ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါရွာမှ ၃၆ နှစ်အရွယ် အမျိုးသမီးကို တပ်မတော်သား ၃ ဦးက အဓမ္မ ပြုကျင့်သည် ဆိုသောကိစ္စနှင့် ပတ်သက်၍ အမှုဖွင့်ထားခြင်းအပေါ် တပ်တွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ရက်နေ့က ယင်းတပ်မတော်သား ၃ ဦးကို ဦးဂါရွာသူ အမျိုးသမီးက အဓမ္မပြု့ကျင့်မှုဖြင့် စစ်တွေ မြို့မ ရဲစခန်းသို့ လာရောက် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး၊ ဆေးစစ်ချက်များ ခံယူကာ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်း ပါဝင်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမယှက်စပ်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု စသည့် ပုဒ်မများဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ် ထွန်းထွန်းညီက “အဲဒါက ကျနော်တို့ ထုံးစံအတိုင်း တပ်မတော်ဘက်က လုပ်စရာရှိတဲ့ စုံစမ်း စစ်ဆေးမှုတွေကို လုပ်နေတာ ရှိတယ်။ ကာယကံရှင်က နစ်နာပါတယ်ဆိုတဲ့ တိုင်ကြားတဲ့အပေါ်လည်း လက်ခံထားတဲ့ ရဲစခန်းကလည်း သူရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ တပ်မတော်သား ၃ ဦး အဓမ္မပြုကျင့်သည်ဆိုသည့် သတင်းအပေါ်တွင် တပ်မတော်အနေဖြင့် စုံစမ်း စစ်ဆေး ဖော်ထုတ်နေသလို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်ကလည်း ယင်းအမှုနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်နေကြောင်းဆိုသည်။
“လောလောဆယ် ပြောလို့ရတာက စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်။ အဲဒီလောက်ပဲ ကျနော်တို့ ပြော လို့ရမယ်။ သက်သေ ဘယ်နှယောက် စစ်ဆေးနေတယ် ဆိုတာတွေတော့ ပြောလို့မရသေးဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြော သည်။
အဆိုပါ ရသေ့တောင်မြို့နယ် ဦးဂါရွာသူ အမှုအား ကူညီဆောင်ရွက်ပေးနေသူ Legal Clinic Myanmar (LCM) စစ်တွေရုံး ခွဲမှ တရားလွှတ်တော် ရှေ့နေ ဒေါ်မြသူဇာက အမှန်တရား ပေါ်ပေါက်ရန်အတွက် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့အ နေဖြင့် ဘက်လိုက်မှု မရှိဘဲ စုံစမ်း ဖော်ထုတ်ပေးစေလိုကြောင်း တောင်းဆိုသည်။
“စုံစမ်း စစ်ဆေးတဲ့ ကာလဆိုတာက ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းအရ ရဲကပဲ လုပ်လို့ရတာ ဖြစ်တယ်။ အပြင်လူ ဝင်လုပ်လို့ မရဘူး။ ဟုတ်မဟုတ် ကြည့်မယ်ဆိုလို့လည်း မရဘူး။ ဆိုတော့ ကျမတို့ ဖြစ်စေချင်တာက နှစ်နာသူ အမျိုးသမီးကို ဦးတည် ပြီးတော့ ဘက်လိုက်မှု မရှိဘဲ အမှန်တရားကို စုံစမ်း ဖော်ထုတ်ပေးဖို့ လိုအပ်တယ်” ဟု ဒေါ်မြသူဇာ က ဧရာဝတီသို့ ပြောသည်။
ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကတော့ လက်ရှိ အခြေအနေတွင် အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ က ဦးဂါကျေးရွာမှ ရွာသူ/ရွာသား ၂၀ နီးပါးကို ခေါ်ယူ စစ်ဆေးမှုများကို လုပ်ဆောင်နေသူကို သိရှိရပြီး အမှန်တရား ပေါ်ပေါက် ရန် တတ်အားသရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
ပြီးခဲ့သော ဇွန်လ၂၉ ရက် ညနေ ၆ နာရီခန့်က တပ်မတော် စစ်ကြောင်း အဆိုပါ ဦးဂါကျေးရွာသို့ သေနတ်များ ပစ်ခတ်ကာ ရောက်ရှိလာကာ ကျေးရွာ၌ တညအိပ်ခဲ့ကြောင်းလည်း ကာယကံရှင် အမျိုးသမီး အပါအဝင် ဒေသခံ ရွာသားများက ပြောဆိုသည်။
ထိုသို့ တပ်မတော်စစ်ကြောင်း ရွာတွင် တည်းခိုစဉ် ည၁၁ နာရီခန့်၌ ကာယကံရှင် အမျိုးသမီး၏ အိမ်ဘေးနားရှိ တပ်မတော် သားများထဲမှ ၃ ဦးက ၎င်းတို့ မိသားစု နေအိမ်အတွင်း ပုန်းခိုနေစဉ် စစ်စရာရှိသည်ဟု ဆိုကာ အဓမ္မခေါ်၍ မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအမျိုးသမီးက စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ပြီးနောက် သတင်း မီဒီယာများအား ဖြစ်စဉ်ကို ပြောပြခဲ့ သည်။
ဖြစ်စဉ် ဖြစ်ပွားသည့်နေ့က အဓမ္မပြုကျင့်ခံရသည်ဆိုသော အမျိုးသမီးနှင့်အတူ တခြားအမျိုးသမီး ၅ ဦးနှင့် က လေး ၃ ဦးလည်း ယင်းအိမ်တွင် ပုန်းခိုနေပြီး အမျိုးသားများမှာ တပ်မတော် စစ်ကြောင်း ဝင်ရောက်လာသည့် အတွက် ဖမ်းဆီးခံရ မည်ကို စိုးရိမ်ကာ ရှောင်တိမ်းသွားခဲ့ကြောင်းလည်း ရွာသားများက ပြောပြသည်။
တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ကမူ ဇူလိုင်လ၂ ရက်တွင် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာရှိ ၃၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးအား တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်သည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ထုတ်ပြန်ထား သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော် စစ်ကြောင်းသည် ဇွန်လ ၃၀ ရက် ညနေ ၇ နာရီက အဆိုပါ ကျေးရွာသို့ ရောက်ရှိ ခဲ့ပြီး ညနေ ၈ နာရီတွင် ရွာမြောက်ဘက်သို့ ပြန်လည် ထွက်ခွာကာ မီ တာ ၂၅၀ ခန့်အကွာရှိ သရက်တောအတွင်း၌ အခြေပြုခဲ့ကြောင်း၊ နောက်တနေ့ နံနက် ၆ နာရီခန့်တွင် ကျေးရွာအတွင်း ဝင်ရောက်၍ ရက္ခိုင်စစ်တပ် (AA) နှင့် ပတ်သက် သည့် သတင်းများကို မေးမြန်းခဲ့ပြီး နံနက် ၈ နာရီ အချိန်တွင် ကျေး ရွာရှိ မြောက်ဘက်တောင်ကြောသို့ ပြန်လည် ထွက်ခွာ ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်စပ်ဖတ်ရှုရန်
တပ်မတော်သား ၃ ဦးအား မုဒိမ်းမှုဖြင့် ဦးဂါ ရွာသူ အမှုဖွင့်