ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဝန်ကြီး ၄ ဦးမှာ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းအတွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီး၌ ပါဝင်ယှဉ်ပြိုင် မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း များ အမည်စာရင်းကို ယနေ့ကြေညာခဲ့ရာ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် ဝန်ကြီးများဖြစ်သည့် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေး ဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့မှာ NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် အမည်စာရင်း ပါဝင်လာခဲ့သည်။
လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက“ဝန်ကြီးချုပ် ဦးလှမိုးအောင်လည်း ရွေးကောက်ပွဲ ပြန်ဝင်ပါမယ်။ ပြီးတော့ အခြားသော ဝန်ကြီးများဖြစ်တဲ့ ဦးကျော်မြင့်၊ ဒေါက်တာလှမြတ်သွေးနဲ့ ဂါ့မိုးမြတ်မြတ်သူတို့လည်း ရွေးကောက်ပွဲ ဝင်ကြမှာပါ။ ကျနော်ကတော့ ကျောင်းကုန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင်မှာ မြန်အောင်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးမှာ ရေကြည်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ကရင်ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူမှာ ကရင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါ မဲဆန္ဒ နယ်များမှာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ ၎င်းတို့ အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်များ ဖြစ်သည်။
ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်မှာ၂၀၁၅ ရွေးကောက်ပွဲတွင် လပွတ္တာမြို့နယ်၊ အမှတ် ၁ တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ်မှ ယှဉ်ပြိုင် အနိုင်ရခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် လပွတ္တာမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် ပြောင်းလဲယှဉ်ပြိုင်မည် ဖြစ်သည်။
ဧရာဝတီတိုင်းအစိုးရ၌ အရပ်သား ပညာရှင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်း ပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးမှာ ကျောင်းကုန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်မှ ဝင် ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါ မဲဆန္ဒနယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၌ NLD ပါတီ ရှုံးနိမ့်ခဲ့သော မဲဆန္ဒနယ် ၄ ခုထဲမှ တခု ဖြစ် သည်။
ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတင်စောမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့သော်လည်း NLD ပါတီက ၎င်းနေရာတွင် ဦးဝင်းသန်းကို အစားထိုး ရွေးချယ်ခဲ့သည်။
ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်း အမြစ် ဌာနဝန်ကြီး ဒေါက်တာစိုးဝင်းမှာ ရွေးကောက်ပွဲ ပြန်လည် ဝင်ရောက်ခြင်း မရှိကြောင်း သိရသည်။
ပုသိမ်အခြေစိုက် မြစ်ဝကျွန်းပေါ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက “ဧရာဝတီတိုင်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ရွေးကောက်ပွဲ ပြန်ဝင်မယ်ဆိုလည်း ဝင်ပါ။ ဒါက သူတို့အခွင့်အရေး ဖြစ်ပါတယ်။ သို့သော် လက် ရှိ ၄ နှစ် သက်တမ်းအတွင်းမှာ ဧရာဝတီတိုင်း အစိုးရက ဌာနဆိုင်ရာများကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ဘူး။ ကြပ်မတ် ကွပ်ကဲမှု၊ စီမံခန့်ခွဲမှု အရမ်းအားနည်းတယ်။ အဲဒီတော့ ဒီအားနည်းချက်ကို ပြန်သုံးသပ်ပြီး ပြင်ဆင်ဖို့၊ ဧရာဝတီတိုင်းကို ကောင်းမွန်စွာ စီမံခန့်ခွဲ အုပ်ချုပ်ဖို့အတွက် စွမ်းရည်တွေကို မြှင့်တင်ပြီး ရွေးကောက်ပွဲ ဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဝင်များ ရွေးကောက်ပွဲ ပြန်ဝင်ကြသလို ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှာ အင်္ဂပူမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်မှ လည်းကောင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစန်းထွေးမှာ ဓနုဖြူ မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မှ လည်းကောင်း အသီးသီး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၂၆ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၅၂ နေရာ၊ ကရင် တိုင်းရင်းသားရေးရာနှင့် ရခိုင် တိုင်းရင်းသားရေးရာ မဲဆန္ဒနယ် ၂ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၉၂ နေရာ ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးတိုင်း NLD ပါတီဝင် ဝန်ကြီးအားလုံး ရွေးကောက်ပွဲ ဝင်ပြိုင်မည်
သမ္မတနှင့် အတိုင်ပင်ခံတို့ ရွေးကောက်ပွဲ ရန်ကုန်တွင် သွားရောက်ယှဉ်ပြိုင်မည်
ကရင်ပါတီများ အချင်းချင်း ညှိနှိုင်း၍ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်မည်
၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ
လူရွေးမှားတဲ့ အားနည်းချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြင်ဖို့လို