COVID-19 ကြောင့် မြန်မာ့ စီးပွားရေး လုပ်ငန်းများ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်၍ တနိုင်ငံလုံးအတွက် လုံေလောက် သော ကုစားရေး အစီအစဉ်များ လုပ်ဆောင်ရန် အခက်အခဲများ ရှိနေသည် ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဆက်အောင်က ပြောသည်။
အစိုးရက လုပ်ဆောင်နေသည့် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (COVID-19 Economic Relief Plan – CERP)နှင့် ပတ်သက်၍ ဆောင်ရွက်ချက်များကို ဇူလိုင်လ ၂၂ ရက်က ပြည်ထောင်စု လွှတ် တော်၌ လာရောက်ရှင်းလင်းရာ ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဒုဝန်ကြီး ဦးဆက်အောင်က “မြန်မာနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံ မဟုတ်သေးတဲ့အတွက် တနိုင်ငံလုံး၊ လုပ်သားထုအားလုံး၊ အိမ်ထောင်စု အားလုံးအတွက် လုံလောက်တဲ့ ကုစားရေးအစီအစဉ်များ ဆောင်ရွက်နိုင်ဖို့ ခက်ခဲလျက် ရှိပါသေးတယ်” ဟု ပြောသည်။
သို့သော်လည်း တနိုင်ငံလုံးအတွက် ပြန်လည်ကုစားနိုင်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယခု ဆောင်ရွက်လျက်ရှိ သည့် CERP အစီအစဉ်ကို ယခုဘဏ္ဍာနှစ်အပြင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်လည်း ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်သည်ဟု ၎င်းက ဆိုသည်။
ဒုဝန်ကြီးက CERP လုပ်ငန်းစဉ်များတွင် ပါဝင်သည့် စိုက်ပျိုးရေး ကဏ္ဍမြှင့်တင်ရေး အစီအစဉ်များ၊ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးရေး ကိစ္စ၊ စီးပွားရေး လုပ်ငန်းများအတွက် ချေးငွေကိစ္စ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ စားနပ်ရိက္ခာလုံခြုံရေး အစရှိသည့် ကိစ္စရပ်များကို ရှင်းလင်းခဲ့ပြီး လွှတ်တော်က ယင်းရှင်းလင်းမှုကို မှတ်တမ်းတင်ခဲ့သည်။
မြန်မာနိုင်ငံ၏ COVID-19 ပြန်လည်ကုစားမှု အစီအစဉ်များတွင် နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေ၊ ပြည်ပေငွေ သုံးစွဲရမှုများ ကြောင့် လုပ်ငန်း လုပ်ဆောင်ရမှုများတွင် အကန့်အသတ်များ ရှိနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါ တီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောသည်။
၎င်းက “မြန်မာပြည်လည်း သူ့အိုးနဲ့ သူ့ဆန် ရှိသလောက်လေးနဲ့ သူလည်းလုပ်ရတာပေါ့။ အဲဒီတော့ အားလုံးကြီး ပြေလည် သွားတဲ့ အဖြစ်မျိုးတော့ ကျနော်တို့ တိုင်းပြည်က မဖြစ်နိုင်ဘူးထင်တယ်။ ဘာလို့ဆို ကျနော်တို့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အနေအထားတွေက ချို့တဲ့တာက တပိုင်း၊ နိုင်ငံခြား ချေးငွေတွေကို အသုံးချနေရတာက တပိုင်းဆိုတော့ သူ့အကန့်အ သတ်လေးတွေနဲ့ လုပ်နေရတဲ့သဘောပဲ မြင်ပါတယ်” ဟု ဆိုသည်။
