မြန်မာနှင့် ဆက်စပ်လျက်ရှိသည့် နယ်စပ်မြို့များက ရွှေဝယ်လိုအား မြင့်တက်နေသဖြင့် ပြည်တွင်း၌ ရွှေဈေးနှုန်းများ ပြန်လည် မြင့်တက်လာနေကြောင်း ရွှေကုန်သည်များထံက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “မြဝတီ၊ မူဆယ်နဲ့ တမူး စတဲ့ နယ်စပ်က ပြန်ပြီး ရွှေ အဝယ် ပြန်လိုက်လာတယ်။ အတုံးအခဲ များတယ်။ အရင် ရက်တွေက အဲဒီဘက်က အဝယ် မရှိဘူး။ ဒီတပတ်ထဲမှာ တက် လာတာ။ ၁ ရက်ကို ရွှေပိဿာချိန် ၁၀ နဲ့ ၁၅ ပိဿာလောက်က နယ်စပ်မြို့တွေကို သွားနေတယ်။ ရွှေဈေးကလည်း မြင့် တက်နေတယ်” ဟု ပြောသည်။
မြန်မာ့ ရွှေဈေးသည်လည်း ဇူလိုင်လ ၁ ရက်က အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်း ၁ သောင်း ကျော် ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၁၂ သိန်း ၆ သောင်းကျော်အထိ ဈေးမြင့်တက်လာခဲ့သည်။
ထို့ပြင် ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ ၂၀ ရက်က ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၂၄ မှ ယနေ့တွင် ၁၈၂၈ ဒေါ် လာ အထိ မြင့်တက်လာခြင်း ဖြစ်သည်။
ကမ္ဘာ့ရွှေဈေး မြင့်တက်နေခြင်းကြောင့်လည်း မြန်မာ့ရွှေဈေးမှာ မြင့်လာသည့်အပြင် ယခုကဲ့သို့ နယ်စပ်ဒေသများက အဝယ် လိုက်လာခြင်းကြောင့်လည်း ဈေးမြင့်တက်မှုကို အကျိုးသက်ရောက်စေကြောင်း သိရသည်။
မြန်မာ့ နယ်စပ်ဒေသများ ဖြစ်သော မြဝတီ၊ မူဆယ်နှင့် တမူးတို့နှင့် ဆက်စပ်နေသည့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများ၏ ရွှေဈေးနှင့် မြန်မာ့ရွှေဈေး နှိုင်းယှဉ်ပါက မြန်မာ့ရွှေဈေးက နိမ့်ခြင်းကြောင့်လည်း နယ်စပ်ကုန်သည်များက ဝယ်ယူမှုများနေ ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရှင်းပြသည်။
“ကျနော်တို့ဆီက ဈေးနိမ့်နေတယ်။ ကျပ် ၁ သိန်းလောက် နိမ့်နေတယ်။ သူတို့ဘက်ကတော့ ဈေးက ကမ္ဘာ့ဈေးနဲ့ ပုံမှန် သွားနေတယ်။ ကျနော်တို့က ကမ္ဘာ့ဈေးနဲ့ ကျပ် ၁ သိန်းလောက် ကွာတယ်” ဟု ပြောသည်။
နိုင်ငံတကာဘဏ်များကလည်း အရံငွေအဖြစ် ရွှေကိုစုဆောင်းခြင်းနှင့် နိုင်ငံတကာတွင် စတော့ရှယ်ယာ အရောင်းအဝယ် တော်တော်များများ ရပ်ခြင်းတို့ကြောင့် လုပ်ငန်းရှင်များက ရွှေဘက်သို့ လှည့်၍ ရင်းနှီးမြှုပ်နှံလာကြသဖြင့် ကမ္ဘာ့ရွှေဈေးမြင့် တက်နေခြင်း ဖြစ်သည်ဟုလည်း လုပ်ငန်းရှင်များက ဆိုသည်။
ယင်းပြင် ပြည်တွင်း၌လည်း ဝယ်လိုအားများနေသဖြင့် မြန်မာ့ရွှေဈေးသည် ထပ်တက်နိုင်သည့် အလားအလာများ ရှိ ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
မန္တလေးတိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက “နယ်စပ်က အဝယ်လိုက်တာက ယိုးဒယား လိုင်းက ဖြစ်မယ်။ တရုတ်တို့ အိန္ဒိယတို့ကတော့ သိပ်မထွက်နိုင်ဘူးဗျ။ ရွှေဈေးက တောက်လျှောက် တက်နေတာ ငွေေ ဈးက လည်း ၁၄၀၁ ကျပ် အထိ ဆွဲတင်ထားတယ်။ မန္တလေးကတော့ သွားတာ မရှိဘူး။ ရန်ကုန်က တဆင့် သွားတာတော့ ရှိမယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ကမ္ဘာ့ရွှေဈေး တက်တာရော စတဲ့ အကြောင်းကြောင်းတွေကြောင့် ဒီနေ့မှာပဲ ကျပ် ၁ သောင်း လောက် မြန်မာ့ ရွှေဈေးက ထပ်တက်တယ်။ ကမ္ဘာ့ရွှေဈေး ဆွဲချလိုက်မယ် ဆိုရင်တော့ တမျိုး၊ ဒီအတိုင်းဆိုရင် အတက်ပဲ ဦးစားပေးရမှာပဲ။ အတက်ပဲ မြင်နေတယ်။ နောက်ဆုံး ၁ ကျပ်သားကျပ် ၁၃ သိန်း ပြန်ဖြစ်ရင် ဖြစ်သွားမှာ” ဟု သုံးသပ်ပြော ဆိုသည်။
ရန်ကုန် ရွှေဈေးကွက်နှင့် မန္တလေး ရွှေဈေးကွက်သည် ကျပ် ထောင်ဂဏန်း ဝန်ကျင်သာ ကွာခြားမှုရှိကြောင်း လုပ်ငန်းရှင် များထံက သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လက မြန်မာ့ရွှေဈေးသည် ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ဖူး သည်။
လက်ရှိ ရန်ကုန် ဈေးကွက်တွင် ၁ ရက်လျှင် ရွှေပိဿာချိန် ယခင်က ၅၀ ခန့် အရောင်းအဝယ်ဖြစ်သော်လည်း ယခု ကိုဗစ် ကာလ တွင် ပိဿာ၂၀ မှ ၂၅ ပိဿာအထိသာ အရောင်းအဝယ် ဖြစ်နေပြီး၊ ကိုဗစ်ကြောင့် လုပ်ငန်းရှင်များကလည်း အရင်း အနှီးလိုသဖြင့် ရွှေအရောင်းရှိသလို အခြေခံ လက်လုပ်လက်စား သမားများကလည်း စားဝတ်နေရေးအတွက် ရောင်းချ ခြင်း ရှိနေသောကြောင့် ဝယ်လိုအားထက် ရောင်းလိုအားက များနေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ဤသတင်းကို AYA Bank မှ ကူညီပံ့ပိုးသည်။
ဆက်စပ်ဖတ်ရှုရန်
ဝင်ငွေခွန်နှုန်းထား လျှော့ချခြင်းကို သက်တမ်း ထပ်တိုးပေးရန် လုပ်ငန်းရှင်များတောင်းဆို