သတင်း

တပ်မတော်နှင့် SSPP တိုက်ပွဲကြောင့် ဒေသခံ ရွာလုံးကျွတ်ထွက်ပြေးနေရ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နားအုံကျေးရွာအနီးတွင် တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ ၂၀၀ ကျော် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သတင်း ရရှိသည်။

တပ်မတော်နှင့် SSPP တို့သည် ဇူလိုင် ၂၂ ရက် ညနေပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားခြင်း ဖြစ်ပြီး နားအုံကျေးရွာမှ ဒေသခံ များသည် ပစ်ခတ်သံများ ကြားသဖြင့် ၇ မိုင်ခန့် ဝေးသည့် ဆောင်ကြဲကျေးရွာသို့ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

သီပေါမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းမောင်က

“ဖြစ်တဲ့နေရာက သီပေါနဲ့ မိုင် ၃၀ ကျော်လောက် ဝေးတယ်။ အခု ဒေသခံတွေက ဆောင်ကြဲကို ရှောင်လာကြတယ်။ ၂၀၀ ကျော် လောက် ရှိပါတယ်။ ဒီနေ့တော့ အခြေ အနေက အေးအေးဆေးဆေး ဖြစ်နေတယ်။ နှစ်ဖက် တင်းမာမှုတော့ မရှိဘူး”

ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ ကျေးရွာနှင့် နီးကပ် မနေသဖြင့် အရပ်သားများ ထိခိုက်မှု မရှိသည့်အပြင် တိုက်ပွဲမှာလည်း နှစ်ဖက်တပ်များ တင်းတင်းမာမာ ဖြစ်ပြီး ပစ်ခတ်ကြခြင်း မဟုတ်သဖြင့် အခြေအနေ ပြန်တည်ငြိမ်နေသည့် အနေအထား တွင် ရှိသည် ဟုလည်း ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဦးစိုင်းခမ်းမောင်က “တပ်က ဝင်လာလို့ မတော်တဆ ထိပ်တိုက်တွေ့ ကြတာ။ ကျနော်တို့ သီပေါမှာက ဆိုးဆိုးဝါးဝါး အခြေအနေတော့ မရှိဘူး။ အခုလည်း တပ်မတော်က တောထဲကို ကားလမ်း မကနေ အတွင်းဘက် ၇ မိုင်၊ ၈ မိုင်လောက် ဝင်သွားတော့ မတော်တဆ တွေ့ကြတာပါ။ ထိတွေ့မှုဖြစ်တာက တောထဲမှာ ပါ” ဟု ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသည် COVID 19 ရောဂါကို ကုသရေး၊ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးများ ထိထိ ရောက်ရောက် လုပ်နိုင်ရန်ဟု ဆိုကာ မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ အပစ်အခတ် ရပ်ဆိုင်း ပေးထားသည်။

အပစ်ရပ်ဆိုင်းပေးထားသည့် နယ်မြေထဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်းသည်လည်း အကျုံးဝင်သဖြင့် တပ်မတော်နှင့် SSPP တိုက်ပွဲ ဖြစ်ပွားသည့် ကာလမှာ အပစ်ရပ်ဆိုင်းထားသည့် အချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ ကျောက်မဲဘက် နမ့်လန်ဘက်မှာ နယ်မြေ လုံခြုံရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းတခုနဲ့ SSPP/SSA ဝမ်ဟိုင်း အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ ပုံမှန် လုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့နဲ့ ဖြစ်တာပါ။ SSPP ဘက်က စပြီး ပစ်ပါတယ်။ အင်အား ၅၀ လောက်လို့ ခန့်မှန်းတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိပါဘူးဗျ” ဟု ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အပစ်ရပ်ဆိုင်းကြောင်း ကြေညာထားသော်လည်း မြေပြင်တွင် စစ်ကြောင်းများက လက်နက်ခဲယမ်းများ သယ်ဆောင်ကာ လှုပ်ရှားသွားလာနေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ပြည်သူလူထု၏ လုံခြုံရေး၊ နယ်မြေ လုံခြုံရေးအတွက် ကင်းလှည့်ခြင်းများမှာ ပုံမှန်အတိုင်း ရှိနေမည် ဖြစ်သည်ဟု ပြန်ဖြေဆိုသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ ပြည်သူလူထု လုံခြုံရေး ဆောင်ရွက်မှု၊ အုပ်ချုုပ်မှု၊ လှုပ်ရှားမှုတွေကတော့ ရှိနေမှာပဲ။ ပုံမှန် ကင်းလှည့်တာတို့ကတော့ ရှိနေမှာပါပဲ။ အဲဒီ စစ်ကြောင်းတွေကို သူတို့က သွားပစ်ခတ်လို့ ဖြစ်တာပါ” ဟုလည်း ပြောဆိုသည်။

