သတင်း

ဓာတ်ငွေ့ စီမံကိန်းအတွက် ဂျပန်ကုမ္ပဏီ ၃ ခု ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

သဘာဝ ဓာတ်ငွေ့ရည် (LNG) မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းအတွက် ဂျပန်ကုမ္ပဏီများဖြစ်သော Marubeni ၊ Sumitomo ကော်ပိုရေးရှင်းနှင့် Mitsui & Co တို့က အမေရိကန်ဒေါ်လာ ၂ ဘီလီယံ နီးပါး ရင်းနှီးမြှုပ်နှံသွား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ LNG to Power စီမံကိန်းကို ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ဂျပန် နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြား အစိုးရချင်း ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတခု ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၏ ဒု အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

၎င်းက “ဒီနေ့မှာ သူတို့နဲ့ Notice to proceed လက်မှတ် ရေးထိုးလိုက်တယ်။ ပြည်တွင်းကတော့ ဧဒင်ကုမ္ပဏီ အုပ်စုပါ မယ်” ဟု ဆိုသည်။

အဆိုပါ စီမံကိန်းသည် လျှပ်စစ် ဓာတ်အား ၁၂၅၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး လာမည့်၂၀၂၅ ခုနှစ် စတင် လည်ပတ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

လျှပ်စစ် ပညာရှင် ဦးအေးကျော်ကျော်က “သူတို့ရဲ့ နည်းပညာအရ အကြီးစားစက်ရုံပေါ့ (Combined cycle power plant) နဲ့ လုပ်မှာဆိုတော့ အခြား LNG to Power စီမံကိန်းတွေထက်စာရင် ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်မယ့် စီမံကိန်း တခုပါ” ဟု ဧရာဝတီသို့ ပြောသည်။

လျှပ်စစ်ဓာတ်အားသည် မြန်မာနိုင်ငံ၏ စီးပွားရေး အတွက် နံပါတ် ၁ အရေးကြီးဆုံး ဖြစ်နေသည့် အခြေခံ အဆောက်အအုံ တခုဖြစ်ခြင်းကြောင့် ယခုလို စီမံကိန်းများကို ကြိုဆိုရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနသည်၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တင်ဒါခေါ်ယူခဲ့သော LNG to Power စီမံကိန်းများ ဖြစ်သော ဧရာဝတီတိုင်း ကျွန်းချောင်းတွင်၂၀ မဂ္ဂါဝပ်၊ ရန်ကုန်မြို့ အလုံ ၁၂၀ မဂ္ဂါဝပ် ၊ LNG မှ လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရမည့် စီမံကိန်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ်၊ ရန်ကုန်မြို့ သန်လျင် ၃၅၀ မဂ္ဂါဝပ်နှင့် သာကေတ ၄၀၀ မဂ္ဂါဝပ် စီမံကိန်းများကို ၅ နှစ် စီမံကိန်းဖြင့် လုပ်ဆောင်ပြီး နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ကိုပြည့်မီအောင် ထုလ်လုပ်နိုင်ရန် လုပ်ဆောင်လျက် ရှိသည်။

ယခု ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမည့် LNG to Power စီမံကိန်းသည် အထက်ပါ စီမံကိန်းများ သက်တမ်း ကုန်မည့် အချိန်တွင် လိုအပ်လာမည့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်လုပ်ဆောင်လာခြင်း ဖြစ်နိုင်သည်။

ထို့ပြင်၂၀၂၀ နှစ်စပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းတွင်လည်း မီးလင်းချိုင့် LNG သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ စီမံကိန်းအတွက်လည်း တရုတ်ကုမ္ပဏီများ ဖြစ်သော Yunnan Provincial Energy Investment ကုမ္ပဏီ၊ Union Resource Engineering၊ Zhefu ကုမ္ပဏီနှင့် ပြည်တွင်းမှ Supreme Trading တို့ကို လက်မှတ် ရေးထိုးထားသည်။

ထို စီမံကိန်းသည်လည် အမေရိကန် ဒေါ်လာ နှစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၃၉၀ မဂ္ဂါဝမ် ထုတ်လုပ်သွားဖြစ်ကာ လာမည့်၂၀၂၃ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

LNG သင်္ဘော ရောက်လာခဲ့သော်လည်း

Loading