ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ပိုလိုးထရွာတွင် တပ်မတော်သား ၂ ဦး၏ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိးသမီး သေဆုံးသွားသည့် အပေါ် ကန့်ကွက်ရှုတ်ချပြီး ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ပေးရန် ဇူလိုင် ၂၀ ရက်နေ့တွင် ကရင်အဖွဲ့အစည်း အချို့က သတင်းထုတ်ပြန်သည်။
တပ်မတော်လက်အောက်ခံ အမှတ် ၄၀၉ ခြေမြန်တပ်ရင်းမှ တပ်သား ၂ ဦးသည် ဇူလိုင်လ ၁၆ ရက်နေ့က ပိုလိုးထရွာသူ နော်မုနော်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာများ ချွတ်ယူသွားကြောင်း၊ သေဆုံးသူ နော်မုနော်သည် အသက် ၄၀ နှစ်အရွယ်ရှိသူ ဖြစ်ပြီး အသက် ၁၈ နှစ်ရှိ သမီး ၁ ဦး၊ အသက် ၁၅ နှစ်နှင့် ၁၂ နှစ်အရွယ်ရှိ သား ၂ ဦး၏ မိခင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များ က ဆိုသည်။
“ဒီလိုပြည်သူလူထုကို အကြောင်းမဲ့ အပြစ်မရှိ သတ်ဖြတ်မှုမျိုးကို လက်မခံဘူး။ အခုနှစ်မှာ ပြန်ကြည့်မယ်ဆိုရင် ရခိုင် ပြည်နယ်မှာပဲဖြစ်ဖြစ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ဒီလိုလူထုကို အတင်းအဓမ္မ ဖိနှိပ်တာမျိုး လု ယက်မှုတွေ၊ မုဒိမ်းမှုတွေက ဖြစ်ပွားတာတွေ မကြာမကြာ ဖြစ်နေတယ်။ ဒီလိုဖြစ်တာမျိုးတွေ ရပ်တန့်ဖို့တော့ လိုတယ်” ဟု KNU Concerned Group ၏ ပြောရေးဆိုခွင့်ရှိသူ နော်စီဖိုးရာစိန်က ဧရာဝတီသို့ ပြောသည်။
အဆိုပါအမျိုးသမီး သေဆုံးမှုအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်၊ အစိုးရ နှင့် တပ်မတော်ဘက်ကလည်း ယင်းကိစ္စအပေါ် အရေးတကြီး ကိစ္စ အဖြစ် ချက်ချင်း စုံစမ်းဖော်ထုတ်ရန် ကျူးလွန်သူများကို ထိရောက်စွာအရေးယူပေးရန် KNU Concerned Group၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)နှင့် Karen Peace Support Network (KSPN) တို့မှ ကြေညာချက်များ ထုတ်ပြန်ထားကြသည်။
တပ်မတော်ဘက်က အရပ်သားများအပေါ် ကျူးလွန်မှုများကို ရပ်တန့်ပြီး ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ရန် တိုက်တွန်းသည့် အနေဖြင့် ကန့်ကွက်ကြောင်း စာထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ တပ်မတော်ဘက်က ညှင်းပန်းနှိပ်စက်မှုများ၊ အကြောင်းမဲ့ လူသတ်နေခြင်းများ၊ မုဒိမ်းမှုများနှင့် ပြည်သူလူထု၏ ပစ္စည်းဥစ္စာ များအား အတင်းအဓမ္မ ရယူနေခြင်းများကို Amnesty International (AI) နှင့် Human Right Watch ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများက စုံစမ်း ဖော်ထုတ်ပေးရန်လည်း တောင်းဆိုကြောင်း နော်စီဖိုးရာစိန်က ပြောသည်။
“ဒီလိုဖြစ်ပျက်တာက လူတဦးတယောက် မဟုတ်ဘူး။ ကရင် တမျိုးသားလုံး ခံစားနေရတာဖြစ်တယ်။ အပြစ်မဲ့ ပြည်သူ လူထု တရပ်လုံးကို သတ်ဖြတ်တာက တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြစ်မှုဖြစ်တယ်။ လူမှုအဖွဲ့အစည်းတွေ ဝိုင်းဝန်းပြီး ဖိအား ပေးဖို့ ဒီလိုမျိုးရပ်တန့်ဖို့အတွက် တိုက်တွန်းတာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။
သေဆုံးသူ နော်မုနော်၏ ခင်ပွန်း စောပုအေးကလည်း ကျူးလွန်သူ စစ်သားများကို အပြစ်ပေးရန်၊ အရပ်သားများကို သတ်ဖြတ်မှုများ ပြုလုပ်နေသည့် တပ်မတော်အား အရေးယူမှုများပြုလုပ်ရန် နိုင်ငံတကာအဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်းလည်း ပြောဆိုထားသည်။
