မန္တလေးတိုင်းဝန်ကြီးချုပ်သည် တနင်္ဂနွေနေ့ကကျင်းပသည့် ၎င်း၏ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းတပ်ဖွဲ့ (SB) မှ အရာရှိများကို မောင်းထုတ်လိုက်ပြီးနောက် စစ်အာဏာရှင်ခေတ်က ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ ထိပ်တန်း ပုဂ္ဂိုလ် တယောက်သည်ပင် စစ်တပ်က ထိန်းချုပ်ထားသည့် ထောက်လှမ်းရေးများ၏ စောင့်ကြည့်ခံနေရကြောင်း ပြသလိုက်သည်။
ဇူလိုင်လ ၁၉ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အာဇာ နည်နေ့ အခမ်းအနားအပြီး သတင်းသမားများနှင့် တွေ့ဆုံစဉ် သတင်းတပ်ဖွဲ့ဝင် အချို့ ဝင်ရောက်လာခဲ့သည်။
အင်တာနက်တွင် ပျံ့နှံ့နေသော ဗီဒီယို တခုတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထိုသတင်းတပ်ဖွဲ့ဝင်များသည် သတင်းသမားများ မဟုတ်ကြောင်း သိရှိပြီးနောက် အခန်းမှ ထွက်သွားရန် ပြောဆိုခဲ့သည်။
“အခန်းထဲက ထွက်သွား။ ဒါ မင်းတို့ကိစ္စ မဟုတ်ဘူး” ဟု ဒေါက်တာဇော်မြင့်မောင် က ပြောသည်။
သူ၏ သတင်းစာရှင်းလင်းပွဲကို စစ်တပ်က ထိန်းချုပ်သည့် သတင်းတပ်ဖွဲ့က စောင်ကြည့်ခံနေရပြီး ထိုသို့ ထောက်လှမ်း ခြင်းကို လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် သတင်းတပ်ဖွဲ့ဝင်များသည် ကျင့်ဝတ် လိုက်နာသင့်ကြောင်း ၎င်းက ပြောသည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ စစ်အာဏာရှင် စနစ်အတွင်း သတင်းတပ်ဖွဲ့က အစိုးရ ဆန့်ကျင်သည်ဟု စွပ်စွဲလျှင် နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ ထောင်ချခံရသည်။ ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များလည်း ထိုသို့ ထောင်ချခံခဲ့ရသူများဖြစ်သည်။
သတင်းတပ်ဖွဲ့သည် ရဲတပ်ဖွဲ့၏ အစိတ်အပိုင်းတခုဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သည့် သြဇာကြီးမားလှသော စစ်ထောက်လှမ်းရေးကို ၂၀၀၄ ခုနှစ်တွင် ဖျက်သိမ်းလိုက်သောအခါ သတင်းအချက်အလက် ထောက်လှမ်းပြီး နိုင်ငံရေးသဘောထား ကွဲလွဲသူများကို ဖမ်းဆီးသောအဖွဲ့ဖြစ်သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုစဉ်က ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက သတင်းတပ်ဖွဲ့ကို ဝန်ကြီးဌာန ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့သည်။
လက်ရှိအချိန်တွင် စစ်တပ်က ထိန်းချုပ်ထားသော ပြည်ထဲရေးဝန်ကြီးဌာနကို စစ်ဖက်လုံခြုံရေး အကြီးအကဲဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ဦးဆောင်နေသည်။ သူသည် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ နေရာတွင် ဖေဖော်ဝါရီ လအတွင်းက အစားထိုး ဝင်ရောက်လာသူဖြစ်သည်။
နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို သတင်းတပ်ဖွဲ့နှင့် စစ်တပ်နှင့် ရဲကျောထောက်နောက်ခံအဖွဲ့အစည်းများက စောင့်ကြည့်နေကြောင်း သိရသည်။
၎င်း၏ အဖွဲ့အစည်းမှ သင်တန်းများနှင့် အများပြည်သူနှင့် ပတ်သက်သည့် အခမ်းအနားများကို သတင်းတပ်ဖွဲ့က စောင့်ကြည့် နေကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားနေသည့် “အသံ” အဖွဲ့မှ ကိုရဲဝေဖြိုးအောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
သတင်းတပ်ဖွဲ့သည် အုပ်စုလိုက် လှုပ်ရှားမှုများကို မှတ်တမ်းတင်ပြီး ပါဝင်သူများကို စာရင်းပြုစုကြောင်းလည်း ၎င်းက ပြောသည်။
“၂၁ ရာစုမှာ ပုဂ္ဂလိက လွတ်လပ်ခွင့်ဆိုတာ လူ့အခွင့်အရေးပဲ။ လူ့အခွင့်အရေးတွေကို အစိုးရက အကာအကွယ်ပေးရမယ်။ အစိုးရနဲ့ စစ်တပ်ကြောင့် ပြည်သူ့အခွင့်အရေး ဆုံးရှုံးရတဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်”
ဟုလည်း ကိုရဲဝေဖြိုးအောင်က ထောက်ပြသည်။
သတင်းတပ်ဖွဲ့ ကဲ့သို့သော အဖွဲအစည်းများသည် အပြစ်ကင်းစင်သူများကို နောက်ယောင်ခံလိုက်နေမည့်အစား လုံခြုံရေး ကိစ္စများနှင့် နိုင်ငံသားများကို ကာကွယ်ရန် အခြား ကိစ္စများကိုသာ စုံစမ်းစစ်ဆေးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ သုတေသီ အကြီးအကဲ ကိုဇော်မိုး က ဇူလိုင် ၂၁ ရက်နေ့က သတင်းဌာနများကို ပြောသည်။
“အရင်လို နောက်ယောင်ခံ လိုက်နေတုန်းပဲ။ ဒီလိုထောက်လှမ်းတာကို လူ့အခွင့်အရေး အဖွဲ့တွေက စိတ်အနှောက် အယှက် ဖြစ်တယ်။ ပြည်သူတွေဟာ စောင့်ကြည့်ခံနေရလို့ အနာဂတ်မှာ ဒီအချက်အလက်တွေဟာ ခြိမ်းခြောက်မှု ဖြစ်လာမှာကို စိုးရိမ်နေကြတယ်” ဟု ကိုဇော်မိုးက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်ပြောကြားပေးရန် ပြည်ထဲရေး ဝန်ကြီးဌာနအား ဇူလိုင် ၂၁ ရက်နေ့က ဆက်သွယ် သော်လည်း မအောင်မြင်ခဲ့ပေ။
ဇော်ဇော်ထွေး၏ In Myanmar, Even a Chief Minister is Prone to Military-Controlled Intelligence ကို ဘာသာပြန်သည်။
You may also like these stories:
အမေရိကန်နဲ့ တရုတ် ရန်ပွဲကြားမှာ မြန်မာ ကြိုးတန်းလမ်းလျှောက်နေရ
ကြံ့ခိုင်ရေးပါတီ၏ လုပ်သားများ ပြန်ခေါ်ရေး အရေးကြီးအဆို“မရိုးသားဘူး”လို့ NLD ပြော
တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲ ဘယ်လောက်ပြင်းမလဲ