မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားသည့် မိချိုသဲမှာ အမှုရင်ဆိုင်နေရကြောင်း ကန့်ကွက်မှုရှိလာသည့်အတွက် ကိုယ်စားလှယ်လောင်း ထောက်ခံချက်ထုတ်ပေးခြင်း ယာယီဆိုင်းငံ့လိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောသည်။
ဒေါက်တာမျိုးညွန့်က “ကျနော်တို့ ဒီကိစ္စကို အမြန်ဆုံး စိစစ်ဆုံးဖြတ်မယ်။ သူ့အနေနဲ့ ချို့ယွင်းချက်ရှိလား၊ မရှိ လား၊ မရှိဘူးဆိုရင်တော့ကျနော်တို့က အသိအမှတ်ပြုမှာပါ။ ချို့ယွင်းချက်ရှိတယ်ဆိုရင်တော့ တစုံတရာ လဲလှယ် ဖို့၊ ဆက်စဉ်စားရမှာပါ။ ခုနေကတော့ ယာယီရပ်ဆိုင်းထားတာပဲရှိတယ်၊ အထောက်အထားတွေကို ကျနော်တို့ ကြည့်ဦးမယ်။ အထောက်အထားပေါ်မူတည်းပြီးတော့ လုပ်မှာပါ”ဟု ဧရာဝတီသို့ပြောသည်။
NLD အနေဖြင့် ကိုယ်စားလှယ်လောင်း လျှောက်လွှာဖောင်များတွင် အမှုဖြစ်၊ မဖြစ်ခြင်းအား ထည့်သွင်းခဲ့ခြင်းမရှိ သည့်အတွက် မြို့နယ်နှင့် ပြည်နယ်အဆင့်မှလည်း မှတ်ချက်အတွင်း ထည့်သွင်းခဲ့ခြင်းမရှိခဲ့ဘဲ ပါတီအနေဖြင့် ယင်းကိစ္စရပ်အပေါ် အချိန်မီစိစစ်နေကြောင်းလည်း သိရသည်။
ယင်းအပြင် လက်ရှိရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်လောင်းအချို့နှင့် ပတ်သက်၍လည်း ကန့်ကွက်မှုအချို့ရှိလာကြောင်းနှင့် ခိုင်လုံသည့်အထောက်အထားများနှင့် ကန့်ကွက်မှုများကိုသာ စဉ်းစားဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း ဒေါက်တာမျိုးညွန့်က ပြောသည်။
ဒေါက်တာမျိုးညွန့်က “ကန့်ကွက်စာတက်တာ လေးငါးစောင်လောက်ပဲရှိပါတယ်။ ခိုင်လုံတဲ့အထောက်အထားနဲ့ အချိန်မီကန့်ကွက်ရင်တော့ ကျနော်တို့ စဉ်းစားပါမယ်။ ခိုင်လုံမှုမရှိရင်တော့ စဉ်းစားမှာမဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်စားလှယ်လောင်းထောက်ခံစာတွေ ထုတ်ပေးနေပါတယ်၊ အဲ့ဒါတွေ ထုတ်ပေးပြီးလို့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေ တင်ပြီးပြီဆိုရင်တော့ ပြန်လည်ပြောင်းလဲဖို့ ခက်သွားပြီပေါ့လေ။ အဲ့ဒီအချိန်မတိုင်ခင်မှာ အချိန် မီရောက်လာရင်တော့ ထောက်ခံစာထုတ်ပေးတာကို ခေတ္တဆိုင်းထားပြီး စိစစ်မှာပါ။ အကြားကြီးတော့ ဆိုင်းလို့မ ရဘူး။ ကန့်ကွက်တာကို ဘယ်နှစ်ရက်အတွင်းဆိုတာမျိုး လုံးဝမရှိပါဘူး၊ အမြန်ဆုံးလို့ပါ ပြောတာပါ၊ အချိန်မမီရင် ဘာမှကျနော်တို့လုပ်နိုင်မှာမဟုတ်ပါဘူး”ဟု ရှင်းပြသည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး NLD ပါတီမှ အမျိုးသား လွှတ်တော်အတွက် ၁၆၂ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၃၁၉ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအ တွက် ၆၂၂ ဦးနှင့် တိုင်းရင်းသားလူမျိုးရေးရာအတွက် ၂၉ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦး အမည်စာရင်း ထုတ်ပြန်ထားပြီဖြစ်သည်။
You may also like these stories:
ဗမာလူမျိုး တယောက်အနေနဲ့ပဲ နိုင်ငံရေးကို လုပ်တယ်
အမေရိကန်နဲ့ တရုတ် အပြန်အလှန် ကောင်စစ်ဝန်ရုံးများ ပိတ်ခိုင်း