သတင်း

အမ်းမြို့နယ် တိုက်ပွဲကြောင့် ဂတ်စ်ပိုက်လိုင်း ထိမည်ကို ဒေသခံများ စိုးရိမ်

ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား စစ်ရေး တင်းမာပြီး ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ တရုတ်ဂတ်စ်ပိုက်လိုင်းအား ထိမည်ကို ဒေသခံများ စိုးရိမ်နေကြသည် ဟု သတင်း ရရှိသည်။

အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့်ရေး အဖွဲ့၏ ဥက္ကဋ္ဌ ဦးမျိုးလွင်က “ကျနော်တို့ ဒေသခံတွေက ပိုက်လိုင်းကြောင့် နဂိုကလည်း ထိခိုက်နစ်နာမှု ရှိတယ်။ ဒေသဖွံ့ဖြိုးရေးလည်း မရဘူး။ ကြီးမားတဲ့ စီမံကိန်းကြားမှာ ဆင်းရဲတဲ့ ပြည်သူတွေက နစ်နာရတယ်။ အခုထပ်ပြီး လက်နက်ကြီးကျလို့ ဖြစ်ဖြစ် ပေါက်ကွဲလာမှာကို စိုးရိမ်နေကြရတယ်။ အဲဒါကိုတော့ ဒေသခံတွေ စိုးရိမ်နေတယ်။ အသက်အန္တရာယ် ထိခိုက်မှာကို အမြဲ စိုးရိမ်နေရပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်မှ ယူနန်ပြည်နယ် တရုတ်နိုင်ငံသို့ ချိတ်ဆက်ထားသည့် ဂတ်စ်ပိုက်လိုင်းသည် အမ်းမြို့နယ်တကြောတွင်လည်း ဖြတ်သန်းသွားပြီး အမ်းမြို့နယ်တွင် ပိုက်လိုင်းဖြတ်သွားသည့် ဧရိယာတကြော၌ ဒေသခံ ၃ သောင်းကျော် နေထိုင်သည့် ကျေးရွာပေါင်း ၃၇ ရွာ ရှိသည်။

“အဲဒီ ၃၇ ရွာက ပိုက်လိုင်းနဲ့ တမိုင်တောင် မဝေးတဲ့ နေရာမှာ ရှိကြတာပါ။ တချို့ဆို ဖာလုံ နည်းနည်းပဲ ဝေးပါတယ်။ တချို့ ဆို ရွာထဲကကို ပိုက်လိုင်းက ဖြတ်သွားတာပါ။ ဒီဇူလိုင်ထဲမှာ လက်နက်ကြီး ပစ်ခတ်မှုတွေက ပိုက်လိုင်းနဲ့ နီးလာတယ်။ ဇူ လိုင်၂၂ ရက်က တပ်မတော်ဘက်က ပစ်ခတ်တယ်။ ပစ်တဲ့နေရာက ပိုက်လိုင်းနဲ့ ၂ ဖာလုံပဲ ဝေးပါတယ်။ ထိခိုက်လာမှာ ကို အမြဲ စိုးရိမ်နေရပါတယ်”

ဟု ဦးမျိုးလွင်က ပြောသည်။

အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ အနေဖြင့် မည်သည့်နေရာမှ ပစ်ခတ်ကြောင်း၊ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည် မည်သည့်နေရာသို့ ကျကြောင်းနှင့် ပိုက်လိုင်းအနီးတွင် ထိခိုက်မှု ရှိနိုင်မည့် အလားအလာများ ကို စောင့်ကြည့်နေသည် ဟုလည်း သိရသည်။

ဆက်လက်ပြီး ဦးမျိုးလွင်က “ပိုက်လိုင်း အနီးမှာ တခုခု လာထိရင် ပိုက်လိုင်း အန္တရာယ်ကိုလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ အစိုးရရော ကုမ္ပဏီရောက ပိုက်လိုင်းနဲ့ ပတ်သက်ရင် မြေလျော်ကြေး အတိုင်းအတာတောင် တာဝန်ယူမှု တာဝန်ခံမှု မရှိ ဘူး။ သဘာဝ ပတ်ဝန်းကျင်ကိုလည်း တာဝန်ယူမှု မရှိဘူး။ ပိုက်လိုင်း တခုခု ပေါက်ကွဲလို့ တခုခုဖြစ်လာရင် အစိုးရကရော ကုမ္ပဏီကရော တာဝန်ယူမှာ မဟုတ်ဘူး။ အဲဒီအတွက် ကျနော်တို့ စိုးရိမ်နေပါတယ်” ဟု ပြောသည်။

