သတင်း

ရေဆိုးစက်ရုံ စီမံကိန်းကြောင့် တာဘောင်ကျိုးရခြင်းဟု တရုတ်ကုမ္ပဏီ ဝန်ခံ

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ အမရပူရရှိ ရွှေဂဲရေဆိုး စက်ရုံအနီး ဖြစ်ပွားခဲ့သော တာဘောင်ကျိုးမှု ဖြစ်စဉ်မှာ စီမံကိန်း လုပ်ကိုင်ခွင့်ရ တရုတ်ကုမ္ပဏီကြောင့် ဖြစ်၍ လိုအပ်သော တာဝန်ယူမှုများ ဆောင်ရွက်ပေးသွားမည်ဟု ယနေ့နံနက်ပိုင်းက ကုမ္ပဏီ တာဝန်ရှိသူများက မန္တလေးတိုင်းအစိုးရအား ကတိပြုခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၉ ရက် ညပိုင်းက မန္တလေးမြို့ အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေး ကားလမ်းရှိ ယင်းစက်ရုံ စီမံကိန်း အနီးတွင် ဖြစ်ပွားခဲ့သော တာဘောင်ကျိုးမှု ဖြစ်စဉ်ကြောင့် မြို့နယ်အတွင်းရှိ လူနေရပ်ကွက်များသို့ ဧရာဝတီမြစ်ရေများ အဆက် မပြတ် ဝင်ရောက်ခဲ့ပြီး ယနေ့နံနက်အထိ ရေဘေးသင့်သူ ဦးရေ ၁၂၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က “ဒီလို ရေနစ်မြုပ်တဲ့ ကိစ္စမှာ ကုမ္ပဏီဘက်က သူတို့မှာ တာဝန်ရှိတယ်လို့ ဝန်ခံတယ်။ အဲဒီလိုပဲ လိုအပ်တဲ့ကိစ္စတွေ လုပ်ကိုင်ဖို့ တာဝန်ယူပါ့မယ် လို့လည်း ပြောသွား တယ်။ လက်ရှိမှာလည်း မြို့တော်ဝန်ကြီး ဦးဆောင်ပြီး ကုမ္ပဏီနဲ့ ဆွေးနွေးဆဲ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် အကောင်အထည်ဖော်နေသော အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်း တန်ဖိုးရှိ ရွှေဂဲရေဆိုးထုတ် စက်ရုံတည်ဆောက်ရေး စီမံကိန်းသည် မန္တလေးမြို့ပြ ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်း၏ အစိတ်အပိုင်း တခုဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် အောက်တိုဘာက တရုတ် အခြေစိုက် CEEC-HEPDI & CNOOD ကုမ္ပဏီက တင်ဒါ အောင်မြင်ကာ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းတခုလည်း ဖြစ်သည်။

ယင်းစီမံကိန်းမှာ မိုးရာသီ မန္တလေးမြို့ ရေကြီးရေလျှံမှု မဖြစ်စေရန် အဓိက မြောင်းကြီးများ ဖြစ်သည့် ရွှေတချောင်း၊ သင်္ဂဇာချောင်း၊ ကန်တော်ကြီး၊ နံကပ်အင်း ဝန်းကျင်ရှိ ရေများအောင် လျှော့ချနိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့်နှစ်က စတင် တည်ဆောက်နေသည့် ရေဆိုးထုတ် စက်ရုံစီမံကိန်း ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီက ပြီးခဲ့သည့် မေလက သတင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ယခု ကျိုးသွားသည့် တာဘောင်အနီးရှိ ကတ္တရာလမ်း မြေသားမှာ ကျစ်လစ်မှု အားနည်းသည့်အပြင် ယင်း၏ အရှေ့ဘက်ရှိ ရေဆိုးထုတ် စက်ရုံတည်ဆောက်မှုအတွက် မြေအောက်တွင် ချိုင့်အနက်များ တူးဖော်ခဲ့ကြောင်း၊ ယင်းချိုင်များကို မိုးရာသီ မြစ်ရေမတက်မီ အပြီးဖို့ပေးရန် မူလစာချုပ်တွင် အချိန်ဇယားနှင့် ပါသော်လည်း ကိုဗစ်ရောဂါ ကြောင့် အချိန်ကြန့်ကြာမှုများ ဖြစ်ရကြောင်း စည်ပင် ကော်မတီဝင် ဦးကျော် ဆန်းမြင့်က ဧရာဝတီကို ပြောသည်။

“စည်ပင်က ပေးတဲ့ တင်ဒါဆိုတာထက် ADB ရဲ့အစီအစဉ်နဲ့ စည်းကမ်းချက် ချမှတ်ပြီး နိုင်ငံတကာ တင်ဒါ ခေါ်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး စစ်ဆေးမှုအပိုင်းမှာ စည်ပင်ရဲ့ အားနည်းချက်လို့ ပြောမယ်ဆိုရင်လဲ အထိုက်အလျှောက် ပါပါတယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်ဖြစ်လာတဲ့ အခါကျ သတ်မှတ်ထားတဲ့ အချိန်ဇယားထဲ ပြီး အောင် Drive မလုပ်နိုင်ခဲ့သလို ကုမ္ပဏီဘက်က သက်ဆိုင်ရာ ပညာရှင်တွေကလည်း သူ့နိုင်ငံကို ပြန်သွားရတာမျိုး ရှိ တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ကုမ္ပဏီ၏ လစ်ဟင်းအတွက် အရေးယူရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်၍ မန္တလေး ဒုမြို့တော်ဝန် ဦးရဲမွန်က “ဒီလို ဖြစ်စေတဲ့ သက်ဆိုင်ရာ ကုမ္ပဏီကို အရေးယူမယ် မယူဘူး ဆိုတာကတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ် ပြီးမှ ပြောရမယ့် ကိစ္စပါ။ အခုလောလောဆယ် ဦးစားပေးအနေနဲ့က ကျိုးသွားတဲ့ တာဘောင်ကို အခိုင်အမာ ပြန်တည် ဆောက်နိုင်ဖို့ လုပ်နေပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။

