လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့သည် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၅ ရွေးကောက်ပွဲက ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နေရာများအတိုင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရန်ကုန် တိုင်း တာမွေမြို့နယ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ အပြီးသတ် ရွေး ချယ်မှု အပြီး NLD ဒုတိယ ဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်က “ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်ပါလိမ့်မယ်။ သမ္မတကြီး ဦးဝင်းမြင့်က တာမွေကနေပဲ ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်ပါမယ်။ ဒါကတော့ အားလုံး စိတ်ဝင်စားနေ တဲ့ဟာပေါ့”ဟု ပြောသည်။
ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်း လွှတ်တော်အတွက် အမရပူရမြို့နယ်တွင်လည်းကောင်း၊ ရန်ကုန်တိုင်း စီမံ/ ဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးက ရန်ကုန်တိုင်း လွှတ်တော်အတွက် ဒဂုံမြို့နယ်တွင် လည်းကောင်း၊ မကွေးတိုင်း ဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညို က မကွေးတိုင်း လွှတ်တော်အတွက် ပွင့်ဖြူမြို့နယ်တို့မှ လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင် မည် ဖြစ်သည်။
လက်ရှိ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် အများစုမှာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းမှာမူ ကျန်းမာရေးကြောင့် ဝင်ရောက် အရွေးချယ်မခံတော့ဘဲ အနားယူမည်ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။
“သူတို့လည်း ကိုယ်စားလှယ်လောင်းလျှောက်လွှာ တော်တော်များများ ပြန်တင်ပါတယ်။ အဲဒီတော့ဝန်ကြီးချုပ်တွေလည်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းကနေ လျှောက်လွှာတင်ထားပါတယ်။ ကျနော်တို့ ပြန်ရွေးထားတာရှိပါတယ်”ဟု ၎င်း က ပြောသည်။
ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများထဲမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ ဆောက်လုပ်ရေး ဒုတိယ ဝန်ကြီး ဦးကျော်လင်းတို့လည်း လာမည့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီက အမျိုးသားလွှတ်တော်တွင် ၁၆၂ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၃၁၉ နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် ၆၂၂ နေရာနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးနေရာအတွက် ၂၉ နေရာ စုစုပေါင်း ၁၁၃၁ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
ဒေါက်တာဇော်မြင့်မောင်က “ယေဘုယျခြုံကြည့်လိုက်မယ်ဆိုရင်တော့ ၂၀၁၅ ထက်စာရင် ကျနော်တို့ တိုးပြိုင်နိုင်တယ်။ အဲဒါကတော့ ၃ နေရာ ၄ နေရာလောက် တိုးပြီးပြိုင်နိုင်ပါတယ်”ဟု ပြောသည်။
လက်ရှိနေရာများအားလုံးအတွက် လက်ရှိလွှတ်တော်သက်တမ်းမှ လူဟောင်း ၈၀ ရာခိုင်နှုန်း ပြန်အရွေးချယ်ခံရကာ လူသစ် ၂၀ ရာခိုင်နှုန်းသာပါရှိကြောင်း၊ တောင်သူလယ်သမား ၁၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၀ ရာခိုင်နှုန်း၊ ဘွဲ့ ရသူ၊ ဘွဲ့လွန်၊ ဆရာဝန်၊ ရှေ့နေ စသဖြင့် ဘွဲ့ရပညာတတ် ၈၀ ရာခိုင်နှုန်းပါဝင်သည်ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် အမျိုးသားလွှတ်တော် ၅ နေရာနှင့် ပြည်သူ့လွှတ်တော် ၂ နေရာ ၇ နေရာကို NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရသည်။
NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် လူဟောင်းများကို ၈၀ ရာခိုင်နှုန်းထိ ပြန်လည်ရွေးချယ်ခြင်းသည် ပြည်သူ လူထု၏ ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှုကို ထိခိုက်စေနိုင်ပြီး မဲပေးသူရာခိုင်နှုန်းသည်ပင်လျှင် လျော့ကျနိုင်သည်ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ဒေါက်တာရန်မျိုးသိမ်းက “ဒီချုပ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၈၀ ရာခိုင်နှုန်းဟာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေ ပဲဆိုတဲ့ သတင်းစကားက အတော့်ကိုစိတ်ပျက်စရာကောင်းတယ်လို့ သုံးသပ်မိပါတယ်။ အဲဒီ အကျိုးဆက်အနေနဲ့ ဒီချုပ်ပါတီဟာ လာမယ့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ ပိုအကြိတ်အနယ်၊ အသည်းအသန် ယှဉ်ပြိုင်ရတော့မယ်လို့ ထင်မိပါတယ်”ဟုပြောသည်။
ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် အဟောင်းနှင့်အသစ် ၅၀ ရာခိုင်နှုန်းစီသာ ဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။
ထိုရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း စာရင်းများကို လာမည့် သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ကြောင်း ကြေငြာထားသည်။
လာမည့်ရွေးကောက်ပွဲကို လက်ရှိအာဏာရပါတီ NLD၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီနှင့် တိုင်းရင်းသားပါတီများအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ပါတီပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
You may also like these stories: