောင်အား ယနေ့ည ၇ နာရီခွဲက ပြန်ပိတ်နိုင်ပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဧရာဝတီ ကိုပြောသည်။
ဦးကျော်ဆန်းမြင့် က “ဟုတ်ပါတယ်။ ကျိုးသွားတဲ့တာဘောင်လုံးဝပိတ်နိုင်ပါပြီ။ ပိတ်လိုက်နိုင်ပြီဆိုတော့ ဒီဟာကို ခိုင်ခိုင်မာမာ ထပ်ဖြစ်အောင်နဲ့ အားနည်းတဲ့နေရာတွေကို အန္တရာယ်ထပ်မဖြစ်ဖို့ ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ မြစ်ရေခန့်မှန်းချက်များအရ ဧရာဝတီမြစ်ရေသည် လာမည့် ၃ ရက် အတွင်း ရေကျမှတ်တွင်ရှိနိုင်သော်လည်း ၎င်းနောက် မြစ်ရေတက်လာနိုင်မည့်အလားအလာရှိသလို လက်ရှိ ကာလသည် ရေကြီးရေလျှံကာလ (High Flood Season) ဖြစ်သည့်အတွက် ကျိုးသွားသည့် တာဘောင်အား အမြန်ဆုံးအခိုင်အမာပြန်ပိတ်နိုင်ရန် ပြည်ထောင်စုအဆင့်ဌာနများနှင့်ပါ ပူးပေါင်း ဆောင်ရွက်လျက်ရှိ သည်ဟု ဆိုသည်။
အမရပူရမြို့နယ် မန္တလေး-စစ်ကိုင်းကားလမ်း ရွှေဂဲရေထိန်းတံခါးအနီး ဇူလိုင် ၁၉ ရက် ညပိုင်းမှ စတင်၍ တာရိုးစိမ့်ပေါက်ကာ နီးစပ်ရာလူနေရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဆက်တိုက်ဝင်ရောက်လာခဲ့ရာ ယနေ့ညနေပိုင်းအထိ အမရပူရမြို့နယ်ရှိ ကျန်တန်း၊ မှန်တန်း၊ ယဉ်တော်နှင့် ဈေးချိုရပ်ကွက်များမှ အိမ်ထောင်စု ၁၅၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ကျော်ကို ရေဘေးလွတ်မည့် နီးစပ်ရာ သာသနိက အဆောက်အအုံများတွင် ရွှေ့ပြောင်း စေခဲ့သည်ဟု သိရသည်။
မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က “တာဘောင်ရေစိမ့်မှုဖြစ်ပြီး ည ၁၀ နာရီ ခွဲလောက်မှာ ရေကျွံလာတယ်။ ညပိုင်း ၁ နာရီလောက်ကျ တလမ်းလုံး ကျိုးပျက် သွားတဲ့အနေအထားဖြစ်သွားတယ်။ နေ့လည်က ဒုသမ္မတကြီးလာကြည့်တုန်းကလဲ Safety First ဦးစားပေး ဆောင်ရွက်ဖို့ရယ် High Flood လာနေပြီမို့ အမြန်ဆုံးလုပ်ဖို့ပြောသွားပါတယ်” ဟု ယနေ့နေ့လည်ပိုင်းက မီဒီယာများအား ပြောသည်။
တာရိုးကျိုးပေါက်မှုအခြေအနေအား ယနေ့နေ့လည်ပိုင်းက ဒုတိယ သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တို့က လာရောက်ကြည့်ရှုခဲ့ကြသည်။
တာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုဖြစ်စဉ်သည် သဘာဝဘေးအန္တရာယ်ဖြစ်ပြီး အမြန်ဆုံး ပြန်လည် ပိတ်ဆို့နိုင်ရန်ဆောင်ရွက်လျက်ရှိကာ ရေဘေးသင့်ဒေသခံများအား အစိုးရအဖွဲ့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရန် စီစဉ်လျက်ရှိသည်ဟု ယနေ့နံနက်ပိုင်းက တာရိုးကျိုးပေါက်ရာနေရာသို့ လာရောက်ကြည့်ရှု ခဲ့သော မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က မီဒီယာများအား ပြောကြားခဲ့သည်။
