မျိုးသုဉ်းမည့် အန္တရာယ် ရှိနေသော ဧရာဝတီလင်းပိုင်များကို စီးပွားဖြစ် ထိန်းသိမ်းမွေးမြူခြင်း ခွင့်ပြုရန် စာရင်းထဲ ထည့်သွင်းထားခြင်းက သဘာဝ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများ၏ ပြစ်တင်ရှုတ်ချမှုများကို ပေါ်ထွက် လာစေသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သစ်တော ဦးစီးဌာနမှ ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် ရှားပါးမျိုးစိတ်များကို စီးပွားအလို့ငှာ ထိန်းသိမ်းမွေးမြူခြင်း၊ တိရစ္ဆာန်ရုံများ၊ ဟိုတယ်များတွင် ပြသခြင်းနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများအဖြစ် လုပ်ကိုင်ခွင့်ပြုလိုက်သည့် မျိုးစိတ် ၉၀ ကျော် စာရင်းတွင် ကျား၊ ပန်ဒါအနီ၊ အင်းကျား၊ သင်း ခွေချပ်နှင့် နှာလန်မျောက် အပါအဝင် ဧရာဝတီ လင်းပိုင်များကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။
မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်များကို ၁၉၉၄ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် အညီ တိရစ္ဆာန်ရုံများ၊ ဟိုတယ်များနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းအတွက် စီးပွားဖြစ် ပြသခြင်း လုပ်ကိုင်နိုင်ကြောင်း သစ်တော ဦးစီးဌာန၏ ထုတ်ပြန်ချက်ကဆိုသည်။
ထိုအမိန့်အရ လင်းပိုင်များကို တိရစ္ဆာန်ရုံများတွင် ထိန်းသိမ်းခြင်းနှင့် သားဖောက်ခြင်းများ ပြုလုပ်ခွင့် ရှိလာမည်ဖြစ်သည်။
ထို့အပြင် ဆတ် နှင့် ချေ(ဂျီ)၊ မိကျောင်းနှင့် ငွေရောင် ရစ်ငှက် (ရွှေရစ်) ကဲ့သို့ မျိုးစိတ်များကို အသားစားရန်နှင့် တိုင်းရင်း ဆေးအတွက် အသုံးပြုခြင်း အပါအဝင် သားဖောက်ခွင့် ရှိလာမည် ဖြစ်သည်။ သို့သော် ထိုသို့ခွင့်ပြုခြင်း၏ ရလဒ်အနေဖြင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု တဖက်တွင်လည်း တိုးလာလ်ိမ့်မည်ဟု တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လှုပ်ရှားသူများက ပြောနေကြသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေက မျိုးသုဉ်းရန် အန္တရာယ် ရှိသည့် တောရိုင်း တိရစ္ဆာန်များ၊ သဘာဝအလျောက် နေထိုင်ကျက်စားမှုများ နှင့် ဂေဟစနစ်ကို ထိန်းသိမ်းရန် ရည်ရွယ် သည်ဟု ဆိုသော်လည်း တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုများကို ရရှိခဲ့သည်။
“ဧရာဝတီလင်းပိုင်ကို ထိန်းသိမ်း မွေးမြူတာက မြန်မာနိုင်ငံက မွေးမြူရေး အခွင့်အလမ်းတွေ၊ သူတို့ရဲ့ သဘာဝနဲ့ အခြေချ နေထိုင်မှုတွေကြောင့် အခြားမျိုးစိတ်တွေလို လွယ်ကူမှာ မဟုတ်ပါဘူး” ဟု တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး အသင်း (WCS) ၏ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့မှ စီမံကိန်း ညှိနှိုင်းရေးမှူး ဦးကျော်လှသိန်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက မြန်မာနိုင်ငံတွင် ဧရာဝတီ လင်းပိုင် ၇၉ ကောင် ရှိသည်ဟု WCS မှ ထုတ်ပြန်ခဲ့သည်။ သို့သော် မတ်လမှ ဇူလိုင်လ အစောပိုင်း အတွင်း လျှပ်စစ်ဖြင့် ရှော့တိုက် ငါးဖမ်းခြင်းကြောင့် သားပေါက် ၁ ကောင် အပါအဝင် အနည်းဆုံး လင်းပိုင် ၄ ကောင် သေဆုံးခဲ့ရပြီး ထိုမျိုးစိတ်များအတွက် အဓိကခြိမ်းခြောက်မှု ဖြစ်လာခဲ့သည်။
ဧရာဝတီ လင်းပိုင်များကို ယင်းတို့၏ ထူးခြားသောသဘာဝနှင့် ဒေသခံတံငါသည်များနှင့် ပူးပေါင်း၍ ငါးဖမ်းသည့် အလေ့ အထကြောင့် လူသိများပြီး ယင်းတို့ကို နေထိုင် ကျက်စားရာမြစ်၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။

လင်းပိုင်များက ငါးများကို စုပေးပြီး ပိုက်ကွန်ချသင့်သည့်အချိန်တွင် အချက်ပြကာ တံငါက ကွန်ပစ်၍ ငါးဖမ်းပြီး ရသည့် ငါးများ အနက်မှ အချို့ကို လင်းပိုင်များ စားရန် ပြန်လည်ပေးသည့် စုပေါင်းငါးဖမ်းသည့် ဓလေ့မှာ မြန်မာနိုင်ငံ၏ ဧရာဝတီ မြစ်တွင်းတွင်သာ တွေ့နိုင်၍ ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားကြသည်။
လူထုအခြေပြု လင်းပိုင်စောင့်ကြည့်ရေး ခရီးစဉ်များအပေါ် အခြေပြုသည့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဆိုင်ရာ အဆိုပြုချက်များကို WCS က ကြိုဆိုခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းက တံငါများနှင့် ဒေသခံများအကြား ဧရာဝတီ လင်းပိုင် များကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သင့်သည်ဆိုသည့် အသိပညာကို မြှင့်တင်ပေးနိုင်သည့်အပြင် မြန်မာနိုင်ငံတွင် ထူးခြားမှု တခုဟု မြင်ကြသည့် လင်းပိုင်နှင့် လူသား ပူးပေါင်း၍ ငါးဖမ်းခြင်းနှင့် ပတ်သက်၍ နားလည် သဘောပေါက်မှုကိုလည်း မြှင့်တင်ပေးနိုင်သည်ဟု WCS မှ သိရသည်။
“လင်းပိုင်တွေကို တိရစ္ဆာန်ရုံက ကန်သေးသေးလေး ၁ ခုထဲ ထည့်တာက စိတ်ကူးကောင်း ၁ ခု မဟုတ်ပါဘူး။ ကျနော် တို့မှာ ကြယ်လိပ်တွေအတွက် မွေးမြူရေး စီမံကိန်းတွေ ရှိတယ်။ လိပ်တွေရဲ့ သဘောသဘာဝအရ ထိန်းသိမ်း မွေးမြူလို့ ရတယ်။ ကျနော်တို့က သူတို့ကို တောထဲသို့ ပြန်ပို့လို့ ရတယ်။ ဒါပေမယ့် လင်းပိုင်တွေကတော့ တူမှာ မဟုတ်ဘူး” ဟု ဦးကျော်လှသိန်းက ထပ်ပြောသည်။
“လင်းပိုင်တွေကို သဘာဝအတိုင်း ရှင်သန်ခွင့်ပြုသင့်တယ်”ဟုလည်း ၎င်းက ထောက်ပြသည်။
တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကိုထိန်းချုပ်ရန်နှင့် ဥပဒေအတိုင်း ဖော်ဆောင်ရန် အာဏာပိုင်များက မလုပ်ဆောင်နိုင် သည့်အတွက် စီးပွားဖြစ် ထိန်းသိမ်း မွေးမြူခြင်း အတွက် အစီအစဉ်များကိုလည်း သဘာဝ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်သူများက ဝေဖန်ခဲ့ကြသည်။
ဂေဟစနစ်နှင့် စီးပွားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့(EcoDev) ၏ ဒါရိုက်တာ ဦးဝင်းမျိုးသူက “ထိန်းသိမ်း မွေးမြူခြင်းဟာ (တိရစ္ဆာန်) အရေအတွက်ကို တိုးပွားစေပြီး မျိုးစိတ်တွေကို သုတေသနပြုနိုင်တယ်။ ပညာရေးကို မြှင့်တင်ပေးနိုင်တယ်။ ဒါပေမယ့် အစိုးရက တိကျ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေ မချမှတ်ဘူးဆိုရင် ဒီအစီအစဉ်က တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုကို အားပေးမှာ ကျနော်တို့ စိုးရိမ်တယ်” ဟုပြောသည်။
တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်းဝယ်ခြင်းအပေါ် ကန့်သတ်ချက်များ ခိုင်မာတိကျမှု၊ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ကြီးလေးသော ပြစ်ဒဏ်ပေးမှု စသည့်အခြေအနေများ မရှိပါက တောရိုင်းတိရစ္ဆာန်များ၏ အသားနှင့် ရိုးရာဆေးဝါးများ အတွက် ခန္ဓာကိုယ် အစိတ်အပိုင်းများ ဝယ်လိုအား တိုးလာနိုင်သည်ဟုလည်း တက်ကြွ လှုပ်ရှားသူများက ပြောသည်။
“ပုဂ္ဂလိကကဏ္ဍက အမိန့်တွေကို အလွဲသုံးစားလုပ်မှာ၊ ပုဂ္ဂလိက တိရစ္ဆာန်ရုံတွေနဲ့ ဟိုတယ်တွေ ဖန်တီးလာမှာ၊ တောရိုင်း တိရစ္ဆာန်တွေ မွေးမြူပြီးတော့ တရားမဝင် ရောင်းဝယ်ဖောက်မှု ပြုလာမှာကို ကျနော်တို့ စိုးရိမ်နေပါတယ်။ ဘာကြောင့် လည်း ဆိုတော့ ဥပဒေပိုင်းအရ ဟာကွက်တွေနဲ့ အားနည်းချက်တွေ အများကြီး ရှိပါတယ်” ဟု ဦးဝင်းမျိုးသူက ထပ်ပြောသည်။

အဆိုပါ အစီအစဉ်များသည် မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များကို ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အားပေးလိမ့်မည် မဟုတ်ဟုလည်း ထောက်ပြမှုများ ရှိသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး အသင်း (BANCA) ၏ ကွင်းဆင်းညှိနှိုင်းရေးမှူး ဦးသော်ဖြိုးရွှေက “ဒီအစီအစဉ်ကို ကျနော်တို့ မထောက်ခံပါဘူး” ဟုပြောသည်။
အစိုးရ၏ အစီအစဉ်တွင် မျိုးသုဉ်းလုနီး အန္တရာယ်ရှိနေသော မျိုးစိတ်များ ပါဝင်နေခြင်းက တောရိုင်းတိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအတွက် သက်ရောက်မှု များစွာ ဖြစ်သွားစေနိုင်ကြောင်း ၎င်းက ပြောသည်။
“တိရစ္ဆာန်ရုံထဲ ထည့်မွေးဖို့ ဒီအကောင်တွေကို ဖမ်းမယ်ဆီးမယ်ဆိုရင် တောရိုင်းသဘာဝအတိုင်း နေလာတဲ့ သူတို့ရဲ့ သဘာဝကို ပျက်စီးထိခိုက်စေမယ်။ နောက်တခုက တိရစ္တာန်တွေရဲ့ သဘောသဘာဝက အထီးက နည်းတယ်။ အမက များတယ်။ ဆိုတော့ ကျနော်တို့က အထီးအမ တစုံ၊ နှစ်စုံ လိုလို့ ဖမ်းလိုက်တယ်ဆိုပါစို့၊ နဂိုကမှ နည်းနေတဲ့ အထီးကောင်တွေ အရေအတွက်က လျော့နည်းသွားပြီး တောထဲမှာ သူတို့ မျိုးပွားရှင်သန်မှုတွေက ထိခိုက်သက်ရောက်မှုတွေ ရှိလာမယ် ” ဟု ဦးသော်ဖြိုးရွှေက ထောက်ပြသည်။
ဆက်လက်ပြီး ၎င်းက “ပြီးတော့ တောထဲမှာ သဘာဝအတိုင်း နေတာနဲ့ နေရာကျဉ်းကျဉ်းထဲ နေရတာမှာ မတူတော့ သေဆုံး ပျက်စီးတာတွေ ဖြစ်လာရင် တခါ ထပ်ဖမ်းမယ်။ ဒီလိုနဲ့ သံသရာလည်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုက ထိရောက် မှု မရှိတာ ဖြစ်လာမယ်။ တဖက်မှာလည်း ဒါကို အကြောင်းပြပြီး တရားမဝင် ဈေးကွက်တွေ ပိုပြီးများလာ၊ ကြီးထွား လာမှာ လည်း ရှိနေတယ် အဲဒါက သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်တွေ ကျက်စားရာ နေရာတွေကို သက်ရောက် စေပါလိမ့်မယ်။ ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်တွေကို လမ်းလွဲစေနိုင်ပါတယ်” ဟု သုံးသပ်သည်။
WWF နှင့် Flora and Fauna International တို့၏ ပူးတွဲကြေငြာချက်တွင် အချို့က ကမ္ဘာလုံးဆိုင်ရာ အနေအထားတွင် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော မျိုးစိတ် ၉၀ ကို စီးပွားဖြစ်မွေးမြူခြင်းအတွက် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြား ထားသည်။
အာဆီယံ၏ အခြားနေရာများမှ အတွေ့အကြုံများအရ တောရိုင်းတိရစ္ဆာန်များကို စီးပွားဖြစ် မွေးမြူ ထိန်းသိမ်းရန် အလွန်ခက်ခဲပြီး ထိန်းသိမ်းစောင့်ရှောက်ရေး အားထုတ်မှုများကို မြှင့်တင်ပေးနိုင်မှု အလွန်နည်းပါးကြောင်း တွေ့ရှိရသည် ဟုလည်း အဆိုပါ ကြေငြာချက်တွင် ပါရှိသည်။

“စီးပွားဖြစ် ရောင်းဝယ် ကုန်သွယ်မှု အချို့က အပြိုင်ဈေးကွက်တခုကို အားပေးခြင်း၊ တောရိုင်း တိရစ္ဆာန် ထွက်ကုန် ဝယ်လိုအား မြင့်တက်စေခြင်းအားဖြင့် တရားမဝင် ကုန်သွယ်မှုကို တိုးပွားစေတာကို တွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့် တန်ဖိုး မြင့်မားပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေ ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန် မွေးမြူခြင်းနဲ့ ကုန်သွယ်ခြင်းက COVID-19 ကဲ့သို့သော တောရိုင်းတိရစ္ဆာန်များမှနေပြီး လူကို ကူးစက်နိုင်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကိုလည်း မြင့်တက် စေနိုင်ပါတယ်” ဟု အဆိုပါ ကြေငြာချက်က ဆိုသည်။
တောရိုင်း တိရစ္ဆာန်များကို စီးပွားဖြစ် မွေးမြူ ပြသမည့် အစီအစဉ်ကို ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံမှ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသမားများက ဧရာဝတီသို့ ပြောသည်။
ဧရာဝတီလင်းပိုင်၊ ကျား၊ ပန်ဒါအနီနှင့် ဂါနီ တောင်ငုံး စသည့် မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်များကို (မွေးမြူခွင့် ရှိသည့်စာရင်းမှ) ဖယ်ရှားပေးရန်နှင့် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ရန် အတွက် အခြားနည်းလမ်းတခုကို ရှာဖွေရန် ဆွေးနွေး တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းတို့က ပြောဆိုကြသည်။
“တောရိုင်းတိရစ္ဆာန်က တောထဲမှာပဲ ရှိသင့်တယ်။ သူတို့ကို တိတိရစ္ဆာန်ရုံထဲမှာ ထားတာက အဖြေမဟုတ်ဘူး။ ဒီအတွက် ကျနော်တို့ အစိုးရအဖွဲ့တွေနဲ့ ဆွေးနွေးပြီးတော့ ဒီရှားပါးမျိုးစိတ်တွေ အန္တရာယ်ဖြစ်နေတဲ့ မျိုးစိတ်တွေကို စာရင်းထဲက ထုတ်ပေးဖို့ တောင်းဆိုတာတွေ လုပ်သွားမှာပါ” ဟု BANCA မှ ဦးသော်ဖြိုးရွှေက ပြောသည်။
(Zarni Mann ၏ Myanmar Conservationists Slam Moves for Endangered Irrawaddy Dolphin’s Captive Breeding ကို ဘာသာပြန်သည်။)
You may also like these stories:
အသားနှင့် သားရေထုတ်ရန် စီးပွားဖြစ် မိကျောင်း မွေးမြူခွင့်ပြု
မိန်းမလှကျွန်းက မိကျောင်းနဲ့ လူ ပဋိပက္ခ
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