အဆိုပါ စီမံကိန်း တင်ဒါ အောင်မြင်သော တရုတ်ကုမ္ပဏီ နှစ်ခုဖြစ်သော CEEC-HEPDI နှင့် CNOOD အနက် CEEC-HEPDI သည် တရုတ်အစိုးရပိုင် ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်ပြီး၊ အရှေ့ အာဖရိကရှိ ဇမ်ဘီယာနိုင်ငံ၌ ကမ္ဘာ့ဘဏ် အစီအစဉ်ဖြင့် ပြုလုပ်သော အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုး ရေး စီမံကိန်း တခု၌ ကန်ထရိုက် ရရှိရန် စာရွက်စာတမ်းဆိုင်ရာ မသမာမှုများနှင့် ဆက်စပ်နေသည့်အတွက် ယင်း ကုမ္ပဏီအား ကမ္ဘာ့ဘဏ်၏ စီမံကိန်းများတွင် ပါဝင်ရန် အရည်အသွေး မပြည့်မီသည့် ကုမ္ပဏီအဖြစ် သတ်မှတ် ကာလ ၂၀ လ ကြာ ထုတ်ပယ်ကြောင်း၂၀၁၉ စက်တင်ဘာက ကမ္ဘာ့ဘဏ်က သတင်း ထုတ်ပြန်ထားသေးသည်။

စီမံကိန်းနှင့် ပတ်သက်၍၂၀၁၉ နှစ်ဆန်းပိုင်းက မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင် ဦးဆောင်သော စည်ပင် ကော် မတီက စီမံကိန်းသို့ ကွင်းဆင်း၍ ကုမ္ပဏီ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု CNOOD ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။

မန္တလေး အခြေစိုက် စိမ်းရောင်စို/သဘာစိမ်း အရပ်ဘက် အဖွဲ့အစည်းမှ ဦးမောင်မောင်ဦးက “နိုင်ငံတကာ အဖွဲ့အစည်း တခုရဲ့ ချေးငွေ၊ သူ့ဂိုက်လိုင်း အတိုင်း လုပ်ရတဲ့ စီမံကိန်း တခုကြောင့် ဖြစ်ရတဲ့ ဒီလို မတော်တဆမှုအတွက် နောက် ဆက်တွဲ တန်ပြန် ကုစားမှုမျိုး အစိုးရက တောင်းဆိုသင့်တယ်။ ဥပမာ- ဒီစီမံကိန်းဆိုရင် ချေးငွေနဲ့ လုပ်တာဖြစ်တဲ့ အတွက် ချေးငွေအတိုးကို ကာလတခုအထိ ဖြေလျှော့ပေးဖို့ ဆိုတာမျိုး အစိုးရက ချိတ်ဆက် ဆွေးနွေးသင့်တယ်” ဟု အကြံပြုသည်။

ထို့ပြင် တိုင်းအစိုးရက ဖော်ဆောင်သည့် စီမံကိန်းများတွင် အရည်အသွေးပိုင်း ဆိုင်ရာ စံချိန်စံညွှန်းများ၊ စာချုပ်ပါ အတိုင်း ဆောင်ရွက်မှု ရှိ မရှိကို စစ်ဆေးရသည့် ကြားခံ တတိယ အဖွဲ့အစည်းဖြစ်သော Third Party Quality Control အဖွဲ့များ ရှိပြီး လက်ရှိ စည်ပင်က ဆောင်ရွက်သော စီမံကိန်းများတွင် အရည်အသွေး စစ်ဆေးမှုအပိုင်း မည်သို့ စောင့် ကြည့် ဆောင်ရွက်လျက်ရှိသည်ကို ပွင့်လင်းမြင်သာစွာ ချပြသင့်သည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုသည်။

အဆိုပါ ကျိုးသွားသည့် တာဘောင်အား ဇူလိုင်၂၀ ရက် ည ၇ နာရီခွဲက ပြန်လည် ပိတ်ဆို့နိုင်ခဲ့ပြီး လက်ရှိတွင် တာ ဘောင်အား အခိုင်အမာ ပြန်လည် ပိတ်ဆို့နိုင်ရန် တည်ဆောက်ရေး လုပ်ငန်းများအား မန္တလေးမြို့တော် စည်ပင် သာ ယာရေး ကော်မတီ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

မန္တလေး အမရပူရ တာဘောင်ကျိုးသည့်နေရာ ပြန်ပိတ်လိုက်နိုင်ပြီ

မိုးသည်းထန်းစွာ ရွာနိုင်၍ မြစ်ရေကြီးမှုကို မိုး/ဇလ သတိပေး

Did you find apk for android? You can find new Free Android Games and apps.
Loading