အဆိုပါ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် နားအုံကျေးရွာ ဒေသခံများမှာ အခြေအနေ တည်ငြိမ်ပါက နေရပ်သို့ ပြန်ကြ ရန် စီစဉ်ထားသည်ဟု သိရသည်။

သီပေါမြို့နယ် အခြေစိုက် နယ်စည်းမခြား ပရဟိတ အဖွဲ့မှ ကိုမျိုးကလည်း ထွက်ပြေးလာသူများကို စားနပ်ရိက္ခာအတွက် သွားကူညီရန် စီစဉ်ထားသော်လည်း အခြေအနေ တည်ငြိမ်ပါက နေရပ်ပြန်မည်ဟု ကြားသိရသဖြင့် အခြေအနေကို စောင့် ကြည့်နေပါသည်ဟု ပြောသည်။

ကိုမျိုးက

“ရွာက ကျန်းမာရေးဌာနကို လှမ်းမေးတော့ လောလောဆယ် အခြေအနေ စောင့်ကြည့်နေတယ်။ ကျနော်တို့ လည်း သွားကူဖို့က ဒီနေ့ တရက် စောင့်ကြည့်ဦးမယ်။ သူတို့ ပြန်သွားရင်တော့ ကျနော်တို့က မသွားတော့ဘူး။ သူတို့ မပြန် ရင်တော့ ကျနော်တို့က သွားကူညီမှာပါ”

ဟု ဆိုသည်။

တပ်မတော်နှင့် SSPP သည် ပြည်နယ်အဆင့် အပစ်ရပ်ဆိုင်းထားသည့် စာချုပ်များ လက်မှတ်ထိုးထားသော်လည်း ရှမ်း ပြည်နယ် မြောက်ပိုင်း၊ လားရှိုး၊ သီပေါ မြို့နယ်တို့၌ ရံဖန်ရံခါ တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ ရှိသည်။

ဇူလိုင်၂၂ ရက်တွင် နားအုံကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီမှ SSPP ၏ ပြောရေးဆို ခွင့် ရှိသူများကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် SSPP ၏ လူမှုကွန်ရက် စာမျက်နှာများတွင်လည်း တိုက်ပွဲ ဖြစ်ပွားသည့် အပေါ် ထုတ်ပြန်ချက် တစုံတရာ ထုတ်ထားခြင်း မရှိပါ။

SSPPကို အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးရန် ပြောဆိုထား သော်လည်း SSPP က NCA ကို ငြင်းဆိုထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ထဲတွင် အဖွဲ့ဝင် ထားသည်။

FPNCC သည် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တို့က ဦးဆောင်ပြီး တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA )၊ မြန်မာအမျိူးသား ဒီမိုကရေစီ မဟာမိတ် တပ် မတော် (MNDAA) ၊ ရက္ခိုင် စစ်တပ် (AA ) နှင့် SSPP တို့ ပါဝင်သည်။

ဆက်စပ်ဖတ်ရှုရန်

COVID-19 ကာကွယ်ကုသရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးတွဲလုပ်ရန် အစိုးရ ကော်မတီဖွဲ့

၂၀၂၀အတွင်း NCA လက်မှတ်ထိုးဖို့ SSPP မသေချာသေး

Did you find apk for android? You can find new Free Android Games and apps.
Loading