CERP အစီအစဉ်တွင် ပါဝင်သော ရေတို ဖြေရှင်းနည်းဖြစ်သည့် ထောက်ပံ့ကြေးပေးသော ကိစ္စရပ်များတွင် အလွဲသုံးစား မှုများလည်း ရှိနိုင်ပြီး ထောက်ပံ့ကြေးများကို အမှန်တကယ် လိုအပ်သူများ၏ လက်ဝယ် ရောက်ရှိစေလိုကြောင်းလည်း ဦးစိုင်းထွန်းအေးက ထောက်ပြပြောဆိုသည်။
CERP အစီအစဉ်မှာ အစိုးရက လက်ရှိဆောက်ရွက်နေဆဲ ကာလဖြစ်ပြီး မူလ ချမှတ်ထားသည့် ပန်းတိုင် ၇ ရပ်နှင့် ညီမညီ ကိုမူ လုပ်ငန်းပြီးမြောက်ပြီးနောက် အစီရင်ခံစာများ ပြန်လည်ရရှိလာမည့် အခြေအနေကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း လှိုင်းဘွဲ့မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။
ဦးခင်ချိုက “အလုပ်လက်မဲ့ ပြဿနာက အဓိကကျတယ်။ အလုပ်လက်မဲ့ ပြဿနာအတွက်ကို အများဆုံး ဖြေရှင်းနိုင်တဲ့ ထောက်ပံ့ကြေးတွေ ချေးငွေတွေ လုပ်ပေးနိုင်ရင်တော့ ပိုပြီးတော့ ကောင်းမယ်ပေါ့” ဟု ဆိုသည်။
ယင်းအစီအစဉ်ကို ယခုကဲ့သို့ ဝန်ကြီးဌာနက ဦးဆောင်ခြင်း မဟုတ်ဘဲ နိုင်ငံတော်သမ္မတက ဦးဆောင်ပြီး အကောင် အထည် ဖော်သင့်ကြောင်းနှင့် စီမံချက်များ ရေးဆွဲရာတွင်လည်း အောက်ခြေ မြေပြင်အနေအထားများကို လေ့လာပြီးမှသာ ပြုလုပ်စေချင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။
“Action Plan က တကယ့်ကို လက်တွေ့ဆန်စေချင်တာပေါ့။ လက်တွေ့မှာ တကယ်မှန်မှန်ကန်ကန် လုပ်နိုင်တဲ့ အနေ အထားလေး လုပ်စေချင်တာပါ” ဟု ၎င်းက ပြောဆိုသည်။
COVID-19 ကြောင့် ထိခိုက်သည့်သွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကုစားမှုများပြုလုပ်ရာတွင် တိုင်းပြည်၏ ဘဏ္ဍာရေး အခြေအနေကို ဆန်းစစ်ခြင်း၊ ဘဏ္ဍာငွေများကို မှန်ကန်နေသည့်နေရာများတွင် မြန်ဆန်ထိရောက်စွာသုံးခြင်း၊ ဝယ်လိုအား၊ ရောင်းလိုအား ကဏ္ဍနှစ်ရပ်စလုံးအား ပြန်လည် နိုးထလာရန် နှိုးဆွပေးခြင်းများကို လုပ်ဆောင်သင့်သည်ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ် ပြောဆိုသည်။
ဒေါက်တာ အောင်ကိုကိုက “သုံးလိုက်တဲ့ငွေသည် နေရာမှန်ဖို့ လိုတယ်။ မြန်ဖို့လည်း လိုတယ်။ တသုတ်နဲ့ တသုတ် ၂ လ ၃ လကြာမှ ထုတ်ပေးမယ် ဆိုရင် ဒါက မထိရောက်တော့ဘူး။ လူနာတယောက်က အရေးပေါ်ကာလမှာ ချက်ခြင်း ကုသမှု ပေးရမယ်ဆိုရင် ကုသရမှာပေါ့” ဟု ပြောသည်။
COVID-19 ကြောင့် ဖြစ်ပေါ်နိုင်သည့် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုနှင့် ပတ် သက်၍ စစ်တမ်း ကောက်ယူမှုလုပ်ငန်းစဉ်ကို ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းကာ အိမ်ထောင်စု ၁၅၀၀ နှင့် စီးပွားရေးလုပ်ငန်း ၅၀၀ အပေါ်တွင် ဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဒု ဝန်ကြီး ဦးဆက်အောင်က လွှတ်တော် အစည်း အဝေး၌ ပြောကြားသွားသည်။
COVID-19 ကြောင့် စီးပွားရေးနှင့် လူမှုရေးထိခိုက်မှုများကို ကုစားနိုင်ရန် CERP ကို အစိုးရက ဧပြီလ ၂၇ ရက် ထုတ်ပြန် ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ယင်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်ဟု သိရ သည်။
