COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးကာလဖြစ်သည့် ဇူလိုင် ၁၄ ရက်မှ ၂၁ ရက်နေ့အတွင်း တောင်ကြီး၊ ပြင်ဦးလွင်၊ ကွတ်ခိုင်နှင့် လောက်ကိုင်မြို့နယ်တို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား စုစုပေါင်း ၂၆ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက “ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသားတွေဟာ တရား မဝင် ဝင်ရောက်လာခြင်းဖြစ်လို့ လ.ဝ.က အက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိပါတယ်။ တရား ရုံးက ပြစ်ဒဏ်ချမှတ်တဲ့အခါ ထောင်ဒဏ်(သို့) ငွေဒဏ် ချမှတ်ပြီး ပြစ်ဒဏ်ကျခံပြီးတဲ့သူတွေကို ပြည်နှင်ဒဏ် ပေးပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များ အနေဖြင့် တရားမဝင် ကုန်ပစ္စည်းနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်း ဝယ်မှု မရှိရေး တားဆီးစစ်ဆေးလျှက်ရှိရာ တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးအား ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး လူဝင်မှု ကြီးကြပ် ရေး ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့် အရေးယူလျက်ရှိသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း ကြာတိမော်ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့် အကွာ၌ လောက်ကိုင်မြို့တွင် အလုပ်လုပ်ကိုင်ရန်ဟုဆိုကာ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈ ဦး ကို လည်း ဇူလိုင် ၁၄ ရက်နေ့က လည်းကောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းက ကွတ်ခိုင်မြို့နယ်၊ မန်ဘန်ကျေးရွာအနီး ပြည် ထောင်စုလမ်းမကြီးဘေးတွင် တဖက်နိုင်ငံ တရားမဝင် ကူးတို့ဆိပ်မှတဆင့် မူဆယ်မြို့သို့ဝင်ရောက်ခဲ့ပြီး ယင်းမှ တဆင့် မန္တလေး သို့ တရားမဝင် ဝင်ရောက်ရန် ရောက်နေသည့် တရုတ်နိုင်ငံသား ကျား ၄ ဦးနှင့် မ ၁ ဦးတို့အားလည်းကောင်း ဖမ်းမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ဇူလိုင် ၁၉ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေအားလျှပ်စစ်စက်ရုံသွားလမ်း၊ သံတံခါးဂိတ်တွင် သံတောင်ရွာ ဘက်မှ ကဗျူးရွာဘက်သို့ မောင်းနှင်လာသည့်ယာဉ်မှာ စစ်ဆေးခံခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးရာ ကဗျူးရွာ အဝင် လမ်းဆုံတွင် ဖမ်းမိခဲ့ပြီး ယာဉ်ပေါ်တွင် မြန်မာနိုင်ငံသား ၄ ဦးနှင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ် နိုင်ငံသား အမျိုးသား ၄ ဦးအား ဖမ်းမိခဲ့သည်။
တောင်ကြီးမြို့၊ တောင်ကြီး-ဟိုပုံးလမ်းရှိ တက္ကသိုလ်မီးပွိုင့်တွင် လင်းကိုကို ဆိုသူ မောင်းနှင်လာသည့် မော်တော် ယာဉ် ပေါ်မှ ခိုင်လုံသည့် အထောက်အထားမပြနိုင်သည့် တရုတ်နိုင်ငံသား ၉ ဦးတို့ကိုလည်း ဇူလိုင် ၂၁ ရက်နေ့က ဖမ်းမိခဲ့ ကြောင်း သိရသည်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “စီမံချက်ရယ်လို့တော့ မရှိဘူး၊ အရင်ကအတိုင်း ဖမ်းဆီးနေတာပါပဲ။ ဖြစ်နေတာကတော့ ခုရက်ပိုင်း၊ လပိုင်းတွေမှာ ပိုပြီးဝင်ရောက်မှု များပြားလာတယ် လို့ ပြောရမှာပါပဲ။ နယ်စပ်ဝင်/ထွက်ပေါက်တွေရော အတွင်းထဲမှာရော ဖမ်းတာတွေရှိတယ်။ ကျနော်တို့အနေနဲ့ အဓိကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာရှိတယ်။ ဒါနဲ့ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဆေးမှုတွေ ပိုများလာ တယ်” ဟု ဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် COVID-19 ကူးစက် ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်ချက်များအား ဇူလိုင် ၃၁ ရက်နေ့ အထိ သတ်မှတ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူများနှင့် ၎င်းတို့အား ကူညီလက်ခံ ဖုံးကွယ်ထား သူများအား ဥပဒေအရ တင်းကြပ်စွာ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ဇွန် ၁၃ ရက်နေ့က သတိပေးပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုအခြေအနေမျိုးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ အန္တရာယ်ကို အားလုံးဝိုင်းပြီး ကာကွယ်တားဆီးပေးဖို့ လိုပါတယ်။ တိတ်တခိုး ဝင်လာသူတွေက Quarantine မဝင်ကြဘူး။ ရောဂါပိုးရှိနေရင် အခြားသူ များစွာကို ကူးစက်သွားနိုင်ပါတယ်။ Contact tracing၊ ထိတွေ့မှုကြောင့် ရောဂါကူးသွားနိုင်ဖွယ်ရှိသူများကို စုံစမ်းရှာဖွေ Quarantine သွင်းရတဲ့အလုပ်ဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်ပါတယ်”ဟု ဆိုထားသည်။
လတ်တလောတွင်လည်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများအား အရေးယူဆောင်ရွက်လျှက်ရှိရာ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင် ၁၃ ဦးအား လ.ဝ.က ဥပဒေဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ကြောင်း မောင်တောခရိုင် လ.ဝ.က ဒုညွန်ကြားရေးမှူး ဦးထိန်လင်းက ဇူလိုင် ၂၁ ရက်နေ့က ဧရာဝတီသို့ ပြောသည်။
COVID-19 ရောဂါကာကွယ်ရေး ကာလအတွင်း မေလမှ ဇူလိုင်လအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်သူ ၈၀ ဦးခန့်ရှိပြီဖြစ်ပြီး ၎င်းတို့ထဲမှ ၂၃ ဦးကိုလည်း ဇူလိုင် ၂ ရက်နေ့က လ.ဝ.က ဥပဒေပုဒ်မ ၁၃(၁)ဖြင့် ထောင်ဒဏ် ၆ လစီချမှတ်ခဲ့ကြောင်း သိရသည်။
ဆက်စပ်လင့်
တရားမဝင် ဝင်ရောက်လာသူများ အရေး မောင်တောဒေသခံတချို့ ဆန္ဒပြ
မူဆယ်ကို ပိုက်စိပ်တိုက်ရှာ တရားမဝင် တရုတ်များနှင့် လက်နက်ခဲယမ်းများ ဆက်တိုက်မိ
တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသူ ၁၂၈ ဦးကို အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေး
ရန်ကုန်ရောက် တရားမဝင် နေထိုင်သည့် တရုတ် ၁၈ ဦးကို ပြည်နှင်ဒဏ်ပေး
၀ ဒေသက မူးယစ်ရာဇာ ဝေရှောက်ခန်း၏ သြဇာ