Arakan Oil Watch (AOW) ၏ ဒါရိုက်တာ ဦးကျော်ခိုင်ကလည်း တပ်မတော်နှင့် AA တို့၏ တိုက်ခိုက်မှု ပဋိပက္ခများမှာ တရုတ်၏ ဂတ်စ်ပိုက်လိုင်းရှိရာ ဧရိယာအနီးသို့ နီးနီးကပ်ကပ် ရောက်ရှိလာသည်ကို ဇူလိုင်လ အတွင်း အမ်းမြို့နယ်မှ ဒေသခံများ၏ စိုးရိမ်မှုများကိုလည်း ကြားသိနေရသည်ဟု ဆိုသည်။

ဦးကျော်ခိုင်က “ကျနော်တို့မြင်တာက တိုက်ပွဲက တဖြည်းဖြည်း ကျယ်ပြန့်လာတယ်။ အမ်းဘက် ကျောက်ဖြူဘက် ရောက် လာတယ်။ AA က တရုတ်စီးပွားရေးကို မထိခိုက်ဘူး ဆိုပေမယ့် တ်ိုက်ပွဲဖြစ်နေတဲ့ မြေပြင်မှာ အခြေအနေက ပြောလို့ မရ နိုင်ဘူး။ စစ်တပ်က ပစ်တာ ဖြစ်ဖြစ် AA က ပစ်တာ ဖြစ်ဖြစ် ပိုက်လိုင်းတို့ စီမံကိန်းတို့က အာမခံလို့ မရဘူးလေ။ အပြစ်မရှိ တဲ့ လူတွေတောင် နေ့တိုင်းလိုလို သေနေကြတာပဲ” ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်၂၀၁၈ ခုနှစ် နိုဝင်ဘာမှ စတင် တိုက်ခိုက် သည့် တိုက်ပွဲများမှာ ယနေ့ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် အမ်းမြို့နယ်တွင်းသို့ စစ်ရေးပဋိပက္ခ တဖြည်းဖြည်း စတင်လာခဲ့ပြီး ယနေ့ထိ စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။

ဇူလိုင် ၂၃ ရက် မနက်ပိုင်းတွင်လည်း AAက တိုက်ပွဲတွင်း တပ်မတော်ထံမှ သုံ့ပန်းများ၊ လက်နက်ခဲယမ်းများ၊ ဖမ်းဆီးမိ သည်တို့ကို သတင်းထုတ်ပြန်ပြီး ထိုထဲတွင် ကျောက်ဖြူ-ယူနန် ဂတ်စ်ပိုက်လိုင်းအနီးတွင် လက်နက်ကြီး ကျည်အချို့ ကျရောက် ပေါက်ကွဲမှု ရှိကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။

ဇူလိုင် ၂၁ ရက်၊ ညနေ ၅ နာရီနှင့် ၆ နာရီကြားတွင် ကျောက်ဖြူမြို့ သစ်ပုတ်တောင် ရေတပ်စခန်းမှ ပစ်ခတ်သဖြင့် ကျောက်ဖြူ မြို့နယ်အတွင်းရှိ စေမော်ရွာ၊ စစ်တောရွာ၊ ကြံချိုင်ရွာတို့ အနီးတွင် လက်နက်ကြီးများ ကျသည့်အပြင် ကျောက်ဖြူ-ယူနန် ဂတ်စ်ပိုက်လိုင်း အနီးတွင် လက်နက်ကြီးကျည် အချို့ကျခဲ့သည်ဟု AA သတင်းနှင့် ပြန်ကြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကြီးကျည်များမှာ တပ်မတော်ဘက်မှ တဖက်သတ် ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု စွပ်စွဲထားပြီး ပစ်ခတ်ချိန်တွင် AA နှင့် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်း မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ဧရာဝတီမှ တရုတ်၏ ဂတ်စ်ပိုက်လိုင်း အနီးတဝိုက်တွင် ထိခိုက်မှုများ ရှိမရှိ မေးမြန်းရာ တပ်မတော် သတင်းမှန် ပြန်ကြား ရေး တပ်ဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက

“ကျောက်ဖြူဘက်မှာ တပ်မတော်က လစာထုတ်တဲ့ ယာဉ်တန်းကို ပစ်ခတ်တာတို့ ဒီနေရာမှာ AA အနေနဲ့ တိုက်ပွဲ မဖြစ်ဖြစ်အောင် ဖန်တီးနေတဲ့ သဘောဖြစ်တယ်။ ဒါကြောင့် တိုက်ပွဲဖြစ်ပွားတာ။ ခုနက ပြောတဲ့ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်လို့ ဆိုတာက မဖြစ်နိုင်ပါဘူး။ သူတို့ဆီက စွပ်စွဲချက်ပါ”

ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင်း ဂတ်စ်ပိုက်လိုင်းအနီးတွင် လက်နက်ကြီးကျည်များ ကျပေါက်ကွဲခဲ့သည်ဟူသည့် AA ၏ ထုတ်ပြန် ချက်နှင့် ပတ်သက်၍ မေးမြန်းရာ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က “အဲဒီ ဘက် ကိုတော့ မကြားမိဘူး။ လက်နက်ကြီး အသံကတော့ တနေ့ကတော့ ကျနော် ကြားလိုက်တယ်။ အဲဒီကို လက်နက်ကြီးတွေ ကျတယ် ဆိုတာမျိုးတော့ ကျနော် မကြားမိဘူးခင်ဗျ”ဟု ဆိုသည်။

AA သည် တရုတ်နိုင်ငံနှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့ထံမှ ငွေကြေးနှင့် လက်နက်ခဲယမ်း အကူအညီများ လျှို့ဝှက် အထောက်အပံ့ ရရှိနေပြီး တရုတ်၏ အကျိုးစီးပွားများကို ထိခိုက်အောင် မလုပ်ဟူ၍ နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်ပြောဆိုမှုများ ရှိသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် ဧရာဝတီမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်း မေးမြန်းထားသည့် အမေး အဖြေ ကဏ္ဍတွင် ရခိုင်ပြည်နယ်တွင်း တရုတ်အကျိုးစီးပွားများနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ညှိနှိုင်းမှု အခြေအနေကို မေးမြန်း ရာ တရုတ်ဘက်မှ ၎င်း၏ ဂတ်စ်ပိုက်လိုင်း ရှိသည့် နယ်မြေတကြောတွင် ထိခိုက်မှုများ မရှိစေရန် ပြောဆို ညှိနှိုင်းမှုများ ရှိသည်ဟု ဖြေဆိုထားသည်။

AA အနေဖြင့် ရခိုင်ပြည်နယ်တွင်း တရုတ်၏ ဂတ်စ်ပိုက်လိုင်း ရှိသည့် ဧရိယာတကြောတွင် ပစ်ခတ်မှုများ၊ တိုက် ပွဲများ မဖြစ်ရန်အတွက် အောက်ခြေတပ်များကို ညွှန်ကြားထားသည် ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာမှစတင်၍ ယနေ့ထိ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ပလက်ဝ မြို့ နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲ ဖြစ်သည်။

တပ်မတော်က အကြမ်းဖက် နှိမ်နင်းသည့် စစ်ဆင်ရေးဖြင့် တိုက်ခိုက်နေသည်ဟု ဆိုသော်လည်း တဖက်တွင် အစိုးရ၊ တပ် မတော်နှင့် AA တို့သည် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) စာချုပ် တစောင် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းသည့် လုပ်ငန်းစဉ်က လည်း ဆက်လက် ဆွေးနွေးရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။

You may also like these stories:

မင်းပြား တိုက်ပွဲအတွင်း တပ်မတော်သား တချို့ဖမ်းဆီးရမိ ဟု AA ထုတ်ပြန်

AA ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရဟုဆို

Loading