ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ တုန်းမဝကျေးရွာလူကြီး ဦးလှကျော်သည် ဆန်ဝယ်ရန် ပီချောင်း ငသရိုင်းနယ်ဘက်သို့ သွားစဉ် ရက္ခိုင်စစ်တပ်(AA)၏ ဖမ်းဆီးခံရပြီး ဇွန်လ ၅ရက်နေ့ကတည်းက ပျောက်ဆုံးနေရာ ဇူလိုင် ၁၇ရက်နေ့တွင် သေဆုံးလျှက် ပြန်တွေ့ကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ(KACC)က ယနေ့ သတင်း ထုတ်ပြန်သည်။
ဦးလှကျော် ပျောက်ဆုံးနေသည်မှာ ၄၅ရက်ခန့် ရှိပြီဖြစ်ပြီး၊ ယခုအခါ တုန်းမဝရွာနှင့် ၁ရက်ခန့်သွားရသည့် တောင်ကြား တခုတွင် ၎င်း၏ အလောင်းကို မိသားစုဝင်များ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ ၁ ဦးက “ဒီလ ၁၇ ရက်မှာ တွေ့တာ။ ၁၈ ရက်မှာ ရွာကို ပြောတယ်။ ၁၉ ရက်မှာ သွားကြည့် ပြီး အတည်ပြုတယ်။ ၂၀ ရက်မှာ အဝတ်အစားတွေယူလာပြီး ဆုတောင်းပွဲလုပ်လိုက်တယ်။ ရွာနဲ့ အလောင်း တွေ့တဲ့ နေရာက ၁ ရက်ခရီးလောက် ဝေးတယ်။ အလောင်းက ပုံပျက်နေတော့ အဝတ်အစား၊ လူခန္ဓာကိုယ်၊ မျက်နှာကို စစ်ပြီး အတည်ပြုလိုက်တာပဲ။ သူ့အစ်ကို ကိုယ်တိုင်အလောင်း စစ်တာ”ဟု ဧရာဝတီသို့ ပြောသည်။
တုန်းမဝကျေးရွာသည် ကုလားတန်မြစ်အနောက်ခြမ်း တောတောင်ထူထပ်သည့် နေရာတွင် တည်ရှိပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် နီးကပ်စွာ ရှိသည့် ကျေးရွာဖြစ်သည်။
ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ (KACC)အနေဖြင့် ဦးလှကျော် လွတ်မြောက်ရေး အစွမ်း ကုန်ကြိုးစားခဲ့သော်လည်း မရခဲ့ကြောင်း၊ စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်သားများကို ဖမ်းဆီးခြင်းက မကောင်းသလို ယခုကဲ့သို့ အသက်သေဆုံးသည့် အထိ ဖြစ်ရခြင်း အပေါ် လက်နက်ကိုင်များတွင် အဓိကတာဝန်ရှိကြောင်း (KACC) အတွင်းရေးမှူး ဦးစောမြကလည်း သုံးသပ်သည်။
“ဒီလိုအရပ်သားတွေ အဖမ်းခံရတဲ့ကိစ္စတွေကို ကျနော်တု့ိက သတင်းပို့ပေးတာပဲ လုပ်နိုင်တယ်။ ဒါတွေ ကျနော်တို့ လုပ်ဖို့က ခက်တယ်လေ။ ကျနော်တို့က တာဝန်ရှိသူတွေကို တိုင်ကြားပေးတယ်။ လုံခြုံရေးအဖွဲ့အစည်းတွေကို တိုင်ကြားပေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဘာမှ မလုပ်နိုင်ဘူး”ဟု ၎င်းကပြောသည်။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများကြောင့် နှစ်ဘက်လက်နက်ကိုင်များက အရပ်သား တချို့ကို ၎င်းတို့၏ လုံခြုံရေး၊ စစ်ရေးအရ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။
ဤဖြစ်ရပ်နှင့် ပတ်သက်၍ ဧရာဝတီအနေဖြင့် ရခိုင်စစ်တပ်(AA)သို့ ဆက်သွယ်၍ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပေ။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဇွန်လ အထိ နေအိမ်များသို့ ပြန်မရောက်လာဘဲ ပျောက်ဆုံံးနေသူ အရပ်သား ဦးရေမှာ ၂၀ ဦးခန့်ရှိကြောင်း သိရသည်။
ဆက်စပ်လင့်
AA ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီး သေဆုံးမှု လူ့အခွင့်အရေးအဖွဲ့များထံ တင်ပြမည်
ဆန်သွားသယ်သည့် ပလက်ဝက ဒုက္ခသည်များ လမ်းတွင် အပစ်ခံရ
ALP အဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး၊ တဦး အသတ်ခံရဟု သတင်းထွက်
AA အဖွဲ့ ချင်းပြည်နယ်ထဲမှ ဆုတ်ခွာရန် CNF သတိပေး
စားပွဲပေါ်မှာ ဖြေရှင်းဖို့ ကမ်းလှမ်းတာကို AA ကလက်မခံဘူး