ပိုလိုးထ ကျေးရွာအနီးတွင် လှုပ်ရှားနေသော တပ်စခန်းတခုမှ တပ်သား သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့သည် စခန်းမှ ခွင့်ပြုချက်မရဘဲ ဇူလိုင်လ ၁၆ ရက်တွင် လက်နက်ငယ် ၂ လက်နှင့်အတူ ပိုလိုးထ ရွာထဲသို့ ရောက်ရှိခဲ့ကြောင်း၊ သန်းစိုး လွင်ဆိုသည့် တပ်သားသည် ပိုလိုးထရွာမှ အရက်ဆိုင်ပိုင်ရှင် အမျိုးသမီး၏ ဆွဲကြိုးကို လုယူရန် ကြိုးစားရာမှ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး သေနတ်ကျည်ထွက်သွားကာ အမျိုးသမီး၏ ဦးခေါင်း နောက်ပိုင်း နှင့် နောက်ကျောနေရာအား ကျည်ထိ မှန်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၀ က သတင်း ထုတ်ပြန်ထားသည်။
တရားခံစစ်သည် ၂ ဦး ထွက်ပြေး၊ ပျောက်ဆုံးနေခြင်းနှင့် မှုခင်းဖြစ်စဉ်များအား သက်ဆိုင်ရာ အထက်ဌာနများသို့ အချိန်နှင့် တပြေးညီ သတင်းမပို့ခဲ့သည့် စခန်းမှ တာဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သည့် စစ်သည် ၂ ဦးကို ဘီးလင်းတပ်နယ် စစ်ဘက်အချုပ်၌ ချုပ်နှောင် ထားပြီး စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ကျူးလွန်သူများကို မည်ကဲ့သို့ ပွင့်လင်းမြင်သာစွာ အရေးယူမည်ကို မေးမြန်းရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။
တပ်မတော်သားများအနေဖြင့် မိမိကိုင်ဆောင်သည့် လက်နက်အားရန်သူနှင့် နှစ်ဖက်ထိတွေ့တိုက်ခိုက်ချိန်မှလွဲ၍ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားသူတဦးဦးအား ထိခိုက်ဒဏ်ရာ ရရှိစေခြင်း၊ အသက်အန္တရာယ် ဖြစ်စေ ခြင်းမျိုးကို ဥပဒေအရ တင်းကြပ်စွာ တားမြစ်ထားပြီး ဖြစ်သည့်အပြင် လုံးဝသည်းခံခွင့်လွှတ်ခဲ့ခြင်းလည်း မရှိသည့် အစဉ် အလာ အတိုင်း ကျူးလွန်သူစစ်သည်များနှင့် တာဝန်ရှိသူများကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်က ဇူလိုင် ၂၀ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။
တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက “ KNU ဘက်က ကြေညာတာကတော့ ဆွဲကြိုးလုပြီးတော့ ပစ်သတ်သွားတယ်ပေါ့။ တပ်မတော်က ထုတ်ပြန်တာက ကျည်ထွက်ပြီး သေတယ်လို့ ဆိုတယ်။ အဲဒါက အဓိက အရေးကြီးတဲ့ ပြဿနာပဲ။ အားလုံးလက်ခံနိုင်တဲ့ စစ်ဆေးမှုဖြစ်ဖို့လိုတယ်။ အဲဒီလိုမှ မဟုတ်ရင် တဖက်နဲ့ တဖက် မယုံကြည်မှုနဲ့ သံသယက ပိုများလာလိမ့်မယ် ထင်တယ်” ဟု ထောက်ပြသည်။
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က အရပ်သားတဦးကို တပ်မတော်သားများက ပစ်သတ်ခြင်းနှင့် လမ်းပြအဖြစ်ခေါ်လာသည့် ဒေသခံတဦးကို ရိုက်နှက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရှမ်းလူမှု အဖွဲ့အစည်းများက ပြောဆိုထားသည်။
ကျူးလွန်သူများကို အရေးယူပေးရန် ဒေသခံ လူထုက ဇူလိုင်လ ၁၀ ရက်တွင် ကျောက်မဲမြို့၌ ဆန္ဒထုတ်ဖော်ခဲ့ရာ ဆန္ဒပြပွဲ ဦးဆောင်သူများကို အရေးယူမည်ဟု တပ်မတော်ဘက်က ကြေညာခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်လည်း တပ်မတော်သားများက ဦးဂါရွာမှ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုကာ ကာယကံရှင် အမျိုးသမီးကိုယ်တိုင် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။
You may also like these stories:
ကျောက်မဲက အရပ်သားသေဆုံးမှု ကျူးလွန်သူများကို အရေးယူရန် တောင်းဆို
တပ်မတော်နှင့် RCSS ပဋိပက္ခ အကြား အရပ်သား တဦး သေနတ်မှန်သေဆုံး
တပ်မတော်သား ၃ ဦးအား မုဒိမ်းမှုဖြင့် ဦးဂါ ရွာသူ အမှုဖွင့်
ရမ်းဗြဲရွာသား ၁ ဦး စစ်ကြောရေးစခန်းတွင် သေဆုံး