CERP စီမံချက်တွင် ပန်းတိုင် ၇ ခုပါဝင်ပြီး အသေးစား စီးပွားရေး လုပ်ငန်းများကို တိုးတက်စေခြင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန် သွယ်ရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍများအား တိုးတက်အောင် အောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍများအပေါ် သက်ရောက် မှုများကို ဖြေလျှော့ပေးခြင်း၊ အလုပ်သမားများအပေါ် သက်ရောက်မှုကို လျော့ပါးစေခြင်း၊ အိမ်ထောင်စုများအပေါ် သက် ရောက်မှုများကို လျော့ပါးစေခြင်း စသည့် အချက်များ ပါဝင်သည်။
ထို့ပြင် တီထွင်ဆန်းသစ်သည့် ထုတ်ကုန်များထုတ်ရန် အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို အား ကောင်းလာစေခြင်း၊ COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် လုပ်ငန်းများကို ငွေကြေးပံ့ပိုးမှု တိုးမြှင့်ပေးရေး စသည့် ပန်း တိုင်များ ပါဝင်ပြီး မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်းအစီအစဉ် ၃၆ ခု ပါဝင်ကြောင်း သိရသည်။
CERP တွင် ငွေကြေးပံ့ပိုးခြင်း၊ အတိုးနှုန်း လျှော့ချပေးခြင်း၊ အခွန်အခများ ရွှေ့ဆိုင်း ပယ်ဖျက်ပေးခြင်း၊ ပုဂ္ဂလိက လုပ် ငန်းများကို ထောက်ပံ့ပေးခြင်း၊ တောင်သူလယ်သမားများကို ထောက်ပံ့ခြင်း၊ ဘဏ်လုပ်ငန်း အခက်အခဲများကို သက်သာ စေခြင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း၊ အစိုးရ ပုဂ္ဂလိက စီမံကိန်းများ ဆောင်ရွက်ခြင်းများ ပါဝင်သည်။
ထို့ပြင် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ခြင်း၊ အိမ်ထောင်စုများကို သက်သာစေခြင်း၊ အီလက်ထရောနစ် စီးပွားဆက်သွယ်မှုလုပ်ငန်းများ တိုးတက်စေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုမြှင့်တင်ခြင်း၊ COVID-19 ရန်ပုံငွေနှင့် အရေးပေါ် ရန်ပုံငွေ တိုးမြှင့်ရရှိရန် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်း အစီအစဉ် များ၊ ညွှန်းကိန်းများနှင့် စောင့်ကြပ်ကြည့်ရှုမည့် လုပ်ငန်းစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
CERP စီမံချက်သည် နိုင်ငံ့ စီးပွားဖွံ့ဖြိုးမှုကို နှောင့်နှေးမှု မရှိဘဲ ရောဂါကူးစက်မှုကို လျော့နည်းအောင် ဆောင်ရွက်ရန် အထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်း ယင်းစီမံချက်ကို ပုံသေမထားဘဲ အခြေအနေ အချိန်အခါနှင့် ကိုက်ညီအောင် လိုအပ်သလို ပြင်ဆင် ဖြည့်စွက်သွားမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ဝင်ငွေခွန်နှုန်းထား လျှော့ချခြင်းကို သက်တမ်း ထပ်တိုးပေးရန် လုပ်ငန်းရှင်များတောင်းဆို
ဝင်ငွေနည်း ပြည်သူများကို အလုပ်အကိုင်ပေးနိုင်မည့် စီမံကိန်း ယခုလစမည်
ဒုတိယအကြိမ် ကိုဗစ်ချေးငွေ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ဦးစားပေးမည်
အစိုးရ၏ စီးပွားရေး ပြန်လည်နိုးထမှု အစီအစဉ် တပ်မတော်သား ကိုယ်စားလှယ်များ ဝေဖန်