မန္တလေးအခြေစိုက် စိမ်းရောင်စို/သဘာဝစိမ်း သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာ အရပ်ဖက်လူ့အဖွဲ့အစည်းမှ ဦးမောင်မောင်ဦး က “ဒီဖြစ်စဉ်က သဘာဝဘေးရော၊ လူလုပ်တဲ့ဘေးရော နှစ်ခုပေါင်းသွားတဲ့ဖြစ်စဉ်လို့ ပြောလို့ရပါမယ်။ ဘာလို့လဲဆိုတော့ ရေဆိုးထုတ်စက်ရုံရဲ့ ပေ ၅၀ အကွာလောက်မှာ ရေစိမ့်ဖောက်မှုတွေဖြစ်တာဆိုတော့။ ဒါကြောင့် ဒီကိစ္စဟာ သင်ခန်းစာယူရမဲ့ နမူနာကောင်းတခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရုပ်ဝတ္ထုဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့တခြားတဖက်က သက်ရောက်မှုက ဒီလိုရှိတယ်ဆိုတာကို သဘာဝတရားကြီးက အချက်ပေးလိုက်တာပါပဲ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတာဘောင်ကျိုးပေါက်မှုဖြစ်ပွားသည့်တဝိုက်ရှိ ရေဝင်ရေလဲဆက်စပ်ဧရိယာများ၌ ရွှေဂဲ ရေဆိုး သန့်စင်စက်ရုံစီမံကိန်း၊ စက်သုံးဆီအတင်အချဆိပ်ကမ်းစီမံကိန်း၊ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း စသည့် ဖွံ့ ဖွံ့ဖြိုးရေးစီမံကိန်းများရှိပြီး ယခုတာဘောင်ကျိုးသည့်ဖြစ်စဉ်သည်လည်း ရွှေဂဲရေဆိုးသန့်စင်စက်ရုံ နှင့်ဆက်စပ်မှုရှိနိုင်သည်ဟု ဒေသခံအများစုက ဝေဖန်နေကြသည်။
ဝန်ကြီးဦးဇာနည်အောင်က “ရေဝင်ရေလဲဧရိယာမြေဖို့တာနဲ့ ဆိုင်လားဆိုတဲ့ကိစ္စက ယတိပြတ်ပြောဖို့ခက်တယ်။ အကြမ်းဖျင်း မသက်ဆိုင်ဘူးလို့ ယူဆရတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ တခုခုကို လေ့လာစူးစမ်းမှုမရှိ ဘဲ တခါတည်းကောက်ချက်ဆွဲလိုက်တာတွေက မမှန်နိုင်ပါဘူး။ ဘယ်သူအားနည်းချက်ကြောင့်လဲဆိုတာ အဖြေရှာကြရမှာပါပဲ” ဟု ပြောသည်။
အမရပူရမြို့နယ် ထန်းတပင် ၅ ရပ်ကွက်တွင်နေထိုင်သူ မနွယ်နွယ်က “နေ့လည်ကအထိ ကျမတို့ အိမ်ဘက်ရေဝင်မလာသေးပေမဲ့ အခုရေက ဒူးခေါင်းလောက်ရောက်လာပြီ။ ရေဝင်တာအရမ်းမြန်တော့ ညကျရင်တအိမ်လုံးမြှပ်သွားမဲ့အခြေအနေရှိတယ်။ ရပ်ကွက်လူကြီးတွေ ကတော့ ဘုရားပေါ်ကိုရွှေ့ဖို့ လိုက်ပြောနေပြီ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ ၊ တပ်မတော်သားများ ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ရေဝင်နိုင်သည့်ဧရိယာအတွင်းရှိဒေသခံများအား ရေလွတ်ရာနေရာများသို့ ကူညီ ပြောင်းရွှေ့ပေးလျက်ရှိသည်။